Showing posts with label ဂါထာ. Show all posts
Showing posts with label ဂါထာ. Show all posts

Wednesday, 26 October 2011

Neoနမက္ကာရ - ၂


“နမော တဿ” ဘုရားရှိခိုးကို တစ်ထောင်ပြည့်အောင် အနက်ပေး ဘာသာပြန်ထားတဲ့ စာအုပ်လေးကို သတိရမိတယ်။ စာအုပ်နာမည်တော့ အတိအကျ မမှတ်မိတော့ဘူး။ “နမော တဿ အနက်တစ်ထောင်”လို့ ထင်တာပဲ။ အံ့သြဖွယ်ရာပါပဲ။ ပါဌ်တစ်ချက် အနက်ဆယ်ထွေဆိုတဲ့ စကားလဲ ရှိနေတာတော့ ဟုတ်ပါတယ်။ ကိုယ့်အနေအထားနဲ့ တွေးကြည့်တော့ အတော့်ကို ခက်ခဲနေတာကို တွေ့ရတယ်။ ပါဠိဝေါဟာရတစ်ခုကို မြင်တဲ့အခါ အနက်ကို အခြေခံအားဖြင့် နားလည်မိပေမယ့် ဘာသာပြန်ဖို့ကို အတော်လေး လက်တွန့်နေမိတယ်။ ဘာသာပြန်လိုက်တိုင်း မူရင်းပါဠိရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို လျော့ချလိုက်သလို ဖြစ်ဖြစ်သွားတတ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်လို့ပဲ ဆိုရမှာပါ။ မြန်မာဝေါဟာရပိုင်းမှာ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတဲ့ အနေအထားပါပဲ။ အခုလည်း ကိုယ်တိုင်ရေးထားတဲ့ ဂါထာတစ်ပုဒ်ကို ဘာသာပြန်ဖို့ မဝံ့မရဲဖြစ်နေတယ်။ ဂါထာက ဒီလိုပါ…
ဝန္ဒေ ဝိဘဇ္ဇဝါဒိံ၊ သမန္တပဋ္ဌာနဒေသကံ ဗုဒ္ဓံ။
သုဝိစိတ္တပစ္စယနယာ၊ စတုဝီသတိ အစ္ဆရိယဓမ္မာ။

ဒီဂါထာလေးကို စပြီး ရေးဖြစ်တာ ကြာပါပြီ။ ပဋ္ဌာန်းကို စပြီး လေ့လာတဲ့ အချိန်ပိုင်းမှာပါ။ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ။ ပထမဆုံးဗားရှင်းက ဒီလို မဟုတ်ပါဘူး။ နောက်မှ တဖြည်းဖြည်း မွမ်းမံရင်းနဲ့ ခုဂါထာလေး ဖြစ်လာတာ။ စရေးပြီးတဲ့ အချိန်ကနေ ခုထိ အမြဲရွတ်ဖတ်ပူဇော်ဖို့ အခွင့်ကြုံတယ်။ ပဋ္ဌာန်းပစ္စယုဒ္ဒေသဖြစ်ဖြစ် နိဒ္ဒေသဖြစ်ဖြစ် ပူဇော်အပြီး  အသိမ်းဂါထာအနေနဲ့ပါ။
ဂါထာ အမျိုးအစားက ပထျာအရိယာဂါထာမျိုးပါ။ အင်မတန် လှပတဲ့ ရေးဟန်နဲ့ သီဖွဲ့ထားတဲ့ ဂါထာမျိုး။ ဒီဂါထာကို ရေးဖွဲ့တဲ့အခါ နမူနာအဖြစ် နည်းယူရတဲ့ ဂါထာက “ဂရုဏာသီတလဟဒယံ” အစချီတဲ့ ဂါထာပါ။ ဒီဂါထာကိုတော့ ငယ်ငယ်လေးကထဲက ကြားဖူးနေတာ။ အဖိုးဖြစ်သူက မနက်စောစော သီတဂူဆရာတော်ကြီးရဲ့ တရားခွေတွေ ဖွင့်နားထောင်တဲ့အခါ ဒီဂါထာကို အိပ်ရာမထသေးခင်မှာပဲ အိပ်ရေးမဝတဝနဲ့ ကြားနေရတာ။ ဒါပေမယ့် ဒီဂါထာလေးက ကိုယ်တိုင်ကိုယ်ကျ ပါဠိဂါထာရေးတဲ့အခါ အကြီးအကျယ် အထောက်အကူပြုလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
သမန္တပဋ္ဌာန၊ စတုဝီသတိ၊ ပစ္စယနယ ဆိုတဲ့ ဝေါဟာရတွေက ပိဋကတ်စာပေမှာ ပဋ္ဌာန်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ သုဝိစိတ္တ၊ အစ္ဆရိယဓမ္မဆိုတာတွေကတော့ ပဋ္ဌာန်းတရားတော်ကို အထူးပြုထားတဲ့ ဝေါဟာရတွေအနေနဲ့ အသုံးပြုထားတာပါ။ ဝိဘဇ္ဇဝါဒီကလဲ ပဋ္ဌာန်းဒေသနာကို ဟောကြားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓကို အထူးပြုတဲ့ ဂုဏ်တော်တစ်ခုအနေနဲ့ မှတ်ယူထားပါတယ်။ ဒေသကဆိုတာကလဲ ဗုဒ္ဓကိုပဲ ရည်ညွှန်းပါတယ်။ ဝန္ဒေ ဆိုတာကတော့ ဘုရားရှိခိုးတိုင်း ပါလေ့ရှိတဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီဝေါဟာရ တစ်ခုစီရဲ့ အခြေခံအနက်အဓိပ္ပါယ်တွေက ဒီလိုပါ။
စတုဝီသတိ−၂၄
သုဝိစိတ္တ−အဆန်းတကြယ်
ပစ္စယနယ−ကျေးဇူးပြုသောနည်း
အစ္ဆရိယဓမ္မ−အံ့သြဖွယ် သဘောတရား
ဝိဘဇ္ဇဝါဒီ−ခွဲခြမ်းဝေဘန်၍ ဟောပြောတော်မူလေ့ရှိသော (သူ)
သမန္တပဋ္ဌာနဒေသက−သမန္တပဋ္ဌာန်းကို ဟောကြားတော်မူသော (သူ)
ဗုဒ္ဓ−မြတ်ဗုဒ္ဓ
ဝန္ဒေ− ရှိခိုးပါ၏။
ဘုရားရှိခိုး အမျိုးမျိုးလို့ ပြောကြတယ်။ ကိုယ့်ရင်ထဲမှာ ကိုယ့်အတိုင်းအတာနဲ့ ကိုယ့်စိတ်တိုင်းကျ ခံစားမိသမျှ ဝေါဟာရအဖြစ်နဲ့ ဖန်တီးပူဇော်ရတာ တကယ့်ကို ကြည်နူးစရာ ကောင်းတယ်လို့ ထင်မိတာပါပဲ။ တစ်ခုပဲ ပြောစရာရှိတယ်။ တခမ်းတနား မရေးဖွဲ့တတ်တာပဲ။ ဒီတော့ ဘယ်လိုပဲ neo ဖြစ်ဖြစ် “ဝန္ဒာမိ− ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏” ဆိုတဲ့ “ရတနာ့ဂုဏ်ရည်” စာအုပ်ထဲက ဖွဲ့သီမှုမျိုးကတော့ နမက္ကာရအနက်ပေးတဲ့ နေရာမှာ စံတစ်ခုအနေနဲ့ ရှိနေမှာပါ။
အစအန...
Neoနမက္ကာရ - ၁

