Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Saturday, 22 September 2012

ရေစုန်မြောတဲ့ မြစ်

Mansarovar  (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။

Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။

ရာဇဝင်ထဲလဲ ပါရဲ့။

နဒီဝင်ထဲလဲ ပါရဲ့။

တောင်ပေါ်က ဆင်းလာတဲ့ မြစ်

တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။

ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။


အေးတဲ့နေရာမှာ အေးတယ်။

ဖွေးတဲ့နေရာမှာ ဖွေးတယ်။

နွေးတဲ့နေရာမှာ နွေးတယ်။

စွေးတဲ့နေရာမှှာ စွေးတယ်။

ကမ်းပါးတစ်နေရာမှှာ…

ထိုင်တွေးမနေနဲ့

မှိုင်ငေးမနေနဲ့

ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။

Friday, 21 September 2012

အကြည့်

ဥဒ္ဓံ ဝါ အဓော ဝါ ဣတော စိတော ဝါ

ဥလ္လောကေတိ

သြလောကေတိ

ဝိပေက္ခတိ


အောက် ထက် ဟို ဒီ

မော့ကြည့်

ငုံ့ကြည့်

ငဲ့ကြည့်

Wednesday, 7 March 2012

သင်္ဃံ တရဏံ ဂစ္ဆာမိ




န သက္ကာ ကေနစိ ဧကံ နဒိံ ဒွိက္ခတ္တုံ သြတရိတုံ။
ယတ္ထ တိဝေဏိသင်္ဃော၊ သက္ကာ နူန တံ သြတရိတုံ ဧကက္ခဏေ။

မြစ်တစ်စင်းထဲကို နှစ်ကြိမ် ဆင်းလို့ မရဘူးတဲ့။
မြစ်နှစ်စင်း (သုံးစင်း) ထဲကိုတော့ တချိန်ထဲ တပြိုင်ထဲ ဆင်းကြည့်ဖြစ်တယ်။



ဂင်္ဂါ, ယမုနာနဲ့ ဒဏ္ဍာရီထဲက သရသွတီ မြစ်သုံးစင်းတို့ ဆုံဆည်းရာ Triveni Sangam

See video clip Sangam at Sunrise 

Friday, 8 July 2011

နံရံ၏ အခြားတစ်ဖက်


ဒေလီတက္ကသိုလ်ရဲ့ အလှအပတွေ ဘာတွေများ ရှိလဲလို့ တက္ကသိုလ်မြေတလျှောက် လှည့်ပတ်ကြည့်။ ထူးထူးခြားခြား ဘာမှ တွေ့ရမှာ မဟုတ်ဘူး။ သွေ့ခြောက်ခြောက် ပရဝုဏ်အတွင်းမှာ ခြောက်သွေ့သွေ့ ကျောင်းဆောင်တွေပဲ ရှိတာ။ အခြေခံအဆောက်အဦအနေအထားအရ ဆွဲဆောင်မှု တစ်ခုမှ မရှိ။ တကယ် ရုပ်ပျက်တာက တံတိုင်းနံရံတွေမှာ အပေါ့အပါးသွားထားတာ။ ပြီးတော့ အလွန့်အလွန် အနံ့ပြင်းတဲ့ အမှိုက်ပုံတွေ။ နံရံတွေနားမှာ ဟိုတစ်ပုံ ဒီတစ်ပုံ။ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ အခင်းအကျင်းလို့တော့ မဆိုနိုင်ဘူး။ တားမရဆီးမရ မွန်းကြပ်တဲ့ မြို့ပြရဲ့ ဘေးထွက်ရလာဒ်တွေလို့သာ မှတ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သိုလှောင်ထားတဲ့... မြိုသိပ်ထားတဲ့... ပေါက်ကွဲမှုတွေဟာ ဒေလီတက္ကသိုလ်ရဲ့ အုတ်တံတိုင်းနံရံတွေနားမှာ ပြန့်ကျဲနေလေရဲ့။

