Showing posts with label စင်္ကြာဂါထာ. Show all posts
Showing posts with label စင်္ကြာဂါထာ. Show all posts

Monday, 18 July 2011

အဝင်အထွက်

ဂါထာဟောင်းတစ်ပုဒ် reviewပါ။ ဒီဂါထာလေးတွေကို ခဏခဏ ပိုစ့်လွန်းလို့ မျက်စိနောက်စရာတော့ ဖြစ်နေပြီ။ ဒါပေမယ့် အခုတလော တိုက်ဆိုင်မှုလေးတွေ ဖြစ်လာတော့ ပြန်ပြောချင်လာတာနဲ့...။
ဝဟန္တော စီဝရံ ဘဒ္ဒံ၊
ဝဉ္စစိတ္တော ဝဓာဇီဝေါ။
ဝရသတ္တံ ဝရံ ယာစိ၊
ဝရဒေါယေဝ ဆဒ္ဒန္တော​။

မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…
ဒီမြန်မာပြန်က “အပေးအယူ” ပိုစ့်တင်မယ်ဆိုမှ ရေးလိုက်တာ။ ဒီဂါထာလေး ရေးပြီးခါစက ဘာသာပြန်က ဒီလို…
မြတ်ဆုတောင်းဆို သောနုတ္တိုရ်ထံ
မြတ်ပျိုစွယ်ရင်း စွန့်လွှတ်နှင်းအပ်
မြတ်မင်းသခင် ဆဒ္ဒန်ဆင်မော်
မြတ်ရှင်ဉာဏ်တော် ရည်မှန်းမျှော်လျှက်…။
မြန်မာပြန်တွေက သိပ်မခန့်ဘူးလို့ ထင်မိတယ်။ မြန်မာစာ မကျွမ်းကျင်တဲ့ အနေအထားကြောင့်ပဲ ဖြစ်မယ်။ ကိုယ်တိုင်ရေးတဲ့ စကြာဂါထာကိုတော့ ကိုယ်တိုင်ပဲ အကုန် ကြိုက်တယ်။ အကြိုက်ဆုံးက "၀ရဒေါ"ဆိုတဲ့ ဝေါဟာရပဲ။ ဒီလိုမျိုး စကြာဂါထာလေးတွေ ရေးရတာကိုလဲ ကြိုက်တာပဲ။ ဒီစကြာဂါထာလေးကို ရေးဖြစ်တဲ့အကြောင်းက ဂါထာ ၂ပုဒ်ကြောင့်ပါ။
အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဒဟိဿတိ်
အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ။
ယော စ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝမရဟတိ။
ဘာသာပြန်က မေဓာဝီ တင်ဆက်တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲမှာ ပါတယ်။ ဒီဇာတ်တော် ဖတ်ဖြစ်ပြီးမှ စကြာဂါထာလေးနဲ့ ဒီဂါထာ ၂ပုဒ်နဲ့ အဆက်အစပ်ကို ပြန်တွေးမိနေတယ်။
“ကော ဇာနာတိ ကိံ ဘဝိဿတိ”
“ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ”
ဆဒ္ဒန်ဆင်မင်းဇာတကအဋ္ဌကထာထဲက ဆဒ္ဒန်ဆင်မင်းရဲ့ အတွေးတစ်စပါ။ ဒီအတွေးလေးကို အခြေခံပြီး ထပ်တွေးနေမိတယ်...
ဖြစ်သင့်တာတွေ တိမ်းမှောက်ကုန်ပြီး ဖြစ်ချင်တာတွေ တည့်မတ်ကုန်တာ သဘာဝပါ်
ရည်ရွယ်ချက်တွေ ယိမ်းယိုင်ကုန်ပြီး တပ်မက်ချက်တွေ ခိုင်မာလာတာ သဘာဝပါ။
ပီတိတွေ လျော့ပါးကုန်ပြီး သောကတွေ ပြည့်လျှံလာတာ သဘာဝပါ။
သစ္စာတွေ နွမ်းခြောက်ကုန်ပြီး မိစ္ဆာတွေ ဖွံ့ထွားလာတာ သဘာဝပါ်
….. ….. ….. ….. ….. ….. …..
သဘာဝဟာ သဘာဝပါ်
*** မျှော်လင့်ချက်တွေ အရောင်ပြောင်းကုန်တဲ့ ညီနောင်များအတွက် အမှတ်တရ။