Thursday, 29 September 2011

အလင်း, အမှောင်နှင့် သူ...

ဒိဝါ တပတိ သင်္ကပ္ပေါ၊ ရတ္တိမာဘာတိ သုပိနော။
မဓုရော ဝေါဟာရော တပတိ၊ သူရော တပတိ ဟဒယော။
အတွေး နေ့ခင်း
အိပ်မက် ညခင်း
စကား ချိုချို
နှလုံး ရဲရဲ
*** ဇာတ်ဆရာ အတွက် မွေးနေ့လက်ဆောင်

Tuesday, 18 January 2011

ဒဿနကို ထရံပေါက်မှ ချောင်းကြည့်ခြင်း



ပဿတိ ပဿော ပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပ္ပဿန္တော အပ္ပဿန္တံ၊ ပဿန္တဉ္စ နပဿတိ။

" မြင်တဲ့သူဟာ မြင်တဲ့လူကိုရော၊ မမြင်တဲ့လူကိုရော မြင်တယ်။
မမြင်တဲ့လူဟာ မမြင်တဲ့လူကိုရော မြင်တဲ့လူ ကိုပါ မမြင်ဘူး "

သိမှ သိ/မသိ ကို သိသည်၊
မသိက သိ/မသိ ကို မသိ။
မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်
တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။
မသိက တစ်ပတ်ပတ်၊ သိ မှ အပြီးသတ်သည်။
မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။
ဒီပဲယင်းဆရာတော်

"The End of the Long Peregrination."
He who knows not, that he knows not and knows;
He who knows not, knows not that he knows not and knows;
He who knows not, is attached and who knows, is detached;
He who is attached, runs the risk of danger;
He who knows detached, enjoys the bliss of peace;
He who knows not turns around a round;
He who knows, turns no other round;
For who knows not, it is the beginning.
For who knows, it is the end and passing over of all things.
Translated by Mya Than Tint

ဒါတွေကို ဒီက တွေ့တာ။
ဒီမှာလဲ ဒီလို တွေ့သေးတယ်…။

Knows and Knows Not (variations)

He who knows not and knows not that he knows not is a fool; avoid him.
He who knows not and knows that he knows not is a student; teach him.
He who knows and knows not that he knows is asleep; wake him.
He who knows and knows that he knows is a wise man; follow him.
Attributions: Persian apothegm, Sanskrit Saying

He who knows not, and knows not that he knows not, is a fool. Shun him.
He who knows not, and knows that he knows not is simple. Teach him.
He who knows, and knows not that he knows, is asleep. Wake him.
He who knows, and knows that he knows is wise. Follow him.
Sir Richard Burton, Anonymous Arabic Proverb,

He who knows not, and knows not that he knows not, is a fool...shun him.
He who knows not, and knows that he knows not, is willing...teach him.
He who knows, and knows not that he knows, is asleep...awaken him.
He who knows, and knows that he knows, is wise...follow him.
Chinese Probverb

ဒီထက် သိတဲ့မြင်တဲ့သူရှိရင်လဲ လမ်းညွှန်ပါအုံးဗျာ။

Wednesday, 24 November 2010

အတ္ထိ (သို့) ရာစုသစ်reunion




ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊
သြက္ကန္တနိဒ္ဒေါ.မှိ တမေဝ သုတွာ။
မာတာ ပဝတ္တေသိ သုဂီတသဒ္ဒံ၊
ပုတ္တဿ အန္တောဟဒယေ ဝသိတွာ၊
သွေးစက်လေးတွေ
တေးသီဆိုသံကို
နာခံရပါမှ
အိပ်မက်လှလှ မက်နိုင်တဲ့
ငါ့ရဲ့
နှလုံးသားထဲမှာ
ခိုနားရင်း
သားချော့တေးကဗျာ ဖွဲ့နေတဲ့
အမေ...။
image:
"Mother and Child"
Kushana, 2nd century A.D.
Mathura, Uttar Pradesh
(National Museum, New Delhi, India)

