Showing posts with label ပြပွဲ. Show all posts
Showing posts with label ပြပွဲ. Show all posts

Thursday, 4 September 2008

အက္ခရာများရဲ့ အခင်းအကျင်း

စာမဖတ်
ငတ်လဲငတ်
မှောင်လဲမှောင်…

ဒီကဗျာအပိုင်းအစလေး စိတ်ထဲမှာ စွဲနေတယ်။ ငတ်နေတဲ့အခါမျိုး မှောင်နေတဲ့အခါမျိုးတွေမှာ စာဖတ်ဖို့ သတိမရ။ မဖတ်တောလဲ့ ငတ်လို့ပြတ်လို့ မှောင်လို့မိုက်လို့။ အခုအချိန် မငတ်ခင် မမှောင်ခင်လေး စာဖတ်နိုင်ဖို့ စာအုပ်ဈေးပွဲတော်မှာ ဖတ်စရာစာအုပ် သွားရှာဖြစ်ခဲ့တယ်။

man_in_book

ဒေလီမှာ နေတဲ့နှစ်တွေမှာ ၃ကြိမ် book fair နဲ့ ကြုံတယ်။ တစ်နှစ်တစ်ကြိမ်။ ဒီနှစ်တော့ မေ့နေတာ။ သူငယ်ချင်းတစ်ယောက်က ပြောမှပဲ သတိတရ သွားဖြစ်တယ်။ ရာသီဥတုကလဲ ပူစပ်ပူလောင်နဲ့ သွားရမှာ ခပ်ပျင်းပျင်း။ မြန်မာပြည်မှာဆိုရင် တော်သလင်းလအပူက ခပ်ပြင်းပြင်းပဲ။ အရင်နှစ်တွေကဆို ဒေလီက အပူချိန် ၄၅ဒီဂရီလောက် ရှိတာ။ ဒီနှစ်တော့ ၃၅ဝန်းကျင်ပဲ ရှိတယ်။ တစ်နှစ်တစ်ခေါက်ဆိုတော့လဲ သွားသင့်တယ်လို့ တွေးပြီး အေးအေးဆေးဆေး Metroစီးပြီး သွားလိုက်တယ်။ အရင်နှစ်က book fairလုပ်တဲ့နေရာအထိ Metro မရောက်သေးဘူး။ ဒီနှစ်တော့ အတော်အဆင်ပြေတယ်။ ကျောင်းကနေ ၁၁ဘူတာ မြေအောက်က စီး။ ၄ဘူတာ မြေပေါ်ကစီးပြီး ၁၀မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ Pragati Maidanဆိုတဲ့ နေရာကို ရောက်ရော။ ဒီနေရာက ဒေလီမှာ ကုန်စည်ပြပွဲလို ပြပွဲမျိုးတွေ လုပ်တဲ့နေရာ။ ဝင်းကြီးထဲမှာ အဆောက်အဦတွေ အများကြီး။ ဒီနှစ် book fairက ၁၄ကြိမ်မြောက်။ အဆောက်အဦ ၅ခုမှာ ခင်းကျင်းပြသထားတယ်။ ဝင်ကြေးက ရူးပီး ၁၀။ ရေသန့်တစ်ဘူးစာပါပဲ။


book_01

book_02

စာအုပ်တွေကတော့ အစုံပဲ။ အရွယ်စုံအတွက် အမျိုးစုံပဲ။ အရောင်အသွေးကလဲ စုံပါ့။ စာဂျပိုးတွေအတွက်တော့ တကယ့်ပွဲတော်ကြီးပေါ့။ စာအုပ်စာပေ လူ့မိတ်ဆွေတဲ့။ ရန်သူလို့တော့ မထင်ပါဘူး။ လိုချင်တဲ့ စာအုပ်တွေက ဈေးကြီးနေတော့ စာအုပ်ကို ရန်လုပ်ချင်နေတယ်။

book_for_baby_01

သူတို့လေးတွေလဲ ပါတယ်။ ငယ်ငယ်လေးကထဲက အငွေ့အသက်တွေ ရနေတော့ နောင်တစ်ချိန် စာတွေ ကဗျာတွေ ရေးလို့ စာပေနိုဗယ်ဆုတွေ ဘာတွေ မရဘူးမပြောနိုင်ဘူးလေ။ သူတိုရဲ့ အဘိုးနံမည်ကိုက တဂိုးတဲ့။ ဒီကလေးတွေ ဂီတဉ္ဇလီတောင် အလွတ်များ ရနေကြပြီလားမသိ။

baby_in_book_01

ဒီနှစ်တော့ စာအုပ်တစ်အုပ်မှ မဝယ်ဖြစ်ဘူး။ ငတ်ပြတ်နေလို့ စာအုပ်တွေပဲ ငေးပြီး ပြန်လာခဲ့တယ်။