Showing posts with label မှတ်စုမှတ်ရာ. Show all posts
Showing posts with label မှတ်စုမှတ်ရာ. Show all posts

Monday, 27 June 2011

အသောကခြေရာ (၄)

Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။
Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။ ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။ ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… "If India can ask back Kohinoor, why can't Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… "The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last 600 years."
ဒီလို ပြန်လိုချင်သူတွေနဲ့ ပတ်သက်ပြီး Mr. Cameron ပြန်ပြောတာ ရှိတယ်။ Kohinoor စိန်ကြီးနဲ့ ပတ်သက်တာပါ။ အိန္ဒိိယက ဒီစိန်ကြီးကို ပြန်တောင်းနေတော့ သူက ဒီလို ပြောတယ်… "If you say yes to one you suddenly find the British Museum would be empty," BBC သတင်းပါ။
ဒီလိုဆိုတော့…
တောင်းကား တောင်း၏…မရ။
ယူကား ယူ၏…မပေး။
ဒါကတော့ ဝေဒနာတွေပါ။ ခြေရာတွေကတော့ google mapပေါ်မှာ…
အသောကပဓာနကျောက်တိုင်စာ...
(၁)(၂)(၃)(၄)(၅)(၆)(၇/၁)(၇/၂)
ခြေရာအစအန...

Thursday, 2 June 2011

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၆)

အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။
(၁) Sarnath
(၂) Kausambi
(၃) Sanchi
(၄) Karuvaki Queen
(၅) Lumbini
(၆) Nigliva
အသောကရဲ့ အက္ခရာများ ၂၇၂၈၂၉၃၀၃၁၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။
Minor Rock Edicts on Googlemap
Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြဝါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။
သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ ဝါ ဘေတ္တာ, ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော, ဝဂ္ဂရတော, ဝဂ္ဂနန္ဒီ, ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုတဲ့အတိုင်း ညီညွတ်သူတွေကို သင်းခွဲ။ ကွဲနေသူတွေကို ထောက်ခံအားပေး။ ကွဲရေးပြဲရေးကိုသာ နှစ်သက်မွေ့လျော်ပြီး ကွဲကြောင်းပြဲကြောင်းကို ပြောဆိုနေတာထက် “ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုထားသလို အကွဲအပြဲကို စေ့စပ်၊ ညီညွတ်သူတွေကို အားပေး၊ ညီညွတ်ရေးကို နှစ်သက်မွေ့လျော်၊ ညီညွတ်ကြောင်း ပြောဆိုနေတာက ပိုကောင်းပါတယ်။

Thursday, 30 December 2010

အသောကphrenia

တသွင်သွင် စီးဆင်းနေပေမယ့် နောက်နောက်ကျိကျိနဲ့ ယမုန်နာမြစ် ကမ်းနဘေးမှာ ဖြာကျနေတဲ့ Delhi မြို့ပြလရောင်က အမှောင်ညမှာ အသက်ရှူမ၀တ၀။

ရာဇဝင်ထဲက Delhiမြို့ရဲ့ နန်းတော်ကြီးတွေဟာ စန္ဒကူးနံ့ သင်းပျံ့နေခဲ့ပေမယ့် ရာစုသစ်Delhiမြို့ရဲ့ လမ်းဘေးတွေမှာ ရှိတတ်တဲ့ အမှိုက်ပုံတွေက ဇီ၀ဓာတ်ငွေ့တွေ တထောင်းထောင်း။ Old Delhiမှာ နန်းစိုက်တဲ့, Taj Mahalကို ဖန်တီးခဲ့သူ မဂိုဘုရင်Shah Jahan မျက်ရည်လည်သွားစေနိုင်တဲ့ Slumdog တွေရဲ့ တဲပုတ်တွေကလဲ Delhiမှာ ဟိုတစ်စု ဒီတစ်စု။ မြင်းလှည်း, နွားလှည်း, စက်ဘီး, ဆိုက်ကား, ဆိုင်ကယ်, နှစ်ဘီးတပ်, သုံးဘီးတပ်, လေးဘီးတပ် ယာဉ်အမျိုးမျိုး, မြေပေါ် မြေအောက်ရထားတွေနဲ့ Delhiမြို့ထဲမှာ စီးမြောနေကြတဲ့ ခြေဗလာနဲ့ရော ဖိနပ်ပါသူရော သန်းနှစ်ဆယ်နီးနီး လူတွေက Chalo Delhi (On to Delhi)လို့ ကြွေးကြော်ခဲ့တဲ့ Chandra Boseကို ချီးမြှောက်နေသယောင်ယောင်။ အကြမ်းဖက်ရက်စက်မှု ဒဏ်ချက်နဲ့ တိုက်ခိုက်ရိုက်ခတ်ခံရပေမယ့် အဟိံသခြုံလွှာကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လွှမ်းပတ်ထားတဲ့ ဂန္ဓီကြီးအတွက် ယမုန်နာမြစ်ကမ်းနဘေးက ထာ၀ရမီးတောက်ကတော့ စိမ့်စိမ့်အေးတဲ့ ဆောင်းချမ်းကို မွေ့မွေ့လေး အံတုနေဆဲ။
ဒီမြို့ထဲမှာ ဒီလူတွေ ဒီလို ဒီလိုနဲ့.....ရာစုသစ်ရဲ့ နောက်ဆယ်စုနှစ်သမိုင်းကို Tabletပေါ်မှာ ရေးသားဖို့ အပြင်းအထန် လုံးပမ်းနေပေမယ့် ရာစုဟောင်းများရဲ့ ဝေါဟာရရုပ်ကြွင်းတွေကိုတော့ မေ့မေ့လျော့လျော့နဲ့…..။