Monday, 21 June 2010

တဖက်သတ်



အဖြူ --- ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော။

အနက် --- ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။

ဒီဂါထာ အပိုင်းအစလေးက ဒီမှာ တင်ပြီးသား။ ရေးခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေပြီ။ အခုထိ ဂါထာတစ်ပုဒ်ဖြစ်အောင် ဆက်မရေးဖြစ်တော့ဘူး။ ဒီလောက်နဲ့ပဲ လိုချင်တဲ့ အနေအထားတစ်ခုကို ရောက်ပြီလို့ တွေးမိတယ်။

ဧရာ၀တီမြစ်ကမ်းနဘေးက နှမ်းဖတ်ချဉ်ပေါတဲ့ အညာမြို့လေးမှာ နေခဲ့တုန်းက ရေးဖြစ်ခဲ့တာ။ ရေးပြီး သရုပ်ဖော်ပုံလေးနဲ့ သူငယ်ချင်းတွေနဲ့အတူ စီစဉ်တဲ့ နံရံကပ်စာစောင်ပြပွဲမှာ ပြခဲ့တာ ဘောခရေဇီတွေက ပါဠိunited clubထောင်ဖို့ လိုလိုလားလား အဆိုပြုကြတယ်။ အဲဒီတုန်းက လူငယ်ခြေတက်လေး။ အခုတော့ မကစားတော့ပဲ blogပေါ်မှာ commentatorလုပ်စားနေတယ် :D

၁ပါဒမှာ ဒီလို “ဂရု-ဂရု-လဟု-ဂရု-ဂရု-လဟု-လဟု-ဂရု-လဟု-ဂရု-ဂရု” အက္ခရာ ၁၁လုံးပါတဲ့ “ဣန္ဒ၀ဇီရ” ပါဠိဂါထာ (ဒီဂါထာမျိုးနဲ့ ပတ်သက်ပြီး ဒီမှာ ရေးခဲ့ဘူးတယ်) ၂ပါဒကို First Eleven ၂သင်းပုံစံနဲ့ ကစားကွက်ဖော်ထားတာ။ ရလာဒ်ကတော့ ရှင်းပါတယ်။ ဘဝဟာ သတ်ကွင်း...။

Tuesday, 9 March 2010

တွင်းနက်



လောကေ ဇိဃစ္ဆာပရမာ၀ ရောဂါ၊
ကိစ္ဆေနေ ဘိက္ခါပိ ဂဝေသိတဗ္ဗာ။
အဿာသကော.ဟံ န စ ပါဏဘူတော၊
ပစ္ဆာ ဘဝိဿာမိ နု ပီတိဘက္ခေါ။

ငတ်မွတ်မှုဟာ တကယ့် ရောဂါ
အစာရေစာလဲ ရှားပါ
အသက်ရှင်ရက်နဲ့ အသက်ရှုမ၀
ပီတိကိုမှ စားရပါ့မလား...။

ဒီမှာ တင်ခဲ့တဲ့ ဂါထာလေးကို နည်းနည်းလေး ပြင်လိုက်ပြီး ဆရာသမားရဲ့ မွေးနေ့ အမှတ်တရ စာအုပ်မှာ ပြန်ထည့်ဖြစ်တယ်။

Wednesday, 18 November 2009

ခေတ်သစ် Yahooနဲ့ Houyhnhnm


ဟိရိနိသေဓော ပုရိသော၊
ကောစိ လောကသ္မိံ ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊
အဿော ဘဒြော ကသာမိ၀။
ကြိမ်စာမမိအောင် ရှောင်တတ်တဲ့ မြင်းကောင်း,
ရှက်ကြောက်မှုနဲ့ မဖွယ်မရာမလုပ်တဲ့ ယောင်္ကျားကောင်း,
နိုးကြားမှုနဲ့ လန်းဆန်းတက်ကြွနေတဲ့ ယောင်္ကျားကောင်း,
ဒါမျိုးတွေ လောကကြီးမှာ ရှိတော့ရှိတယ်,
ရှားတယ်…။

Wednesday, 22 July 2009

သာသာယာယာ


နိသာကရော ဒိပ္ပတိ အန္တလိက္ခေ၊
ဒိဝါကရသ္မိံ သုဂတေ မနာပေ။
ဘဝေယျ အညဿုပကာရော ယော၊
နိရောဓတော ဟောတိ ဥဒါဟု နော သော။
နေတက်ချိန်မှာ
လသာလို့...။
ချုပ်ငြိမ်းခြင်းရော ပွင့်လင်းခြင်းပါ
အပြန်အလှန် ကျေးဇူးပြုနေလေရဲ့...။

Tuesday, 14 October 2008

သမုဒယ, လပြည့်ညနှင့် အတ္တအဘိဓမ္မာ

တချိန်တုန်းက…။
ဖြူစင်တဲ့ ဘဝပန်းချီကားတစ်ချပ်။
အခုတော့ အရောင်တွေ စွန်းလို့။
အရာရာ ပြောင်းလဲ့ခဲ့ပြီကော…။