Saturday, 2 October 2010

Neoနမက္ကာရ



ဘယ်အရွယ်မှာ ဘယ်လို စပြီး ဘုရားရှိခိုးဖြစ်သလဲ မမှတ်မိတော့ဘူး။ အရွယ်ရောက်လာတော့ ဘုရားရှိခိုး အမျိုးမျိုးတွေ ရွတ်ဖတ်သရဇ္စျယ်ပြီး ဂုဏ်တော်ထုံမွှန်း ပုံတော်မှန်းပြီး ဗုဒ္ဓာနုဿတိဘာ၀နာပွားများရတာ အမော။ ဂါထာရေးဖွဲ့တတ်လာတဲ့အခါ ဉာဏ်မှီသလောက် ဘုရားဂုဏ်တော်ဖွဲ့တွေ သီကုံးပူဇော်ဖြစ်ခဲ့တယ်။ အနှစ်သက်ဆုံး ရေးဟန်ကတော့ စင်္ကြာဂါထာတွေပဲ။ စတွေ့တဲ့ ပုံစံက စက်ဝန်း။ ဒါကို နည်းယူပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဗောဓိညောင်ရွက်နဲ့ စင်္ကြာပုံဖော်, ဂါထာရေးထည့်ပြီး စွဲစွဲမြဲမြဲ ပူဇော်ဖြစ်တယ်။ တိုတိုနဲ့ လိုရင်းပဲ အာရုံပြုချင်တဲ့အခါမျိုးပေါ့။ ကိုယ်တိုင်ရေးတဲ့ ပါဠိကဗျာ ဂါထာတွေနဲ့ ဘုရားရှိခိုးရတာ အတော် အရသာရှိတယ်လို့ ပြောမိတော့ သမိုင်းဆရာတစ်ဦးကတော့ မှတ်ချက်ပေးတယ်။ ရှေးဆရာတော်တွေရဲ့ နမက္ကာရတွေမှ အားမနာတဲ့။

ပုံထဲက ဂါထာစာသားနဲ့ မြန်မာစကားပြေကို ဒီမှာ တင်ထားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ခန့်က ဒီဂါထာလေး ရေးဖြစ်ခဲ့တာ။ အဲဒီတုန်းက အရှင်ဗုဒ္ဓဃောသမထေရ် နမက္ကာရပါဠိကို မဖတ်ဘူးသေးဘူး။ အခု ပိုစ့်တင်ခါနီးမှ ဖတ်ဖြစ်တယ်။ ကိုယ်ရေးသားပူဇော်ထားတဲ့ ဂုဏ်တော်ကို နမက္ကာရထဲမှာ ရှာတွေ့တော့ အတော် ကြည်နူးမိတယ်။ အာစရိယပရမ္ပရ, သိဿာနုသိဿ အစဉ်အဆက် ဒီလိုပဲ ဗုဒ္ဓဂုဏ်တော်ဘွဲ့တွေ ဖွဲ့သီပူဇော်ခဲ့ကြတာနေမှာ။

ယော ဗုဒ္ဓော သုမတိ ဒိဝေ ဒိဝါကရော၀၊
သောဘန္တော ရတိဇနနေ သိလာသနမှိ။
အာသီနော သိ၀သုခဒံ အဒေသိ ဓမ္မံ၊
ဒေဝါနံ တမသဒိသံ နမာမိ နိစ္စံ။

ဒီဂါထာက အရှင်ဗုဒ္ဓဃောသမထေရ် ရေးသားပူဇော်ခဲ့တဲ့ နမက္ကာရထဲက ဂါထာတစ်ပုဒ်ပါ။ ကိုယ်တတ်သမျှ မြန်မာပြန်ထားတာက ဒီလိုပါ…

သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဗုဒ္ဓသည်
နေမင်းသဖွယ် ထွန်းလင်းတင့်တယ်တော်မူလျက်
မွေ့လျော်ဖွယ်ရာ ပဏ္ဍုကမ္ပလာမြကျောက်ဖြာထက်၌ သီတင်းသုံးတော်မူကာ
မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား
နိဗ္ဗာန်ချမ်းသာကို ပေးတတ်သော အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူခဲ့လေပြီ။
အတုမရှိ မြတ်ဗုဒ္ဓကို အမြဲမပြတ် ရှိခိုးပူဇော်ပါ၏။

