Showing posts with label MY NOTE. Show all posts
Showing posts with label MY NOTE. Show all posts

Wednesday, 23 May 2007

နှစ်ဆယ့်တစ်ရာစု ဒေါင်းမဓုဋီကာ


ပုထုဇဉ်ရဲ့ နှစ်ဆယ့်တစ်ရာစုဒေါင်းဋီကာကို ဖတ်ပြီး ဒန်းစီးနေတဲ့ဒေါင်းတွေလို့ ကွန့်မန့် ရေးမိတယ်။ ဒါကို ပုထုဇဉ်က ဒီခေါင်းစဉ်နဲ့ ကဗျာရေးဖိုး ideaပေးတော့ ပန်ဒိုရာက ကဗျာတစ်ပုဒ်ရေးတယ်။ သူများရေးတာ အားကျပြီး ကိုယ်တိုင်လဲ တစ်ပုဒ်လိုက်ရေးမိတယ်။

ကိုယ်ရေးတာက နှစ်ဆယ့်တစ်ရာစုဒေါင်းမဓုဋီကာ။
.
ပါဠိစာပေမှာ အလွန် နာမည်ကြီးတဲ့ အဘိဓမ္မာပါဠိတော်ရဲ့ အဋ္ဌကထာအဖွင့်တွေကို မူလဋီကာ အနုဋီကာလို့ ခေါ်တယ်။ တစ်ခြားပါဠိတော်တွေနဲ့ ဆိုင်တာကတော့ အဋ္ဌကထာ ဋီကာလို့ပဲ ရှိတယ်။ အဘိဓမ္မာကတော့ သိမ်မွေ့နက်နဲလွန်းလို့ မူလနဲ့ မပြီးဘဲ အနု မဓု လိုက်ရတာ။ အခုလဲ ဒေါင်းနဲ့ ပတ်သက်ပြီး ဆိုင်တယ် မဆိုင်ဘူးလို့ ဘာပဲပြောပြော။ တွေးမိတွေးရာ ရေးချင်ရာရေး ဘေးမဖြစ်ပါဘူးနော။
ကဲ…မပြောမရှိနဲ့။ စပါပြီ။

ဒေါင်းဆိုမှ ဒေါင်း
ဘယ်လဲ ဘာလဲ မေးစရာမလို
မြောင်းထဲက မဟုတ်ဘူးတဲ့။
အေးမြတဲ့အခါ ကဒေါင်း
အုံကြွတဲ့အခါ ခွပ်ဒေါင်း
ကောင်းသတင်းကျော်စောခဲ့သမျှ
နှစ်ဆယ့်တစ်ရာစုမှာ ဒေါင်းတွေ ဒေါင်းတွေ
ကောင်းကျိုး အထွေထွေ မချွန်မြ
ဒေါင်းအိုးဝေ မတွန် မက
ဒေါင်းပါး၀နေပေါ့။
၀လွန်းလို့လဲ
ဒန်းစီးရင်း downကုန်ကြပြီ။

Wednesday, 25 April 2007

နတ္ထိရဲ့ ဗရုတ်သုတ်ခ-၁၀


ပြောမယ့်သာ ပြောရတယ်။ ဗရုတ်သုတ်ခတွေက ၁၀-ချက် မကဘူး။ ဒါပေမယ့် အကျဉ်းချုံးပြီး ပြောကြည့်မယ်ဗျာ။ ဗဟိဒ္ဗအသွင်အပြင်တွေကို ပြောတာထက် အဇ္စှျတ္တ အနေအထားတွေကို ပြောရင် ကောင်းမလားလို့….။

(၁) လောဘဇောတွေ တစ်ခါတစ်ရံ အရမ်း တက်တတ်ပါတယ်။
(၂) ဒေါသအမျက်ကတော့ အကြောင်းသင့်ရင် အကြီးအကျယ်ပါပဲ။
(၃) မောဟစားသူ..အဲ မောဟများသူပါ။
(၄) မာနလဲ ကြုံရင် အတော် ကြီးတတ်တယ်။
(၅) ဒိဋ္ဌိအစွဲပြင်းတယ်။
(၆) ဝိစိကိစ ္ဆာတွေ ဝင်ပြီး ဟိုလိုဒီလို ဖြစ်လေ့ရှိတယ်။
(၇) ထိနမိဒ္ဗကတော့ များသလား မမေးနဲ့။
(၈) ဥဒ္ဓစ္စလွင့်ပျံ့ပြီး တောင်စဉ်ရေမရ ဖြစ်တတ်တယ်။
(၉) အဟိရိကဖြစ်တဲ့အခါ မဟုတ်တာ လုပ်ရမှာ မရှက်တတ်ပါ။
(၁၀) အနောတ္တပ္ပဖြစ်ရင် မဟုတ်တာ လုပ်ရမှာ မကြောက်သူ တစ်ယောက်ပါ။