မနာပတာရာပရိဝါရိတော သော၊
နိသာကရော ဒိပ္ပတိ အန္ဓကာရေ။
သိနေဟဇုဏှာယ.ထ စုမ္ဗိတာနံ၊
အဝဿုတာနံ ဟဒယော သုဖုလ္လော။

လပြည့်ဝန်း
ကြယ်စင်တွေ ဝန်းလို့ ရံလို့
အမှောင်ထဲမှာ လင်းလို့ လက်လို့
အချစ်လရောင်ခြည်က နမ်းလို့ ရှိုက်လို့
တမ်းတမ်းစွဲနေသူတို့ နှလုံးသားကြာပွင့် လန်းလို့ စွင့်လို့…။

Thursday, 21 August 2008

ခြေရာလဲပျောက် ရေလဲနောက်

ဥမ္မုဇ္ဇန္တော နိမုဇ္ဇန္တော၊
သော လောကဓမ္မသာဂရေ။
ပ္လဝန္တော ဂတော ခေဒံ၊
ကထံ ပါရံ ဂမိဿတိ။



လောကဓံပင်လယ်ထဲ
မြုတ်လိုက် ပေါ်လိုက် မြောလိုက်
ပင်ပမ်းလို့ နွမ်းနယ်လို့
ကမ်းမမြင် လမ်းမမြင်ပြီကော…။

Thursday, 14 August 2008

အလင်္ကာငှက်သို့ အလွမ်းတေး

သစ္စာယတနနီဠမှိ၊
သစ္စပက္ခီ နိလီယတု။
သစ္စာဓိပတိနိဒ္ဒိဋ္ဌံ၊
သစ္စဂီတံ နိကူဇတု။




သစ္စာသိုက်မြုံထဲမှာ
သစ္စာငှက်ငယ် ကွန်းခိုပါတော့…။
သစ္စာသခင် ဖွဲ့သီခဲ့တဲ့
သစ္စာတေးကို သီကျူးပါတော့…။

Wednesday, 13 August 2008

တွင်းနက်


လောကေ ဇိဃစ္ဆာ ပရမာဝ ရောဂါ၊
ကိစ္ဆေန ဘိက္ခါပိ ဂဝေသိတဗ္ဗာ။
အဿာသကာ နေဝ မယံ အဟုမှာ၊
ပစ္ဆာ ဘဝိဿာမ နု ပီတိဘက္ခါ။

ငတ်မွတ်မှုဟာ တကယ့် ရောဂါ၊
အစာရေစာလဲ ရှားပါး။
အသက်ရှူလဲ အရမ်းကြပ်။
ပီတိကိုမှ စားရပါ့မလား…။

Tuesday, 12 August 2008

သြဝါဒအက္ခရာ

ဗြဟ္မဏီအက္ခရာနဲ့ ပါဠိဂါထာလေး ပထမဆုံးအကြိမ် ရေးဖြစ်တယ်။ ဂါထာကတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမပါ။ အသွင်သဏ္ဍာန်အနေနဲ့ ချောမွေ့ပြေပြစ်ပြီး အနှစ်သာရအနေနဲ့ သိမ်မွေ့နက်နဲတဲ့ ဒီဂါထာကို မြတ်ဗုဒ္ဓပုံတော်နဲ့အတူ ဖော်ကျူးခွင့်ရလိုက်တာ မင်္ဂလာပါပဲဗျာ။ ပါဠိဂါထာက ဒီလိုပါ…

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿူပသမ္ပဒါ။
သစိတ္တပရိယောဒါပနံ။
ဧတံ ဗုဒ္ဓါန သာသနံ။



ပုံတော်မှာ ဂုဏ်တော် ဖော်ကျူးဖို့ အားပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျေးဇူးတင်ရမှာပဲ။

Thursday, 19 June 2008

တိသဋ္ဌိမ

ပုတ္တော စ ရဟဒသဒိသော၊
အတိသီတလပုဏ္ဏစန္ဒိမာ မာတာ။
ဖုသတိ ပဘာ ရဟဒတလေ၊
တံ တံ အာရဗ ္ဘ ဘယမောက္ခေါ။

သားက စမ်းရေအိုင်
လပြည့်ဝန်းက အမေ
ရေပြင်ပေါ် လရောင်ဖြာ
ကြောက်ရွံ့ ခြင်းမှ ကင်းဝေးပေါ့…။

Thursday, 17 April 2008

နှစ်သစ်ကူးပရိတ် (သို့) မေတ္တသုတ်remix

ကြားကြားတိုင်း သတိရပါ
ရွတ်ဖတ်တိုင်း အမှတ်ရပါ
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး သင်္ကေတ ဖြစ်ခဲ့ပြီ။

ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သု၀စော စဿ မုဒု အနတိမာနီ။
သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓော။

ဓားဓားချင်း
ဒုတ်ဒုတ်ချင်း
ယှဉ်ပြိုင်ထိုးခုတ်နေမှ မဟုတ်ဘူး
နာကျင်စရာများ ရှိတိုင်း
ခံပြင်းစရာများ ရှိတိုင်း
ရက်စက်မှုတွေ ကြုံတွေ့ရတိုင်း
တစ်ဂါထာ တစ်ဝါကျပဲ မင်းရွတ်ဆိုလိုက်စမ်းပါ
သွေးသားထဲ စီးဆင်းသွားတဲ့ ချိုမြိန်မှုနဲ့
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး နိမိတ်ပုံ ဖြစ်တယ်။