*** ကျီးသဲလေးထပ်ဆရာတော် ရေးသားစီရင်ခဲ့တဲ့ ပကိဏ္ဏက-နမက္ကာရ-အစိနေ္တယျဘုရားရှိခိုးကို ကိုယ်တိုင်လဲ ရွတ်ဖတ်ပူဇော်, သူတပါးကိုလဲ တိုက်တွန်းတတ်တဲ့ အဘိုးကို လွမ်းမိလေရဲ့…။

Sunday, 31 August 2008

ပထဝီထဲက သမိုင်း

၂၀၀၇ နှစ်ဆန်းပိုင်းတုန်းက ရာဇဂြိုလ်နဲ့ သာဝတ္ထိကို သွားဖြစ်တယ်။ အဲဒီကို ရောက်တော့ ဖတ်ထားမှတ်ထားသမျှ ပါဠိစာပေတွေထဲက သတိရမိတဲ့ အကြောင်းတွေ အများကြီး။ ပါဠိစာပေသင်ခါစက ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ကိုတော့ မှတ်မှတ်ရရ သတိရမိတယ်။ ဒေ၀ဒတ်အကြောင်းပါ။ ဇတ်လမ်းကတော့ အားလုံး သိပြီးသားပါပဲ။

devadatta


၀ရာနုဘာ၀သဉ္ဇာတ-ဝမ္မိနောပိ ၀ဓတ္ထိက။
၀သုဓာ ဝိ၀ဋာ အတ္တ-၀ဓာယ ဒေ၀ဒတ္တ တေ။

မဟာကရုဏာတော်ဝတ်ရုံ ဆင်မြန်းထားသော မြတ်ဗုဒ္ဓကိုမှ
အသေသတ်ဖို့ ကြိုးစားသည့် အို…ဒေ၀ဒတ်
သင့်အတွက်တော့
မြေအပြင်သည်
ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့
ဟင်းလင်းပွင့်ခဲ့ပြီ…။

ဒီလို စင်္ကြာဂါထာလေးတွေကို အမြဲတမ်း မရေးဖြစ်ဘူး။ တကယ့်ကို အကြောင်းညီညွတ်မှ။ ဒီဂါထာလေးကို ရေးဖြစ်တဲ့ အဓိကအကြောင်းကတော့ ပါဠိစာလုံးလေး တစ်လုံးကို တွေ့မိလို့ပါ။ “အတ္တ၀ဓ”တဲ့။ အတ္တ=မိမိကိုယ်။ ၀ဓ=သတ်ခြင်း။ Pali Test Society ပါဠိအဘိဓာန်က self-destructionလို့ ဖွင့်တယ်။
၀ဓမှာ “၀”အက္ခရတစ်လုံးပါတယ်။ ဒီတော့ ဒီအက္ခရာကို အသုံးပြုပြီး ဒီဂါထာလေးကို စပြီး ပုံဖော်ရတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းမှာ ပါတဲ့ သူကလဲ ဒေ၀ဒတ္တ။ ဒီမှာလဲ “၀”အက္ခရာတစ်လုံးပါပြန်ရော။ နည်းနည်း ရုပ်လုံးပေါ်လာတာပေါ့။ ပြီးတော့ ၀ဓတ္ထိက=သတ်ဖြတ်ဖို့ လိုလားသူ။ “၀” ၃လုံး ရှိသွားရော။ ပြီးတော့ ၀သုဓာ=မြေပြင်။ ဝိ၀ဋာ=ဟင်းလင်းပွင့်။ “၀” ၅လုံး ဖြစ်သွားပြီ။ ဒါတွေက ဒေ၀ဒတ်နဲ့ ပတ်သက်တဲ့ အက္ခရာတွေ။
မြတ်ဗုဒ္ဓနဲ့ ဆိုင်တဲ့ စကားရပ်ကတော့ တစ်ခုထဲ။ ၀ရာနုဘာ၀သဉ္ဇာတဝမ္မီ=ထူးမြတ်သော အာနုဘော်ကြောင့်ဖြစ်သော ချပ်ဝတ်တန်ဆာရှိသူ။ ဒါက တိုက်ရိုက် ဘာသာပြန်တာ။ “မဟာကရုဏာတော်ဝတ်ရုံနဲ့ မြတ်ဗုဒ္ဓ”ကတော့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါ။ ဒီဝေါဟာရမှာ “၀”အက္ခရာ ၃လုံးပါတယ်။
ဒီတော့ အားလုံးပေါင်း “၀” ၈လုံး။ ဒီဂါထာ ဖွဲ့စပ်နည်းအရ “၀” ၈လုံး ပါကိုပါရမယ်။ သူ့နေရာနဲ့သူ ထားရတယ်။ ဒီလို ဇတ်လမ်းနဲ့ သက်ဆိုင်ရာ အက္ခရာတွေကို စုစည်းပြီး ဒီိလို စင်္ကြာဂါထာလေးတွေ ရေးဖြစ်ခဲ့တာပါပဲ။ အခုတော့ မရေးဖြစ်တာ ကြာနေပြီ။ အင်း...အက္ခရာတွေလဲ ပထဝီဝင်ဖြစ်ကုန်ပြီလားမသိ။