ဒေလီတက္ကသိုလ်တဝိုက် လှုပ်ရှားပြေးလွှားရင်း လွမ်းမောစရာ တက္ကသိုလ်နေ့ညများရဲ့ မပီဝိုးတဝါး ပုံရိပ်တွေထဲမှာ ရင်ကို လာမှန်စေတဲ့ ဒေလီတက္ကသိုလ်ရဲ့ စုတ်ချက်ကြမ်းကြမ်း ကိုယ်တိုင်ရေးပုံတူတွေကလဲ ပေကျံနေတဲ့ နံရံတွေပေါ်မှာပါပဲ။


တက္ကသိုလ်တံတိုင်းနံရံတွေရဲ့ သင့်တော်ရာ နေရာတွေမှာ ဒီလို သီးခြားနေရာလေးတွေ ရှိတယ်။ အပေအပွတွေကြားက အလှအပတစ်ရပ်လို့ မြင်မိတယ်။ Righting wall writingsလို့ Delhiသားများကိုယ်တိုင်က ပြောယူရလောက်အောင် နေရာတကာ ပိုစတာ ကပ်တတ်တဲ့ အလေ့အကျင့်တစ်ခုဟာ နေရာရနေတာ အံ့သြစရာ။
ဒီပုံရိပ်တွေကို ကြည့်ရင်း “သီလံ ပါကာရကံ တတ္ထ”ဆိုတဲ့ ပိဋကတ်စာပေထဲက ကဗျာ အပိုင်းအစလေးကို သတိရမိတယ်။ ဘာသာပြန်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ ပါဠိစာပေကို စိတ်ဝင်စားတဲ့သူများ ပုံနဲ့ စာနဲ့ သဟဇာတဖြစ်အောင် သင့်တော်သလို ခံစားနိုင်ပါတယ်။

Monday, 27 June 2011

အသောကခြေရာ (၄)

Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။
Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။ ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။ ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… "If India can ask back Kohinoor, why can't Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… "The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last 600 years."
ဒီလို ပြန်လိုချင်သူတွေနဲ့ ပတ်သက်ပြီး Mr. Cameron ပြန်ပြောတာ ရှိတယ်။ Kohinoor စိန်ကြီးနဲ့ ပတ်သက်တာပါ။ အိန္ဒိိယက ဒီစိန်ကြီးကို ပြန်တောင်းနေတော့ သူက ဒီလို ပြောတယ်… "If you say yes to one you suddenly find the British Museum would be empty," BBC သတင်းပါ။
ဒီလိုဆိုတော့…
တောင်းကား တောင်း၏…မရ။
ယူကား ယူ၏…မပေး။
ဒါကတော့ ဝေဒနာတွေပါ။ ခြေရာတွေကတော့ google mapပေါ်မှာ…
အသောကပဓာနကျောက်တိုင်စာ...
(၁)(၂)(၃)(၄)(၅)(၆)(၇/၁)(၇/၂)
ခြေရာအစအန...

Sunday, 30 January 2011

လှစ်ဟထားတဲ့ ဂင်္ဂါတံခါး



မနက်ခင်းက ဝေဝေဝါးဝါး။
လျှောက်ခဲ့တဲ့ လမ်းမှာ စမ်းတဝါးဝါး။
ရောက်ခဲ့တာက မြစ်ကမ်းနံပါး။

Wednesday, 19 January 2011

မာတာ ဂင်္ဂါ





ဟရ မေ မလံ !!!
အို..အမိဂင်္ဂါ
သားရဲ့ ညစ်နွမ်းမှုကို ဆောင်ယူလှည့်ပါ...။

Thursday, 30 December 2010

အသောကphrenia

တသွင်သွင် စီးဆင်းနေပေမယ့် နောက်နောက်ကျိကျိနဲ့ ယမုန်နာမြစ် ကမ်းနဘေးမှာ ဖြာကျနေတဲ့ Delhi မြို့ပြလရောင်က အမှောင်ညမှာ အသက်ရှူမ၀တ၀။