န စ ခုဒ္ဒမာစရေ ကိဉ္စိိ၊ ယေန ဝိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ကြေကွဲတတ်ရင်
အနီရောင် စွန်းထင်းခဲ့တဲ့ ဗောဓိညောင်တွေအတွက်
မြေခခဲ့ရတဲ့ ဦးခေါင်းတော်တွေအတွက်
ကြေကွဲလို််က်အုံး
တစ်လှမ်းချင်းလှမ်းတဲ့ ခြေလှမ်းတွေအတွက်
တစ်ပိုဒ်ချင်း သရဇ္စျယ်တဲ့ သံစဉ်တွေအတွက်
ဝမ်းနည်းလိုက်အုံး။

ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာ၀ရာ ၀န၀သေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

လူမဆန်တဲ့ ရက်စက်မှုတွေကြားမှာ
“ကရဏီယ”ကို ရွတ်ဖတ်ရင်း
“န ပရောပရံ”ကို သရဇ္စျယ်ရင်း
သွေးပွက်ပွက်အန်ခဲ့ရပြီ။

ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀ ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

သုတ်တော်ရဲ့ ပါဒတိုင်း ပါဒတိုင်းမှာ
သွေးစွန်းနေတဲ့ ကျည်ဆန်တွေ ရှိတယ်
သုတ်တော်ရဲ့ အက္ခရာတစ်လုံချင်းမှာ
မိစ္ဆာတွေရဲ့ စစ်ဖိနပ်ဒဏ်ရာတွေ ရှိတယ်
နာနာကျင်ကျင် ခံစားလိုက်အုံး
မေတ္တသုတ်တော်ဟာ
တော်လှန်ရေးရဲ့ သွေးစက်တွေ ဖြစ်တယ်။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိိ။
ဗျာရောသနာ ပဋိဃသညာ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

တောကိုပဲရောက်ရောက်
မြို့မှာပဲနေနေ
ဘယ်နေရာ ဘယ်ကာလမှ ရွတ်ဖို့ မမေ့နဲ့
မေတ္တသုတ်တော်ဟာ တော်လှန်ရေးရဲ့ သင်္ကေတ
သွေးစွန်းဗောဓိညောင်တွေရဲ့
စွန့်လွှတ််မှုနိမိတ်ပုံ
ကြေကြေကွဲကွဲ
ငါတို့ဆက်ပြီး သရဇ္စျယ်ကြအုံးစို့။


မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာ၀ယေ အပရိမာဏံ။

သေနတ်တွေ တဒိုင်းဒိုင်း ပစ်နိုင်မှ
ဓားလှံတွေ တမြမြ သွေးနိုင်မှ
တော်လှန်ရေး မဟုတ်ဘူး
ခေတ်သစ်တော်လှန်ရေးဟာ
ညင်ညင်သာသာနဲ့ ရဲရဲဝံ့ ချီတက်ခြင်းပဲ ဖြစ်တယ်
ကြေကြေကွဲကွဲ ခံစားရတိုင်း
အစ အလယ် အဆုံး ဘယ်နေရာပဲ ရွတ်ရွတ်
မေတ္တသုတ်ဟာ
တော်လှန်ရေးရဲ့ ကိုယ်စားပြု လက်နက်ပဲ။

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာ၀ယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရမသပတ္တံ။

ကျီးတစ်အုပ် လန့်ဖြန့်သွားပုံလို
ငလျင်တစ်ခု ဖြတ်လှုပ်သွားသလို
ခြေလှမ်းလေး တစ်လှမ်းပဲလှမ်း
ဂါထာလေးတစ်ပုဒ်ပဲရွတ်
လူ့မိစ္ဆာတွေ လန့်ဖြန့်သွားစေရမယ််။

တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာ၀တာဿ ဝိတမိဒ္ဓော။
ဧတံ သတိ ံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

ဧရာ၀တီဟာ ငါတို့ပြည်ရဲ့ နိမိတ်ပုံ
ကမ္ဘာမကြေဟာ ငါတို့ရဲ့ အမျိုးသားသီချင်း
မေတ္တသုတ်ဟာ ငါတို့ရဲ့ တော်လှန်ရေးလက်နက်
ဘယ်လို ရက်စက်မှုနဲ့မှ တားဆီးလို့ မရဘူး
ကဲ…နာနာကျင်ကျင် ပရိတ်ရွတ်ကြအုံးစို့။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတီတိ။

ငါတို့ရဲ့ သွေးကြောအဆက်ဆက်
ငါတို့ရဲ့ သမိုင်းအဆက်ဆက်
မေတ္တာတရားဟာ
ဘယ်တော့မှ ဟောင်းနွမ်းမသွားဘူး။

မေတ္တသုတ်တော်ကို ခုဒ္ဒကနိကာယ်, ခုဒ္ဒကပါဌပါဠိတော်မှ ကူးယူသည်။
“ခေတ်သစ်တော်လှန်ရေးသင်္ကေတ”ကို မေတ္တာcampaignမှ ကူးယူသည်။

Wednesday, 9 April 2008

အမေ့ကိုယ့်စား လောကကို ငဲ့ကြည့်ခြင်း

မရှိ။ ဘာမှ မရှိ။ မသိတတ်တဲ့ အရွယ်ကနေ ဒီနေ့အထိ မိသားစုနဲ့ အတူနေဖို့ အခွင့်အရေး လုံး၀ မရှိခဲ့။ ဝါးတားတားလေးတော့ မှတ်မိနေသလိုလို။ အမေ့ရင်ခွင်ထဲမှာလား။ အဖေ့ပခုံးပေါ်မှာလား။ မရှိတာကိုမှ တမ်းတတတ်တာ လူ့သဘာဝလေလား။ ရီဝေဝေ အတိတ်။ ကိုယ့်ရဲ့ အရိပ်တောင် ကိုယ့်အနားမှာ ရှိရဲ့လားမသိ။