Saturday, 23 August 2008

အပေးအယူ



၀ဟနေ္တာ စီ၀ရံ ဘဒ္ဒံ၊
၀ဉ္စစိတ္တော ၀ဓာဇီဝေါ။
၀ရသတ္တံ ၀ရံ ယာစိ၊
၀ရဒေါယေ၀ ဆဒ္ဒနေ္တာ။

မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…။


ကြာပြီ။ ဒီဂါထာလေးကို ရေးခဲ့တာ ၁ဝနှစ်ကျော်ပြီ။ ဘာကြောင့်ရေးခဲ့လဲဆိုတာတောင် ဝါးတာတားဖြစ်နေပြီ။ အခု ပြန်ဖတ်မိတော့ ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ လိုတာ ရလို့ ပျော်မြူးနေသလား။ ရတာ မလိုလို့ ညည်းညူနေသလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ သေချာတာကတော့ “ယူကားယူ၏…မရ” ဖြစ်နေတာပါပဲ။

Thursday, 31 July 2008

ခလုတ်ထိမှ



ဝရညူ ဒေဝပါမောက္ခေါ၊
ဝဉ္စီနံ ဒေဝဓီတာနံ။
ဝသမ္ပိ နေဝ အာပန္နော၊
ဝန္ဒေ ဗုဒ္ဓံ ဝသိပ္ပတ္တံ။

မာယာများသည့် မာရ်နတ်သမီးပျိုတို့၏
အလိုဆန္ဒကို မလိုက်လျောခဲ့သော
နတ်တို့၏ အကြီးအမှူးဖြစ်သော
အလိုရှိတိုင်း ပြီးပြည့်စုံသော
သမ္မာသမ္ဗုဒ္ဓကို
ဦးခိုက်ပါ၏။

ဒီစကြာဂါထာလေးကို ရေးဖြစ်ခဲ့တာ ကြာလှပါပြီ။ မဟာဗုဒ္ဓဝင်ထဲက အနှစ်သက်ဆုံး ဖြစ်တော်စဉ်တစ်ခုကို အာရုံယူပြီး ရေးထားတာ။ အခုအချိန်မှာ ဒါကို သတိပြန်ရလာတဲ့ အကြောင်းကလဲ ရှိနေတယ်။ ဒုက္ခစိတ်နဲ့ ဒွိဟလူတစ်ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည် ဝါးတားတားဖြစ်နေချိန်မှာ ဘုရားတတဲ့ သဘောမျိုးများ ဖြစ်နေလားတော့ မသိဘူး။ ပရိတ်ကြီး ဓဇဂ္ဂသုတ်ထဲက “မမေဝ တသ္မိံ သမယေ အနုဿရေယျာထ”ဆိုတဲ့ မြတ်ဗုဒ္ဓအလိုတော်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းရင်း…။