ရာဇဝင်ထဲက Delhiမြို့ရဲ့ နန်းတော်ကြီးတွေဟာ စန္ဒကူးနံ့ သင်းပျံ့နေခဲ့ပေမယ့် ရာစုသစ်Delhiမြို့ရဲ့ လမ်းဘေးတွေမှာ ရှိတတ်တဲ့ အမှိုက်ပုံတွေက ဇီ၀ဓာတ်ငွေ့တွေ တထောင်းထောင်း။ Old Delhiမှာ နန်းစိုက်တဲ့, Taj Mahalကို ဖန်တီးခဲ့သူ မဂိုဘုရင်Shah Jahan မျက်ရည်လည်သွားစေနိုင်တဲ့ Slumdog တွေရဲ့ တဲပုတ်တွေကလဲ Delhiမှာ ဟိုတစ်စု ဒီတစ်စု။ မြင်းလှည်း, နွားလှည်း, စက်ဘီး, ဆိုက်ကား, ဆိုင်ကယ်, နှစ်ဘီးတပ်, သုံးဘီးတပ်, လေးဘီးတပ် ယာဉ်အမျိုးမျိုး, မြေပေါ် မြေအောက်ရထားတွေနဲ့ Delhiမြို့ထဲမှာ စီးမြောနေကြတဲ့ ခြေဗလာနဲ့ရော ဖိနပ်ပါသူရော သန်းနှစ်ဆယ်နီးနီး လူတွေက Chalo Delhi (On to Delhi)လို့ ကြွေးကြော်ခဲ့တဲ့ Chandra Boseကို ချီးမြှောက်နေသယောင်ယောင်။ အကြမ်းဖက်ရက်စက်မှု ဒဏ်ချက်နဲ့ တိုက်ခိုက်ရိုက်ခတ်ခံရပေမယ့် အဟိံသခြုံလွှာကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လွှမ်းပတ်ထားတဲ့ ဂန္ဓီကြီးအတွက် ယမုန်နာမြစ်ကမ်းနဘေးက ထာ၀ရမီးတောက်ကတော့ စိမ့်စိမ့်အေးတဲ့ ဆောင်းချမ်းကို မွေ့မွေ့လေး အံတုနေဆဲ။
ဒီမြို့ထဲမှာ ဒီလူတွေ ဒီလို ဒီလိုနဲ့.....ရာစုသစ်ရဲ့ နောက်ဆယ်စုနှစ်သမိုင်းကို Tabletပေါ်မှာ ရေးသားဖို့ အပြင်းအထန် လုံးပမ်းနေပေမယ့် ရာစုဟောင်းများရဲ့ ဝေါဟာရရုပ်ကြွင်းတွေကိုတော့ မေ့မေ့လျော့လျော့နဲ့…..။

Friday, 16 October 2009

starbucks, singaporeနဲ့ schizophreniaည



ဘဝ ခါးခါး...
အတ္တ ထွားထွား...
ဒုက္ခ များများ...

Sunday, 4 October 2009

ကျောင်းတစ်ကျောင်း၏ အတ္ထုပ္ပတ္တိ



ဖွင့်ထားသော စာသင်ခန်းတံခါးများ...


စာမေးပွဲခန်းကို ပြူတင်းပေါက်မှ ငေးမော့အကြည့်…

စာသင်ခုံပေါ်က လွယ်အိတ်လေးတွေ…

ပဉ္စမတန်းကျောင်းသူတစ်ဦးရဲ့ မြန်မာစာအဖြေလွှာတစ်ရွက်…

ပွင့်ပန်းတို့ ပျော်နေကြပြီ...