သဗ္ဗရုက္ခံ သုသောဘေန္တိ၊ သရတ္တခါရကကုငြာ။
သဗ္ဗလောကံ ဝိဇာတံ စ၊ သမဏော သန္တပုတ္တကော။

ရဲရဲနီ ပုရစ်ဖူးငုံလေးတွေ
သစ်ပင်တွေကို အလှဆင်နေကြလေရဲ့ …။
အေးမြသက်ငြိမ် သားငယ်တစ်ယောက်
လောကကြီးကိုရော အမေ့ကိုရော
အလှဆင်နေသူပါ…။

ဒီကဗျာလေးက မွေးနေ့လက်ဆောင် ရတာ။ ရေးပေးတဲ့သူက ကိုယ့်ကို ဂါထာရေးနည်း စသင်ပေးခဲ့တဲ့သူ။ ဒီလို မွေးနေ့ဆုမွန်တွေ လက်ဆောင်တွေ ရရှိတဲ့အချိန်ဟာ လောကကြီးမှာ ကိုယ်တစ်ယောက်ထဲ အထီးကျန် မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ အေးမြသော ချိုမြိန်သော မွှေးပျံ့သော လှပသော သာယာသော ဆုမွန်ကောင်းတွေဟာ ရင်ခုန်သံကို စည်းချက်မှန်စေတဲ့အပြင် မ၀တ၀ အသက်ရှူနေရတဲ့ ဘဝကနေ ရုန်းထွက်စေနိုင်တဲ့ ခွန်အားတွေပါ။


Tuesday, 8 April 2008

လောကတွင်းသို့ ခုန်ဆင်းသည့်နေ့

“လောကဿ ဒဿေတာရော” ဆိုတဲ့ အက္ခရာစုလေးကို အရမ်း ကြိုက်တယ်။ “လောကကြီးကို မြင်စေသူများ”လို့ မိဘတွေကို ရည်ညွှန်းထားတာလေ။ အဓိပ္ပါယ်က ရှင်းနေတာပဲနော။ ဒီမှာ နောက်စကား တစ်ခု ထပ်လာပြန်တယ်။ “ဗဟူပကာရာ”တဲ့။ အလွန်တရာ ကျေးဇူးများတယ်”လို့ ဆိုလိုတယ်။ မြင်အောင်ပြတဲ့သူတွေဟာ ဘယ်လောက်များ ကျေးဇူးတင်ထိုက်သလဲလို့ တွေးတောစဉ်းစားလို့ မပြီးနိုင်။ တကယ်တော့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေ လုံလောက်အောင် ကြာမြင့်ခဲ့ပြီပဲ။



မွေးနေ့အမှတ်တရ ကဗျာလေးတစ်ပုဒ်ရေးဖို့ ကြိုးစားတာ ဘယ်လိုမှ မဖြစ်ဘူး။ ဒါနဲ့ မနှစ်က နတ္ထိ၂၂မှာ တင်ခဲ့တဲ့ ကဗျာတွေပဲ ပြန်တင်လိုက်တယ်။ ဒီကဗျာတွေကို ရေးခဲ့တာတော့ အတော် ကြာနေပါပြီ။ ၁ဝနှစ်နီးပါးလောက် ရှိနေပြီ။ ဒါပေမယ့် ရင်ထဲမှာတော့ အမြဲ သစ်လွင်နေဆဲ။ ရင်ခုန်သံတွေ မဆိတ််သုဉ်းသရွေ့ ရှင်သန်နေလိမ့်မယ်လို့ ယုံကြည်ရင်း…။

၁။ “န”

မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊
တသ္မာ ဂဝေသိ ံ ဣဓ ဧ၀ရူပံ။
တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။
သာ ဂစိ ္ဆ မေ စက္ခုပထံ ဇဟိတွာ။

အမေဆိုတာ သားအပေါ် အလွန် ကျေးဇူးများတာပါ။
ဒါကြောင့့် လောကကြီးထဲမှာ အမေ့ကို လိုက်လံရှာဖွေခဲ့တယ်။
ဟင်…..အမေ့ အရိပ်ကလေးကိုတောင် ငါ မမြင်ခဲ့ရဘူး။
အမေဟာ ငါ့မျက်စိအောက်က ပျောက်သွားခဲ့ပါပေါ့လား။


၂။ “အတ္ထိ”

ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊
သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။
မာတာ ပဝတ္တေသိ သုဂီတသဒ္ဒံ၊
ပုတ္တဿ အနေ္တာဟဒယေ ၀သိတွာ။

ငါ့ကို်ယ်ထဲမှာ သွေးစက်လေးတွေ တေးသီဆိုနေကြတယ်။
အဲဒီ့ တေးသံကို နားဆင်ရင်းနဲ့ ငါ အိပ်ပျော်ရတာပါ။
အော်…အမေဟာ ငါ့ရဲ့နှလုံးသားထဲမှာ နားခိုရင်းနဲ့
သံစဉ်လှလှလေးတွေ ဖန်တီးနေလေရဲ့…။

Monday, 7 April 2008

မွေးနေ့လက်ဆောင်ဟောင်းတစ်ခု ဖွင့်ကြည့်ခြင်း

မေ အတ္တဘာဝေါပိ ဥပဍ္ဎမတ္တော၊
ကညေ! သရီရော တ၀ ဧ၀ရူပေါ။
တသ္မာ သမူဟော သုကတော ဥဘိန္နံ၊
ဧကတ္တကာယော ဂရုကော၀ ဘာရော။

