Showing posts with label MY TRAVEL. Show all posts
Showing posts with label MY TRAVEL. Show all posts

Thursday, 7 June 2007

နတ္ထိရဲ့ ခရီး (ကုသိနာရုံ)


ဝိဇိတဝိဇယ.မဓိဂတဖလသုခ.မိဓ၊
ဇဟိတမရဏဘယ.မရိယသမဏ.မထ။
ယဒိ ယမဝိသယ.မဓိဂတ.မဘိယဇသိ၊
တ၀ ဟဒယ.မမိတ.မမတ.မနုဘဝတိ။

မာရ်အပေါင်းကို အောင်တော်မူပြီးသော
အရဟတ္တဖိုလ်ချမ်းသာကို ရတော်မူပြီးသော
ကိသေသာအပူမှန်သမျှကို အကြွင်းမရှိ ငြိမ်းအေးစေပြီးသော
သေခြင်းမှ ကြောက်ရွံ့မှုကို ပယ်စွန့်တော်မူပြီးသော
သေမင်းပိုင်နက်ကို လွန်မြောက်တော်မူပြီးသော
မြတ်ဗုဒ္ဓကို မြတ်နိုးကော်ရော် ပူဇော်ပါလျှင်
သင့်ရဲ့ နှလုံးသားသည်
အနှိုင်းမဲ့ အမြိုက်အရသာကို ခံစားရနိုင်၏။
.
ဒီဂါထာကို “အစလဓိတိ”လို့ ခေါ်တယ်။ မတုန်လှုပ်သော တည်ကြည်ခြင်းလို့ ဆိုလိုတယ်။ တစ်ပါဒ တစ်ပါဒမှာ အက္ခရာ ၁၆လုံးပါတယ်။ အဲဒီ့အက္ခရာတွေ အားလုံး လဟုတွေပဲ။ လဟု ဆိုတာက အ, ဣ, ဥ ဆိုတဲ့ အသံ တိုတဲ့ သရတွေနဲ့ပဲ တွဲစပ်ထားတဲ့ ဗျည်းတွေပေါ့။ အာ ဤ ဥူ ဧ သြ ဆိုတဲ့ အသံရှည်သရတွေ မပါဘူး။ ဒါတွေနဲ့တွဲရင် ဂရု ဖြစ်သွားတယ်။ လဟုဆိုတာက ပေါ့တာ။ ဂရုဆိုတာ လေးတာ။ အသံပေါ့။ အသံလေး။ ဒါကို ပြောတာပါ။ ဒါတွေက ပါဠိသဒ္ဒါနဲ့ ဂါထာရေးထုံးတွေပါတဲ့ ဆန်းကျမ်းတို့ရဲ့ အနေအထားတွေပါ။ ဒီဂါထာကို ရေးခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ၁၀ နှစ်လောက် ရှိပြီ။ အတော် ကြာပြီပဲ။ ဘာ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာလဲ။ မြတ်ဗုဒ္ဓရဲ့ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို ပူဇော်တဲ့ အနေနဲ့ ရေးဖွဲ့ခဲ့တာ။ ခေါင်းစဉ်လေးတောင် ရှိသေးတယ်။ ဘာတဲ့…
အနုပါဒိသေသနိဗ္ဗာနဓာတုပူဇနပဋိသံယုတ္တာဘိမင်္ဂလကထာ
အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသဘောကို အလေးအမြတ်ထားခြင်းနှင့် သက်ဆိုင်သော မင်္ဂလာစကား
.
အဲဒီအချိန်တုန်းကတော့ စာပေအရသာကို အပြည့်အဝ ခံစားရင်း ရေးဖွဲ့ခဲ့တာ။ ကိုယ်တိုင်လဲ ကျေနပ်ကြည်နူးလို့လေ။ တစ်ခုထဲသော ရည်ရွယ်ချက်နဲ့ အရမ်းကို တက်ကြွနေခဲ့တာပေါ့။ ကောင်းပါတယ်။ ဒီလို အချိန်မျိုး ဘဝမှာ ကြုံတွေ့ခဲ့ရတာ တကယ် တန်ဖိုးရှိတယ်။ ဒါပေမယ့် အချိန်က အငြိမ်မနေပါ။ နောက်ပြန်မလှည့်သော ပြတ်သားမှုမျိုးနဲ့ ရှေ့သို့ ချီတက်နေတာ။ ယက်ကန် ယက်ကန်နဲ့ လိုက်လာတာ အခု အချိန်ကို မီးမောင်းထိုးပြရရင် အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ ပျိုမြစ်ခြင်းတို့ ဆိတ်သုန်းခဲ့ပြီ။ တက်ကြွမှုတို့ လျော့ပါးခဲ့ပြီ။ လေလွင့်စွာနဲ့ လမ်းခွဲမှာ တွေဝေနေလေပြီကော။ အဆုံးမဲ့ ခရီးသွား ရပ်နားခွင့် မကြုံခဲံလေပြီကော။ ငိုကြွေးမှုအာဟာရနဲ့ ကြွေလွင့်မယ့် အချိန်ကာလ မဝေးတော့ပြီ….။ တစ်ခုတော့ ရှိတယ်။ ပြုပြုသမျှတွေ သမိုင်းရေစီးကြောင်းမှာ အဖတ်ဆယ်လို့ ရမရ။ ဒါပဲ။ ဒါကိုတော့ မမေ့သင့်ဘူး။
.
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေခြင်း၏ အကြောင်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်း။
မမေ့လျော့သူတို့ မသေကြ။
မေ့လျော့သူတို့ သေကြ၏။