Monday, 31 March 2008

Blogအက္ခရသညာတော

စာတစ်စောင်ပေတဖွဲ့ ဘယ်အရွယ်မှာ စရေးခဲ့ဘူးသလဲတော့ မမှတ်မိတော့။ တစ်ကြောင်း တစ်ပါဒလေးမျှပင် မှတ်တမ်းမှတ်ရာ မရှိ။ ဒီတော့ အတိတ်က အရိပ်တွေကို ထားလိုက်ပါ။ ရာစုသစ်မှာ ရှင်သန်နေတဲ့ အကြောင်းပဲ ပြောမယ်။ အိုင်တီခေတ်ရဲ့ သွေးဆောင်မှုကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်တိုင်ရေးပုံတူတစ်ခု ခြယ်မှုန်းမိခဲ့တယ်။ ၂၀၀၇ မတ်လထဲမှာ စခဲ့တာ။ လမ်းကြောင်းက နတ္ထိ၂၂
gmail accountရှိသူတိုင်း ဖန်တီးလို့ရတဲ့ blog့ဆိုတာပေါ့။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရေးချင်တာ ရေးနေကြတဲ့ bloggerတွေကလဲ အများကြီး။ သူ့ဘလောဂ့် ကိုယ့်ဘလော့ဂ် အပြန်အလှန် ဖတ်ကြ အားပေးကြ ကူညီကြ ညှိနှုိုင်းကြ ဝေဖန်ကြ။ ကူးလူးဆက်ဆံမှုကတော့ တကယ် လွမ်းစရာ။ virtual world လား small world လား မသိနိုင်ပေမယ့် dream world မဟုတ်, happy world တစ်ခုလို့ ခံစားရတယ်။ ပျော်ရွှင်စရာ ဘလောဂ့် ကမ္ဘာလေးတစ်ခုပေါ့။ မျက်မှောက်ခေတ်မှာတော့ ဘလောဂ်တွေရဲ့စီးမြောမှုတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ အကောင်းအဆိုး ကွဲပြားပေမယ့် အကျိုးသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိိပါပဲ။

ကိုယ်တိုင်က ပါဠိcrazyဆိုတော့ ပါဠိနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဦးစားပေး ရေးဖြစ်တယ်။ အထူးသဖြင့် ကိုယ်တိုင်ရေးထားတဲ့ ပါဠိဂါထာတွေ မျှဝေဖြစ်တယ်။ ဒါပေမယ့် ဘလောဂ့်ရေးတာကို ဇွန်လမှာ ရပ်လိုက်တယ်။ အဲဒီ့လေးလအတွင်းမှာတော့ မြင်တွေ့ ကြားသိတာလေးတွေကို ရေးဖွဲ့မိခဲ့တယ်။ ဒီအထဲမှာ ခရီးသွားမှတ်တမ်းတွေ လဲပါတယ်။ သံဝေဇနိယ ၄-ဌာနထဲက လုမ္ဗိနီနဲ့ ဗာရာဏသီမှာ အသောကကျောက်စာတိုင်တွေ ရှိတယ်။ ဒါတွေကို အမှတ်တရအနေနဲ့ ဘလောဂ့်မှာ ရေးဖြစ်တယ်။ ဘီစီ ၃ရာစုက ဇမ္ဗူဒိပ်ရဲ့ မှတ်တမ်းတွေဖြစ်တဲ့ အသောကကျောက်စာတွေကို အေဒီ ၂၁ရာစုသစ်က ခေတ်သစ်နည်းပညာနဲ့ ဘလော့ဂ်မှာ ပုံဖော်လိုက်ရာ ကြည်နူးစရာပါ။ တစ်ခုတော့ ရှိတယ်။ ဘလောဂ့်သက်တမ်းက ကျောက်စာသက်တမ်းကို မှီမမှီဆိုတာတော့ မပြောနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျောက်ထက်အက္ခရာ တင်ထားတာတွေကို ဘလောဂ့်ထက် အက္ခရာတင်လိုက်ရတာပါပဲ။ ဟုတ်တယ်နော။ “အက္ခရာတို့ဖြင်သာ ကောင်းစွာ သိအပ်၏”တဲ့။

နတ္ထိရဲ့ ခရီး-လုမ္ဗိနီ
(၂၀၀၇ ဧပြီ ၂၇တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန်ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာလွင့်ပျံ့နေဆဲပါ။

ဒီလို ဘလော့ဂ်မှာ ရေးလိုက်တာနဲ့ လာဖတ်တဲ့သူတွေရဲ့ တုန့်ပြန်မှုလေးတေွေကိုလဲ မှတ်တမ်းတစ်ခုအနေနဲ့ တွေ့နိုင်တယ်။ ပုထုဇဉ်ဆိုတဲ့ ဘလော့ဂ်ဂါတစ်ဦးက အသောကရဲ့ အခွန်ကင်းလွတ်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောတော့ ကိုယ်ကလဲ ကိုယ်နားလည်သမျှ ပြန်ပြောဖြစ်တယ်။ ဒါမျိုးကို ဘလော့ဂ်ရဲ့ ရသတစ်မျိုးလို့ ဆိုနိုင်တယ်။