ငါဟာ အပိုင်းအစလေး တစ်ခုပါ။
မင်းလဲ ဒီလိုပါပဲ။
မင်းနဲ့ငါ ဆုံတွေ့မိကြတဲ့အခါ
နှစ်ကိုယ့်တစ်စိတ်ဖြစ်ပေမယ့် ဝန်ထုပ်ဝန်ပိုး တစ်ခုပါပဲ။

“ဒါ ဘာအဓိပ္ပါယ်လဲ”တဲ့…သူက မေးတယ်။ “သိဘူးလေ”လို့ ပြန်ပြောလိုက်ရင် ပြဿနာက တသီကြီးလာတော့မှာ။ “…….ရှင်းပြ…အခု ရှင်းပြ၊ ဟိုလိုလို ဒီလိုလို မလုပ်နဲ့နော်၊ ပြောမလား မပြောဘူးလား၊ ဘာကို ရည်ရွယ်တာလဲ၊ ပြော…၊ အခုတစ်လော ဘာဖြစ်နေမှန်းကို မသိဘူး၊ စကားပြောရင် ရွဲ့သလိုလို စောင်းသလိုနဲ့၊ သိတယ်…သိတယ်…၊ ဒီက ဘာမှ မပြောရသေးဘူး၊ အမြဲတမ်း အနစ်နာခံနေရတာချည်းပဲ၊ အလိုလိုက်တယ်လဲ မရှိဘူး၊ ချော့ချော့မော့မော့နဲ့ တစ်ခါမှလဲ မပြောဘူး၊ ပြီးရင် အော်အုံးမယ်၊ ဒီတစ်ခါ ကြည့်နေ၊ ထိုင်ငိုနေမှာ၊ ဘာမှ မလုပ်တော့ဘူး…၊ တော်ပြီ…တော်ပြီ…ဘာမှ လာပြောမနေနဲ့………………..”
အေးအေးငြိမ့်ငြိမ့် စီးဆင်းနေတဲ့ စမ်းချောင်းလေးထဲ ငါးမန်းတစ်ကောင် ဝင်သလိုပါပဲ။ ဗြောင်းဆန်သွားမယ်။ ပြဿနာပဲ။ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ရှောင်တဲ့အနေနဲ့ ဒါက ဒီလိုရှိတယ်… အစချီပြီး အေးအေးလေးနဲ့ ဖြည်းဖြည်းလေး ရှင်းပြရတယ်။ ဒီတော့မှ ချိစ်ဘာဂါထဲမှာ မေရောနိစ်တွေ အိနေအောင် ဆမ်းထားလို့ ကြွရွနေတဲ့ ဆလပ်ရွက်လေးတွေလို စိမ်းမြမြအသံလေနဲ့ “ဟုတ်လို့လား”တဲ့ ပြန်ပြောတယ်။ ဒါဆို အိုကေ။ ဟုတ်…ဟုတ်မှဟုတ် (ဟူး….တော်ပါသေးရဲ့)။

မရှိတော့တဲ့ အမေ့ကို လွမ်းလို့ ငယ်ငယ်တုန်းက ကျခဲ့ဖူးတဲ့ မျက်ရည်တွေ သူနဲ့ တွေ့မှ ဟစ်ဟောပ့်နဲ့တွဲထားတဲ့ ပြန်ဆိုတေးတွေလို ထပ်တလဲလဲ ဆိုညည်းခဲ့ရဘူးတယ်။ သူငိုတာနဲ့ လိုက်ငို။ နို့မို့ရင် ဘယ်တော့မှ အငိုမတိ်တ်ဘူး။ ကံကောင်းရင်တော့ သူက ပြန်ချော့မယ် (အခါ ၁၀ဝမှ ၁ခါ)။ ငိုနေတဲ့အခါ လက်သွက်ပုံက မျက်လုံးလေးပိတ်ပြီး လက်သည်း ချွန်ချွန်လေးတွေနဲ့ ကုတ်ဖဲ့တတ်တဲ့ မွေးခါစ ရွှေဝါရောင် အမွှေးပွပွ ကြောင်ပေါက်စလေးလို။ သူရဲကောင်းမှန်ရင် ဒဏ်ရာနဲ့ မကင်းဘူးဆိုပဲ။

သရဲကားတွေ အရမ်းကြိုက်တဲ့ သူ့ကို “လုံ၀ မကြည့်ရဘူး”လို့ သရဲကြောက်တတ်တဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောင်္ကျားက ပြောတော့ “ဘာလို့လဲ”တဲ့။ “ကြည့်ချင် ကြည့်ပေါ့၊ နောက်မှ အူဝဲလေးတွေ မွေးလာရင် သရဲရုပ်ပေါက်နေလိမ့်မယ်”လို့ ခပ်တည်တည်နဲ့ ဂျနတစ်နဲ့ ရီပရိုဒတ်တစ်ကို ရောသမမွှေပြီး ခြောက်လိုက်တော့မှ မီးအားမမှန်လို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ၅၀ဝပ်မီးသီးလို ရီဝေဝေ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ “ဟုတ်လို့လား”တဲ့။ ပြီးတော့မှ “ဟင်…ကာတွန်းကားကရော၊ ဂါဖီးလ်ရော မကြည့်ရဘူးလား၊ သိပ်ကြိုက်တဲ့ဟာ၊ ဘယ်လိုလုပ်မလဲ၊ နေအုံး…နေအုံး… ဂါဖီးလ်က ၀တုတ်တုတ် မျက်လုံးပြုးပြုး ကြောင်လေးဆိုတော့”…မျက်နှာကို သေသေချာချာကြည့်ပြီး…“တူတယ်၊ တူတယ်၊ ဟီဟိ။ ကြည့်မှာပဲ”တဲ့။ အူကြောင်ကြောင်ကို ဖြစ်ရော။

………..ရိုမန်တစ်များ……
………..အိပ်ဇောတစ်များ……
………..ကွန်ပလီကေးတစ်များ……

အပိုင်းအစလေးတွေ။ တွေ့ကြ ဆုံကြ ရင်ခုန်ကြ။ သူတို့ ပျော်နေကြလေပြီ။

They came, they saw, they combined!!!