၂၀၀၇ ဖေဖော်ဝါရီ ၂၅ နေ့မှာ ကုသိနာရုံကို ရောက်ခဲ့တယ်။ နေရာ နှစ်ခု သွားကြည့်တယ်။ ပထမဦးဆုံး ဗုဒ္ဓသရီရ တေဇောဓာတ်လောင်ကျွမ်းတဲ့ နေရာ။ နောက်တစ်နေရာက ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်ရှိတဲ့ နေရာ။ ဘုရားလောင်း ဖွားမြင်တဲ့နေရာ ဘုရားဖြစ်တော်မူတဲ့နေရာ ဘုရားတရားဦးဟောတဲ့နေရာ သုံးခု ရောက်ခဲ့ပြီးသား။ အဲဒီနေရာတွေ ရောက်တုန်းက ခံစားမှုမျိုးနဲ့ မတူတဲ့ ဝေဒနာတစ်ရပ်ကို ကုသိနာရုံ ရောက်တော့ ခံစားမိတယ်။
.

အနိစ္စာ ၀တ သင်္ခါရာ၊
ဥပ္ပါဒါ၀ယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္စျန္တိ။
တေသံ ဝူပသမော သုခေါ။

သင်္ခါရတရားတို့သည် မမြဲ။
ဖြစ်ပြီး ပျက်တတ်၏။
ဖြစ်ပျက်တတ်သောသဘောတို့၏
ကင်းငြိမ်းခြင်းသည် ချမ်းသာခြင်းတည်း။
.

ဒီသဘောလေးကို ခံစားမိလို့လား။ ဟုတ်သလိုလိုပဲ။ သိမ်သိမ်မွေ့မွေ့လေး။ စိတ်ထဲမှာ။ နှလုံးသားထဲမှာ။ တစ်မျိုးကြီးပဲ။ အဲဒါ သံဝေဂ ဆိုတာလား။ တုန်လှုပ်နေတာလား။ ဟုတ်လား မဟုတ်ဘူးလား ဆိုတာတောင် ဝေခွဲမရတော့။ သွားပြီ။ အမြင်အာရုံတွေ ဝါးတားတား။ ဘာဖြစ်တာလဲ။ မသိဘူး။ ဒူးထောက်ကျသွားတယ်။ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းလို့ ခြေတော်အစုံ ကြာပဒုံကို ခိုလှုံဦးခိုက်မိခဲ့တယ်။
.
.
ရာဂါနတဗ္ဘုတသရောဇမုခံ ဓရာယ၊
ပါဒါ တိလောကဂုရုနော.ဓိကဗဒ္ဓရာဂါ။
အာဒါယ နိစ္စသရသေန ကရေန ဂါဠှံ၊
သဉ္စမ္ဗယန္တိ သတတာဟိတသမ္ဘမေန။