Monday, 27 December 2010

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၅)

 အိန္ဒိယတလွှားမှာ အသောကရဲ့ ပဓာနကျောက်စာတိုင် ၆-တိုင် တွေ့ရှိထားတယ်။
(၁) Delhi-Topra,
(၂) Delhi-Meerut,
(၃) Allahabad-Kosam,
(၄) Lauriya-Araraj,
(၅) Lauriya-Nandangarh
(၆) Rampurwa ။
Delhi-Topraကျောက်စာတိုင်ကို မူလနေရာဖြစ်တဲ့ Topra, Ambala, Haryanaပြည်နယ်ကနေ Delhiကို ရွှေ့လာခဲ့တာပါ။ Delhi-Meerutကျောက်စာတိုင်လဲ Meerut, Uttar Pradeshပြည်နယ်ကနေ Delhiကို ရွှေ့ထားတာပါ။ Allahabad-Kosamကျောက်စာတိုင်လဲ Kosamကနေ Allahabad, Uttar Pradeshပြည်နယ်ကို ရွှေ့ထားတာလို့ ယူဆထားကြတယ်။ (ပဓာနကျောက်စာတိုင်တွေရဲ့ locationကို sidebarပေါ်က Major Pillar Edict ခေါင်းစဉ်နဲ့ google mapမှာ ကြည့်ပါ)

ကျောက်စာတိုင်အားလုံးမှာ Brahmi အက္ခရာနဲ့ Prakritဘာသာကို အသုံးပြုပြီး ကျောက်စာ အပိုင်း-၁ကနေ အပိုင်း-၆အထိရေးထိုးထားတယ်။ Delhi-Topraကျောက်စာတိုင်မှာတော့ ကျောက်စာ အပိုင်း-၇အထိ ရေးထိုးထားတယ် (အသောကရဲ့ အက္ခရာများ ၂၀, ၂၁, ၂၂, ၂၃, ၂၄, ၂၅, ၂၆-,)။









အသောကကျောက်စာတွေထဲမှာ ပထမဦးဆုံး Delhi-Meerutကျောက်စာတိုင်ကို ၁၇၅၀-ခုနှစ်မှာ တွေ့ရှိတာဖြစ်ပြီး Delhi-Topraကျောက်စာကိုတော့ ၁၈၃၇-ခုနှစ်မှာ အဦးဆုံး ဘာသာပြန်နိုင်တာပါ။ ဒီပထမဆုံး James Prinsepရဲ့ ဘာသာပြန်ကို ၁၈၇၇ထုတ် Alexander Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲမှာ တွေ့နိုင်တယ်။ ၁၉၂၈ထုတ် R.K. Mookerjiရဲ့ Asokaစာအုပ်ထဲက ဘာသာပြန်နဲ့ ယှဉ်ကြည့်ရင်တော့ အကွာအဟတွေ အများအပြား တွေ့နိုင်မယ်။ တင်ထားတဲ့ ပိုစ့်တွေမှာ ပြန်ကြည့်နိုင်တယ်။ ဘာသာပြန်သူတွေကလဲ အများအပြားမို့ တူတာတွေလဲ ရှိ, မတူတာတွေလဲ ရှိပေါ့။ နှိုင်းယှဉ်လေ့လာလို့တော့ ကောင်းတယ်။
အသောကရဲ့ ပဓာနကျောက်စာတိုင်တွေမှာ “ဓမ္မ” ဝေါဟာရ ၄၆-ကြိမ် အသုံးပြုထားတယ်။ အပိုင်း-၇ တခုထဲမှာကိုပဲ “ဓမ္မ” ၂၉-ကြိမ်တိတိ အသုံးပြုထားတာကို တွေ့ရတာမို့ အတော် ထူးခြားတဲ့ ကျောက်စာတိုင်တွေပါ။ ဒါကြောင့်လဲ အသောက ကျောက်စာတွေဟာ “အသောကဓမ္မ”လို့ ထင်ရှားတယ်။ ဒီလို သမိုင်းစဉ်မှာ မကြုံဘူးတဲ့ သဘောတရားတွေနဲ့ လူမျိုးစုံနိုင်ငံတော်ကြီးကို အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ အသောကရဲ့ အသောကဓမ္မကို ပညာရှင်တို့က “Asoka’s Dhamma Policy”လို့လဲ အမည်တပ်တာ ဖြစ်နိုင်တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့ စံနမူနာယူဖွယ် အခြေခံစည်းမျဉ်းတစ်ခုနဲ့တင် အသောကဓမ္မပေါ်လစီဟာ ကန့်ကွက်စရာမရှိလောက်အောင် ပြည့်စုံနေပြီဆိုတာ ပေါ်လွင်နေပါတယ်။