Saturday, 12 September 2009

လမ်းကြောင်း



ဒွေဓာပထောတိ ဝိစိကိစ္ဆာယေတံ အဓိ၀စနံ။
ဝါမောမဂ္ဂေါတိ မိစ္ဆာမဂ္ဂဿေတံ အဓိ၀စနံ။
ဒက္ခိဏောမဂ္ဂေါတိ အရိယမဂ္ဂဿေတံ အဓိ၀စနံ။
တိဗ္ဗော ၀နသဏေ္ဍာတိ အဝိဇ္ဇာယေတံ အဓိ၀စနံ။
မဟန္တံ ပလ္လလန္တိ ကာမာနမေတံ အဓိ၀စနံ။
သောဗ္ဘော ပပါတောတိ ကောဓူပါယာသဿေတံ အဓိ၀စနံ။
သမော ဘူမိဘာဂေါ ရမဏီယောတိ နိဗ္ဗာနဿေတံ အဓိ၀စနံ။


သံသယလမ်းဆုံမှာ ငေးမနေနဲ့။
ဘယ်ဘက်က လမ်းမှား
ညာဘက်က လမ်းမှန်။
ဆက်လျှောက်...
အမိုက်အမဲတောအုပ်
အတွယ်အငြိညွန်အိုင်
အကြမ်းအရမ်းချောက်ကမ္ဘား
ဒါတွေ လွန်မြောက်ရင်...
ကြည်နူးအေးမြရာ...ငြိမ်သက်လွင်ပြင်...။

Saturday, 5 September 2009

ဤခရီးနီးသလား



“ဧဟိ, ဘော ပုရိသ, အယံ မဂ္ဂေါ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ ဒွေဓာပထံ, တတ္ထ ဝါမံ မုဉ္စိတွာ ဒက္ခိဏံ ဂဏှာဟိ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ တိဗ္ဗံ ၀နသဏ္ဍံ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ မဟန္တံ နိန္နံ ပလ္လလံ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ သောဗ္ဘံ ပပါတံ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ သမံ ဘူမိဘာဂံ ရမဏီယ”န္တိ။

ကိုယ့်လူ…
လာ…ဒီမှာ လမ်း။
နည်းနည်း ဆက်လျှောက်။
လမ်းဆုံရောက်မယ်။
ညာဘက်ကွေ့။
နည်းနည်း ဆက်လျှောက်။
တောထဲ ရောက်မယ်။
နည်းနည်း ဆက်လျှောက်။
နွံထဲရောက်မယ်။
နည်းနည်း ဆက်လျှောက်။
ချောက်ထဲ ရောက်မယ်။
နည်းနည်း ဆက်လျှောက်။
အဲဒီမှာ …. ငြိမ်းအေးချမ်းမြတဲ့ နေရာ…။




Wednesday, 5 August 2009

neon nightနဲ့ လမိုက်ည

န တတ္ထ စန္ဒိမာ ဘာတိ၊ တမော တတ္ထ န ဝိဇ္ဇတိ။
လမသာတဲ့ ဒီ???မှာ အမိုက်မှောင် မရှိ။

Wednesday, 15 July 2009

Starbucksနဲ့ So-called Singaporeans

ဘဝခါးခါး,
အတ္တခါးခါး,
စိတ်ကူးခါးခါး,
အတွေ့ခါးခါးတွေ နေ့စဉ် သောက်သုံးနေရပေမယ့်
ကော်ဖီခါးခါးကိုတော့ ကြုံမှပဲ သောက်ဖြစ်တယ်…။
Starbucksနဲ့ So-called Singaporeanတွေကတော့
အမှန်တကယ် သုံးစွဲသူတွေကို သက်သေပြုလို့…။