မြေလွှာမိန်းမပျိုရဲ့
တပ်မက်ဖွယ်ရာ ညွတ်ကျလာသော
အံ့သြဖွယ်ရာ ပဒုမာကြာပွင့်မျက်နှာကို
သုံးလောကထွတ်ထား မြတ်ဘုရားရဲ့
တပ်မက်စွဲငြိနေသည့် ယောကျင်္ားပျိုခြေတော်အစုံက
အမြဲတမ်း တမ်းတနေသည့် လက်နဲ့
အားပါးတရ ပွေ့ဖက်ပြီး
အစဉ်ထာ၀ရ မြတ်နိုးတွယ်တာမှုနဲ့
နမ်းရှုိုက်လေပြီတကား…။

Sunday, 20 May 2007

နတ္ထိရဲ့ ခရီး (ဗာရာဏသီ)

ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။
.
.
ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။
.
.
၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။ လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးုဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။
.
.
ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ် အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။
.

.
ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။


(မိဂဒါဝုန်၌ ပြုပြုသမျှသော ကုသိုလ်ကောင်မှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏။)
.
ခံစားချက်။ ။ကျမ်းမာရေး မကောင်းလို့ လူမော စိတ်မောနဲ့ ဘလော့ခ်ဘက်ကို မလှည့်နိုင် ပိုစ့်တွေ မရေးနိုင် ဖြစ်သွားတယ်။ ဘလော့ခ်နဲ့ ပတ်သက်တာ ဘာမှ မကြာသေးပေမယ့် သံယောဇဉ်တော့ အတော် ဖြစ်တာပဲ။ ကံကုန်ရင်တောင် ပြန်ဆုံနေမလား မသိ။




Tuesday, 8 May 2007

နတ္ထိရဲ့ ခရီး (ဗုဒ္ဓဂါယာ)

၀ရော ဧကော၀ သိဒ္ဓတ္ထော။
၀သလံ ဒေ၀ဝါဟိနိ ံ။
၀ယဓမ္မံ ၀ဇာပေသိ၊
၀ရသက္ခီ ၀သုန္ဓရီ။

ဘုရားလောင်း သိဒ္ဓတ္ထသည်
အကူအညီမပါ တစ်ယောက်ထဲသာလျှင်
မာရ််စစ်သည် အပေါင်းကို
အောင်နိုင်တော်မူခဲ့လေပြီ။
ပထဝီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။


အိန္ဒိယအစိုးရ ဟိုတယ်ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ International Conferenceတစ်ခု တက်ဖို့ ၂၀၀၇ ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဗုဒ္ဓဂါယာကို ရောက်ခဲ့တယ်။ ၄ရက်နေ့ကနေ ၆ရက်နေ့အထိ ကျင်းပတယ်။ အိန္ဒိယနဲ့ နိုင်ငံတကာက ပညာရှင်များ တက်ရောက်ကြပြီး “ဗုဒ္ဓဘာသာနှင့် ၂၁ရာစု” ခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အခမ်းအနား ဖွင့်ပွဲနေ့မှာ တိဗက်ဘာသာရေးခေါင်းဆောင်ကြီး ဒလိုင်လားမား ကြွရောက်ပြီး မိန့်ခွန်းပြောကြားတယ်။ သူပြောတဲ့စကားတွေမှာ အင်အားတွေ အပြည့်ပဲ။ သူ့အရင် ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး ပြောသွားတဲ့ မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အတွက် ဖြစ်တယ်ဆိုတဲ့ စကားကို ဒလိုင်လားမားက ဒီစကားဟာ အလွန် ကျဉ်းမြောင်းလွန်းကြောင်း ဒီနေရာဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်ကြောင်း ပြောသွား ပါတယ်။ ကျဉ်းမြောင်းတဲ့ ရိုးရာအတွေးအခေါ်တွေကို စွန့်လွှတ်ပြီး ဗုဒ္ဓတရားတော်တွေကို စနစ်တကျ လေ့လာသင်ယူ အသုံးချပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အမှန်တကယ် လိုအပ်နေကြောင်း စသည်စသည် သြဝါဒစကား မြွက်ကြားသွားပါတယ်။ မှတ်သားစရာ အလွန် ကောင်းပါတယ်။ အင်အားအပြည့်နဲ့ ရင်ထဲမှာ ရှိသမျှ သွန်ချသလို ပြောသွားတဲ့ ဒလိုင်လားမားကြီးဟာ သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တာ သေချာ ပါတယ်။
အစည်းအဝေး ၃ရက်တာကာလအတွင်းမှာတော့ ပညာရှင်တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြကြတယ်။ ကိုယ်တိုင်ကတော့ နားထောင်ရုံ သက်သက်ပါပဲ။ ဟုတ်တယ်လေ။ ဒီလောက်ပဲ တတ်နိုင်တယ်။ ဗဟုသုတနဲ့ အမြင်သစ်တွေရတာနဲ့တင် ကံကောင်းလှပါပြီ။ မြတ်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်တဲ့ နေရာထူးကို ရောက်ခဲ့ရပြီ မဟုတ်လား။