ဧသာပိ ဝိဓိယာ ဣယံ ဓမေန ပါလေနာ ဓံမေန ဝ်ိဓာနေ ဓံမေန သုခိယနာ ဓံမေန ဂေါတီတိ။

တရားသဖြင့် ထိန်းသိမ်း စောင့်စည်းခြင်း၊ တရားသဖြင့် စီမံခန့်ခွဲခြင်း၊ တရားသဖြင့် ချမ်းသာကို ခံစားစေခြင်း၊ တရားသဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည်ကား (နိုင်ငံတော်၏) ဥပဒေစည်းမျဉ်းတို့ ပေတည်း။

အပိုင်းအစများ>>>
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - , , , )

Monday, 26 July 2010

ဓမ္မ, အသောကနဲ့ အက္ခရာများ



အသောကကျောက်စာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ လက်လှမ်းမှီရာ ရှာဖွေစုဆောင်းနေတာ မပြီးနိုင်သေးဘူး။ အသောကကျောက်စာ ဘာသာပြန်တွေ စုစည်းထားတဲ့ “အသောကရဲ့ အက္ခရာများ”ပိုစ့်တွေကတော့ ၁၉အထိရောက်နေပြီ။ နောက်ဆုံးရေးခဲ့တဲ့ ပိုစ့်တောင် ၂နှစ်ကျော် ကြာခဲ့ပြီ။ ဘလော့ဂ်ထက် အက္ခရာတင်တာကလဲ ကျောက်ထက်အက္ခရာ တင်ရတာထက်တောင် ကြာနေသလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ဆက်ရေးဖို့ ကြိုးစားရအုံးမယ်။