Thursday, 9 July 2009

ယဉ်ယဉ်လေးနဲ့ ယာဟူး

ဂါလီဗာ ကြုံတွေ့ခဲ့ရတဲ့ ယာဟူးတွေရဲ့ အနေအထားဟာ ရာစုသစ်မှာ အသွင်ပြောင်းနေပြီ။

ခြင်္သေ့ကျွန်းကို အလည်ရောက်ခိုက် ဆုံမိတဲ့ ယာဟူးပါ...။
ဘယ်နားမှာလဲတော့ မမှတ်မိဘူး။
ဒီယာဟူးက ရန်မလုပ်ပါဘူး။
ရိုင်းလဲ မရိုင်းဘူး။
ယဉ်ယဉ်လေးပဲ...။

Tuesday, 30 June 2009

Culvertလမ်းမှာ စမ်းတဝါးဝါး

ရွာက သတိတရဖြစ်စရာ နေရာတစ်ခုကို ပြောရရင် Culvert Street ပါ။ အခုတော့ မြန်မာ့ဂုဏ်ရည်လမ်း။

ပန်းဆိုးတန်းလမ်းနဲ့ သိမ်ဖြူလမ်းကြား မြန်မြန်လျှောက်ရင် ၅မိနစ်စာလောက်ပဲရှိတဲ့ အဲဒီ့လမ်းလေးကို အာရုံထဲကနေ ဘယ်လိုမှ ဖျောက်လို့ မရဘူး။ ပိုပြီး အမှတ်တရဖြစ်ဖို့ကောင်းတာက မြောင်းကြီးတွေ။
ကန်တော်ကြီးဘက်ကနေ စပြီး ကန်တော်လေး, ဖို့မြေ, ဘင်္ဂါလီစု, ရေကျော်ကိုဖြတ်ပြီး ပုဇွန်တောင် ချောင်းထဲကို စီးဝင်သွားတာ။ အဲဒီမြောင်းတွေ ကန်တော်လေးကို အဖြတ် မိုးအကြီးအကျယ် ရွာတဲ့အခါ ကန်တော်လေးသားတိုင်း ကြုံရတဲ့ အဖြစ်က မြန်မာဂုဏ်ရည်လမ်းတလျှောက် ရေလျှံတာပါ။ များလား နည်းလားတော့ မသိဘူး။ လမ်းလယ်ခေါင်မှာ ဆိုက်ကား မြုတ်ရုံလောက်ပါပဲ။ Hollywoodက Walk of Fameလိုတော့ သမိုင်းမတွင်ပေမယ့် ဒီလမ်းပေါ်မှာ လျှောက်ခဲ့တဲ့သူတွေအတွက်ကတော့ Walk of Floodပါ။ ငယ်ငယ်တုန်းကတော့ ရေလျှံရင် သိပ်ပျော်။ ကြီးလာတော့ စိတ်ပျက်စရာ။ ဘာပဲ ဖြစ်ဖြစ် လွမ်းတော့ လွမ်းစရာ။
ဒီလမ်းပေါ်က မြောင်းကြီးတွေရဲ့ ဘောင်တွေအပေါ် အဖော်သဟာများနဲ့ တပျော်တပါး ထိုင်ပြီး အုတ်ခုံထိုင်လူတန်းစားတစ်ရပ်ကို ထူထောင်ရင်း မိုးသည်းနေ့တွေ, ဆောင်းချမ်းနေ့တွေ, နွေပြင်းနေ့တွေ...ဒီလိုနေ့တွေကို ပုံဖော်ရင်း ဒီလမ်းပေါ်မှာ ခြေရာတွေ အကွက်ရိုက်ခဲ့ကြတယ်။ ကြာလာတော့လဲ လျှောက်ရင်း သွားရင်းနဲ့ ခြေရာပျောက်တဲ့သူပျောက်လို့ ဤခရီး နီးသလား ဖြစ်ခဲ့ကြလေပြီ...။

ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။



အိပ်မပျော်သူအတွက် ညတာ ရှည်၏ ။
မောပန်းသူအတွက် ခရီးလမ်း ရှည်၏ ။



*** အိပ်မပျော် မောပန်းနေတဲ့ ကန်တော်လေးက ကောင်လေးတွေအတွက် အမှတ်တရ။

Sunday, 21 June 2009

မြက်ခင်းစိမ်းနဲ့...