ဗောဓိပင်အောက်မှာ အကြာကြီး ထိုင်ဖြစ်တယ်။ ဒီနေရာက အောင်မြေ မဟုတ်လား။ ဒါဆို အနေကဇာတိသံသာရံ…စတဲ့ ဥဒါန်းကျူးတဲ့ အောင််ဂါထာတွေ မရွတ်ဖတ်တော့ဘူးလား။ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ ရွတ်ပြီး သံသရာစက်ရဟတ် ကျိုးပြတ်ပုံတွေကို မဆင်ခြင်တော့ဘူးလား။ မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်းသဘောတွေကို မြင်နို်င်ဖို့ အာနာပါန ကမ္မဋ္ဌာန်းကို မစီးဖြန်းတော့ဘူးလာ။ အကြောင်းအကျိုး ဆက်နွယ်မှုတွေကို သုံးသပ်နိုင်ဖို့ ပဋ္ဌာန်း ဒေသနာတော်ကြီးကို မပူဇော်တော့ဘူးလား။ အောင်ဇေယျတု အောင်ဆုလေးများ မတောင်းဆိုတော့ဘူးလား။ ဗောဓိပင်ကြီးကို မော့ကြည့်ပြီး စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ။ ကြည်နူးသလိုလို လွမ်းမောသလိုလို ရီဝေဝေ ခံစားမိတယ်။ မှတ်မှတ်ရရ တစ်ခုခုတော့ လုပ်ရမယ်ပေါ့။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရင်း အကြံတစ်ခုပေါ်လာတယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ဗောဓိညောင်ရွက် တစ်ရွက်တစ်လေ ထိုင်နေတဲ့ရှေ့ ကျလာရင် ကောက်မယ်ပေါ့ဗျာ။ ဟုတ်တယ်လေ။ ဗောဓိဓာတ်လေး ရလိုရငြားပေါ့။ ထိုင်နေတာ အတော် ကြာတယ်။ ညောင်ရွက် တစ်ရွက်စ နှစ်ရွက်စ ကြွေပါတယ်။ ကောက်မယ်ပြင်ခါ ရှိသေးတယ်။ ကိုယ့်ထက် လျင်တဲ့သူတွေက ဦးသွားတာနဲ့ အင်း…တစ်ရွက်မှ မရခဲ့ဘူးဗျာ။

(ဗုဒ္ဓဂါယာမှာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏)

Friday, 27 April 2007

နတ္ထိရဲ့ ခရီး ( လုမ္ဗိနီ )

သိဒ္ဓတ္ထ ဖွားမြင်တော်မူပုံ ( ပုဂံ-မြန်မာ )
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

အသောကကျောက်စာတိုင် ( လုမ္ဗိနီ-နီပေါ )
ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

အသောကကျောက်စာ ( လုမ္ဗိနီ-နီပေါ )

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာ လွင့်ပျံ့နေဆဲပါ။

(လုမ္ဗိနီမှာ ပြုပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို အမေ့အား အမျှ ပေးဝေပါ၏။ )