ပုထုဇဉ်…
"ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။"
အခွန်ကင်းလွတ်ခွင့် ပေးတာတောင်မှ ရှစ်ဖို့ တစ်ဖို့ (၁၂.၅%) ပေးရသေးလား၊ ဒါဆို အခွန်များ ကင်းလွတ်ခွင့် မပေးရင် ဘယ်လောက်တောင် ကောက်သလဲ မသိဘူးနော်။ ရှေးဘုရင်များက အခွန်အတုတ် ကြီးကြီး ကောက်ပုံရတယ်။ ဒါမှမဟုတ် အရင်ကောက်နေကျ ပုံမှန်အခွန်ရဲ့ ရှစ်ပုံ တစ်ပုံကိုပဲ ကောက်မယ်လို့ ပြောတာများလား၊ ကျွန်တော်တော့ သိပ်နားမရှင်းဘူး။

နတ္ထိ…
ပုထုဇဉ်…. “ဥဗလိကေ ကဋေ အဌ ဘာဂိယေ စ” ဆိုတာလေးက စိတ်ဝင်စားစရာပါဗျာ။ အသောကဘုရင် လက်ထက်တုန်းက အခွန် ကောက်ခံပုံနဲ့ ပတ်သက်ပြီး လုမ္ဗိနီက ကျောက်စာကို အခြေခံပြီး လေ့လာသုံးသပ်ထားတာတွေကို ဒီလမ်းကြောင်းမှာ ကြည့်ပါဦး။
http://www.lumbiniinteractive.org.np/contents/index.php?view=activity&&id=2
4. Reconsidering the Runnibdei inscription: correction and its grounds ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်ပါတယ်။

ပုထုဇဉ်…
ရှင်းပြထားတဲ့ လင့်ခ်ပေးထားတော ကျေးဇူးပါ။
"paying (only) an eighth share ([for a sixth share] of the produce.)"
ဆိုတော့… အရင်ပေးနေကျရဲ့ ရှစ်ပုံတစ်ပုံပဲ ကောက်တာပေါ့နော၊ အရင်ပေးနေကျက ခြောက်ပုံတစ်ပုံ၊ (သူ့ရဲ့ ရှစ်ပုံတစ်ပုံဆိုတော့) စုစုပေါင်း ထွက်တဲ့ ကုန်အားလုံးတန်ဖို့ရဲ့ ၄၈ပုံ တစ်ပုံဆိုတော့ အခုခေတ်အခေါ် ၂%လောက်ပဲ ဝင်ငွေခွန် ကောက်တဲ့သဘောပေါ့နော။ ကျွန်တော် အဓိပ္ပါယ်ကောက်တာ မှန်ရဲ့လား။ ဒါဆိုရင်တော့ အများကြီး သက်သာတယ်လို့ ပြောရမယ်။

နတ္ထိ…
ပုထုဇဉ်…အသောကဘုရင်ရဲ့ သဘောထားတွေကို လေ့လာနေဆဲပါခင်ဗျာ။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။ စစ်စည်စစ်မောင်းတွေ ရပ်စဲပစ်ပြီး တရားစည်တော်ကို တီးခတ်ခဲ့သူ တစ်ယောက်မှာ အလွန့်အလွန် ထူးခြားမှုတွေ ရှိမယ်လို့ ထင်ပါတယ်။



နတ္ထိရဲ့ ခရီး-ဗာရာဏသီ
(၂၀၀၇ မေ ၂၀ တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။

“ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။”
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။

၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။

ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ်အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။

ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။

ဆရာသမားတစ်ဦးရဲ့ မွေးနေ့အထိမ်းအမှတ်စာစောင်မှာ ရေးထားတာကို ပြန်ဖော်ပြထားတာပါ။



Saturday, 7 April 2007

နတ္ထိရဲ့ မိဘ ( ၁၂ )


၀ရညူ ဒေ၀လောကေ ယော၊
ဝဏ္ဏေနေ္တာ ပ၀ရံ ဓမ္မံ။
၀ဿံ ဝုဋ္ဌော ၀ရာစာရော၊
၀နေ္ဒ ဂရု၀ရံ ဗုဒ္ဓံ။


တာ၀တိ ံသာနတ်ပြည်၌ ဝါကပ်တော်မူလျက်
အဘိဓမ္မာဒေသနာကို ဟောကြားတော်မူသော
သဗ္ဗညုတ မြတ်စွာဗုဒ္ဓကို ရိုသေမြတ်နိုး ရှိခိုးပါ၏။


၈-၄-၀၇ မွေးနေ့ အမှတ်တရ