အခု စိတ်ကူးပေါ်လာတာက “အသောကဓမ္မ”။ အသောကကျောက်စာတွေထဲက ကျောက်စာ ၂၁ခုမှာ “ဓမ္မ” ဆိုတဲ့ ဝေါဟာရတွေ ၁၀ရကြိမ် ရေးထားတယ် (ထပ်တွေ့ရင် ထပ်တိုးလာနိုင်သေးတယ်)။ “ဓမ္မ”ဆိုတဲ့ ဝေါဟာရ သီးသန့်လဲ တွေ့ရတယ်။ တစ်ခြားဝေါဟာရနဲ့ တွဲနေတဲ့ “ဓမ္မ”လဲ တွေ့ရတယ်။ ကျောက်တိုင်စာတစ်ခုမှာဆို “ဓမ္မ” ၂၉လုံး ရေးထွင်းထားတယ်။ ဒါကြောင့်လဲ “အသောကဓမ္မ”ဆိုပြီး နာမည်ရတာပဲ။ အသောကဓမ္မ”နဲ့ ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောထားတာတွေ ရှိတယ်။ ဘာသာရေး, လှုမှုရေး, နိုင်ငံရေး...စုံလို့ပဲ။ ဒီမှာ ပြောချင်တာက တစ်ခုထဲ။ အသောကကျောက်စာထဲက “ဓမ္မ” ဝေါဟာရတွေကို ပိဋကစာပေထဲမှာ အသုံးပြုထားတဲ့ “ဓမ္မ”တွေနဲ့ ညှိပြီး နှိုင်းယှဉ်ပြချင်တာပဲ။ အဲဒီမှာ တွေ့ရတာက...အသောကဓမ္မတွေဟာ ပိဋကအသုံး ဓမ္မတွေနဲ့ ဝေါဟာရအားဖြင့် လုံး၀ ထပ်တူညီတာတွေ တွေ့ရသလို ပိဋကမှာ ရှာမတွေတဲ့ အတွဲတွေလဲ တွေ့ရတယ်။ ကျောက်စာထဲက “ဓမ္မ“နဲ့ ပိဋကထဲက “ဓမ္မ” အဓိပ္ပါယ်အနေနဲ့လဲ တူတာတွေ ရှိသလို မတူတာတွေလဲ ရှိတယ်။ ဒီတော့ “ဝေါဟာရပကာသနီ”နဲ့ “အဓိပ္ပါယပကာသနီ”... ဒါတွေကိုလဲ ရေးဖြစ်မယ်။ ဒါ့အပြင် အသောကကျောက်စာတွေထဲက “ဓမ္မ”တွေရဲ့ ဆိုလိုရင်းကို ရှင်းပြရင်း, အသောကဓမ္မနဲ့ ထပ်တူညီတဲ့ ပိဋကဓမ္မတွေ ပါတဲ့ ဆိုင်ရာ သုတ္တန်တွေ အကြောင်း အကြမ်းဖျင်းလဲ ပြချင်တယ်။ ဒါမှ အသောကဓမ္မနဲ့ ပိဋကဓမ္မ ဝေါဟာရ, အဓိပ္ပါယ နှီးနွယ်ဆက်စပ်နေပုံကို ပြောပြီးသားဖြစ်သွားမယ်။ အင်း...စိတ်ကူးတွေကတော့ များသား။ အကောင်အထည်ပေါ်မပေါ်ကိုတော့ ကိုယ့်ဘာသာကိုယ် စောင့်ကြည့်ရမှာပဲ။

စိတ်ကူးတစ်ခု ရှိသေးတယ်။ “အသောကကျောက်စာလေ့လာရေးခရီး”ပဲ။ အိန္ဒိယနိုင်ငံတလွှားက ကျောက်တိုင်တွေပေါ်မှာ, ကျောက်ဆောင် ကျောက်တုံးတွေပေါ်မှာ, ကျောက်ဂူနံရံတွေပေါ်မှာ, ပြတိုက်တွေထဲ သိမ်းဆည်းထားတဲ့ ကျောက်ပြားတွေ ပေါ်မှာ အသောကကျောက်စာတွေ မပျောက်မပျက် ရှိနေသေးတယ်။ ဒါတွေကို မျက်ဝါးထင်ထင် မြင်ရရင် အတော် အရသာရှိမယ်။ ခရီးစဉ်လမ်းကြောင်းတွေကိုတော့ အကြမ်းဖျင်း ဆွဲထားပြီးသား။ နေရာတချို့ကိုတော့ ရောက်ပြီးပြီ။ ဒါပေမယ့် သုတေသနဆန်ဆန် သွားခဲ့တာမဟုတ်တော့ ကျောက်စာရှိတဲ့နေရာကို ရောက်ပြီး ဟိုငေးဒီငေးလုပ်နေတာနဲ့ ကျောက်စာတွေ မလေ့လာဖြစ်ခဲ့တာလဲ ရှိတယ်။ မသိတာလဲ ပါတယ်။ ဒီတော့ ရောက်ပြီးသားနေရာတွေကိုလဲ နောက်တစ်ခေါက် ထပ်ချီတက်ရအုံးမှာ။ ဤခရီး နီးသလားပေါ့။

Saturday, 12 December 2009

Lazy ဒါပေမယ့် Lion



ဒေလီတက္ကသိုလ်မှာ ကျင်းပတဲ့ Conference တစ်ခု အပြေးအလွှား တက်ဖြစ်တယ်။ Dalai Lamaကြီး ကြွရောက်ချီးမြှင့်မယ် ကြားလို့ပါ။ ပိတ်ပွဲအခမ်းအနားမှာ
Vice Chancellorက ဒီလို ဆိုတော့…
"We have had the Dalai Lama come and speak to us many times and each time he comes, something good happens in the university. So here's welcoming the honorary professor of DU."
Dalai Lamaက သူ့ရဲ့ speechကို ဒီလို စတင်ပါတယ်…
"Delhi University may call me its honorary professor but the reality is that I am a useless professor. And there are two reasons for that. Firstly, I have no time to do my duties as a professor and secondly, I am very lazy, so I don't do any homework. So here you have, a useless professor with a big name."


ဒီပုံရိပ်က ဒီနေရာက။