Thursday, 3 April 2008

ပန်းဒဏ္ဍာရီ

သုသစ္စမာလာ တနုရတ္တဝဏ္ဏာ၊
တေနေ၀ သဉ္စုမ္ဗိတပေမတောယာ။
သဗ္ဗင်္ဂသံသဋ္ဌဒယာသမီရာ၊
ကတာ သုဖုလ္လာယပိ ခန္တိဟာသာ။

ပန်းနုရောင်သစ္စာပန်း
မေတ္တာရေကြည်အေးက အငမ်းမရ နမ်းရှုိုက်
အကြင်နာလေနုအေးက အားပါးတရ ပွေ့ဖက်ပေမယ့်
ခွင့်လွှတ်ခြင်းအပြုံးပွင့် လန်းစွင့်နေဆဲ…။

ဒီဂါထာလေးကို ရေးခဲ့တာ အတော် ကြာနေပြီ။ ၂၀၀၂ လောက်က ဖြစ်မယ်။ စစ်ကိုင်းတောင်ရိပ်ကို ခိုလှုံရင်း တောင်ပေါ်ကနေ ဧရာ၀တီရဲ့ တသွင်သွင်စီးမြောမှုကို ခံစားရင်း နှစ်အတော်ကြာ နေခဲ့ရသေးတယ်။ အဲဒီတုန်းက ရေးခဲ့တာ။ လွမ်းမိပါရဲ့ လွမ်းစေတီရယ်။ ဆိုင်လားမဆိုင်လားတော့ မသိဘူး။ စစ်ကိုင်းလမ်းသီချင်းလေး တီးတိုးဆိုရင်း စစ်ကိုင်းတောင်ပေါ်လမ်းတွေကတော့ အနှံ့ ရောက်ဖူးပါရဲ့။ အခုတော့ ဘယ်အချိန်များမှ ပေါ့ပေါ့ပါးပါးနဲ့ ချောင်ကြိုချောင်ကြား လျှောက်သွားနိုင်ပါ့မလဲမသိ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ အနေအထားတစ်ရပ်ပါလားဗျာ။

တောင်စစ်ကိုင်းမှာ အရောင် နှစ်မျိုး လွှမ်းတယ်။ တစ်ရောင်က ရွှေဝါရောင်, နောက်တစ်ရောင်က ပန်းနုရောင်။ ရွှေဝါရောင်ကတော့ သိတဲ့အတိုင်းပဲ။ တည်ငြိမ်တယ်။ ပြတ်သားတယ်။ ပန်းနုရောင်ကတော့ ပန်းနုရောင်ပါပဲ။ တည်ငြိမ်တယ်။ အေးမြတယ်။ ဒီအရောင်တွေ လွှမ်းခြုံထားတဲ့ စစ်ကိုင်းတောင်ကလဲ ငြိမ်လို့ အေးလို့။ ရောင်စဉ်တွေကို ရင်ထဲမှာ တသိမ့်သိမ့်ခံစားရင်းနဲ့ တိတ်တိတ်လေး နှစ်သက်မိတဲ့ ပန်းနုရောင်တွေအတွက် ဂါထာတစ်ပုဒ် ရေးမိတာ။

ဒီဂါထာမှာ အက္ခရာ ၁၁-လုံးစီပါတဲ့ စာကြောင်း ၄-ကြောင်းပါတယ်။ အခြေခံမူအရ ၄-ပါဒရှိရင် ၁-ဂါထာလို့ ဆိုနိုင်တယ််။ ဂါထာဖွဲ့သီတဲ့ စည်းကမ်းတွေအရ ဒီဂါထာမျိုးကို “ဥပဇာတိ”လို့ ခေါ်တယ်။ ဣန္ဒ၀ဇိရဂါထာရေးနည်းနဲ့ ဥပေန္ဒ၀ဇိရဂါထာရေးနည်း နှစ်မျိုးရောထားတာ။ ပထမနဲ့ စတုတ္ထပါဒတွေက ဥပေန္ဒ၀ဇိရ, ဒုတိယနဲ့ တတိယပါဒတွေက ဣန္ဒ၀ဇိရ။ လူသိများတဲ့ ဥပမာနဲ့ ပြောရရင် ရတနသုတ်, မေတ္တသုတ်တွေမှာ ပါတဲ့ ဂါထာမျိုးတွေနဲ့ တူတယ်။ ဂါထာကြီးတွေလို့လဲ ခေါ်နိုင်တယ်။ ရွတ်ရဖတ်ရတာလဲ ခန့်တယ်။ အင်း…ပြောမယ့်သာ ပြောနေရတာ။ ဒါမျိုးတွေ မရေးနိုင်တာ အတော် ကြာလှပေါ့။ လက်ပျက်နေတယ်လို့ ပြောတာထက် စိတ်ပျက်နေတာလို့ ကိုယ့်ကိုကိုယ် ဝန်ခံရမှာပဲဗျာ။