အခုတလော မြက်တွေ ဓာတ်ကျနေတယ်။ လူမို့လို့ပေါ့ဗျာ။ နွားဆိုရင်တော့ ဓာတ်စာပဲဗျ။

မနှစ်က ခြင်္သေ့ကျွန်းရောက်ခိုက် တွေ့ရကြုံရတဲ့ mouth-wateringတွေထဲက အကြိုက်ဆုံး အခင်းအကျင်းလေးတစ်ခု။ မြက်ငတ်တုန်း မြက်ခင်းထဲကျတာပါပဲ။ ကန်ရေသောက် မြက်ခြောက်စားနေရတဲ့ မနုဂ္ဂေါဏ-လူ့ငနွားအနေနဲ့ Chilled Cokeသောက်ပြီး Green Grassစားရတော့ စားမြုံပြန်လို့ ကောင်းမှကောင်းပေါ့။ အဲဒီအချိန် သတိရမိတာက သီချင်းတစ်ပုဒ်...ကိုတိုးကြီးရဲ့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး

Saturday, 13 June 2009

၃ဝမှ ၄၀သို့


ရွာကနေ ဒီကို ပြန်ရောက်လာတော့ ပူလိုက်တာဗျာ။ ၄၀ ဒီဂရီ ကျော်ဆိုတော့ ၃၀မကျော်တဲ့ နေရာမှာ ၁လလောက်နေလာတဲ့သူ အငွေ့ပျံသွားမယ့် အနေအထားပဲ။ အညာအငွေ့အသက်နဲ့ အတော်ကြီး ရင်းရင်းနှီးနှီးနေလာတာ ၁ဝနှစ် နီးပါး ရှိနေပြီ။ မိုးရေထဲ ၁လလောက် ပြန်ရောက်သွားတဲ့အချိန်မှာ စိမ်းစိမ်းစိုစိုလေးကို မြင်ရပေမယ့် ခြောက်ခြောက်သွေ့သွေ့ကိုပဲ လွမ်းမိနေတယ်။ အခု ပြန်ရောက်ပါပြီ။ ပူလောင်ခြောက်သွေ့။ ဒီမှာ လိုအပ်တာက တစ်ခုထဲ။ မျက်မှန်စိမ်းတလက်ပါ။

Saturday, 23 May 2009

ရွှေတိဂုံကိုမြင်လျှင်

တောက်လို့သာ ကဲတော့တယ်
ပေါက်ဆဲ သူရိန်လို
ဘူမိန္ဒါမြေရိုက်တွင်မှ
ရွှေသိုက်စောင်ပေါ်ထွန်းလို့
မော်ကွန်းအောင်လံထူးပါဘိ
တောင်ညွှန့်ရင်...

ဆိုပြီး စာအုပ်တစ်အုပ် (ရွှေတိဂုံစေတီတော်သမိုင်းလို့ထင်တယ်)ထဲက ရခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးကို မှီးပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်စီထားတာလေး ရှိတယ်။ ဒီလို...
တင့်လို့သာထွန်းတော့တယ်
ပြည့်ဝန်း စန္ဒာလို
သန္တာပြာတိမ်ဖျားတွင်မှ
ငွေသားရောင်ပေါ်လင်းလို့
မှန်ကင်းအောင်လံထူးပါဘိ
စိန်ဖူးရှင်...
ရေးခဲ့တာ ကြာလှနေပြီ။ အခု ရွာခဏပြန်ရောက်တုန်း Sakura Towerပေါ်ကနေ ဖူးမြင်ရတဲ့အခါ ပြန်ပြီး သတိရမိတယ်။
အော်...ဝေးဝေးကသာ လွမ်းရပါတော့သည်...။