စိတ်ထဲမှာ အဲ့ဒီလို အဲ့ဒီလို ဖြစ်တတ်တယ်။ ဒီ ၁၀-ချက် တိုးပွားးလာရင်တော့ ၁၅၀၀-ကိလေသာတွေ ဖြစ်လာတော့တာပါပဲ။ အင်း…ဖြစ်ချင်တာဖြစ်။ ကိုယ်ဖြစ် ကိုယ်ခံပေါ့ဗျာ…။

ကဲ… Bloggerတွေမှာ Tag outbreak ဖြစ်အောင် လုပ်တဲ့သူူတွေကို အထူး ကျေးဇူးတင် မိပါတယ်။ ကို်ယ့်ကို Tag Game ထဲ ဆွဲသွင်းသူတွေကိုလဲ ကျေးဇူးကမ္ဘာပါပဲ။ ကိုယ့်အလှည့် ပြီးတော့ တခြားသူတွေကိုလဲ လက်တို့ရဦးမယ်။ ဘာပဲပြောပြော လူရင်းတွေကိုပဲ ပြောလိုက်တော့မယ်။
(၁) သမိန်ပေါသွပ်
(၂) ပြာလောင်
(၃) Mr. Bean
အင်း…ဒီလူတွေ အိုကေမယ်လို့ မျှော်လင့်တယ်ဗျာ။

Friday, 30 March 2007

နတ္ထိရဲ့ ဓမ္မပဒ

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ပါဠိစာပေဟာ လေးနက်တဲ့ အဓိပ္ပါယ်ပြည့်၀တဲ့ လောကကောင်းကျိုးရှေ့ရှုတဲ့ စာကောင်း ပေမွန် တစ်ခုပါ။ ဖတ် မှတ် လော့လာရုံနဲ့ သိသာပါတယ်။ မိမိ သူတပါးကို တစ်စိုးတစ်စိမျှ ထိပါးခြင်း မရှိဘဲ မိမိရဲ့ ကျင့်ကြံကြိုးကုတ်မှုအပေါ် မူတည်ပြီး အကျိုးအမြတ်ကောင်းများ ရနိုင်ပါတယ်။ မျက်ကန်း ယုံကြည်မှုကို ဖယ်ရှားပြီး မိမိရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ လွပ်လပ်သော အတွေးအခေါ် အယူအဆများကို ကိုင်စွဲကာ ဘဝရဲ့ ဒုက္ခများကို မရှောင်တမ်း ရင်ဆိုင် နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ အမြင်များနဲ့ လောကရဲ့ မညီညာမှုတွေ အပြောင်းအလဲတွေ အရှုပ်အထွေးတွေကြားမှာ ငြိမ်းအေးစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
တိတိကျကျ ပြောရရင် ၁၉၈၆/၈၇ မှာ။ ၉တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ပျော်စရာအတိပါ။ ပူပင်စရာ မရှိ။ ကျောင်းသွား ကျောင်းပြန် စာမှန်မှန်ကျက် ဒါပဲ( ဟိုဟိုဒီဒီ အလေလိုက်ချင်တဲ့ စိတ် တဖြည်းဖြည်း ရင့်လာတာလေးတော့ ရှိတာပေါ့)။ ကျောင်သားတစ်ယောက်ရဲ့ ဘဝ ပြန်တွေးကြည့်ရင် လွမ်းမောစရာထက် မတည်ငြိမ်သေးတဲ့ သဘောတွေ ရှိနေတာကို တွေ့ရမှာပါ။ ဒီအထဲက တစ်ခုကို ပြောချင်လို့ပါ။ ကျောင်းတက်နေတုန်းမှာ အတန်း အကူးအပြောင်းမှာ ဆရာ မလာတဲ့ အချိန်များ ရှိတတ်ပါတယ်။ အလွန် ပျော်ပေါ့။ အဲဒီလို အချိန်လေးမှာပေါ့….။
ဟိန်း….အသံကြီးတစ်ခု ကြားလိုက်ရပါတယ်။ သိလိုက်ပါပြီ။ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင် သံစဉ် တစ်ခု ဖြစ်ပါတယ်။ ကျောင်းဝန်းထဲမှာ ဒီလို အသံမျိုး ကြားလို့ကတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့။ ပြေးစမ်း။ ဟုတ်တယ်။ ကျောင်းအုပ်ကြီးနဲ့ ရင်ဆိုင်တိုးမိရင် မလွယ်ပါ။ အနည်းဆုံး တစ်ချက်တော့ အတီးခံရမှာ သေချာတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး တီးပါတယ်( သားရေကွင်း လက်မှာ ပတ်ထားသည်ကို တွေ့၍ အရိုက်ခံရဘူးပါသည်)တမတ်စေ့အောက် မရော့့သော လုံးပတ် ရှိတဲ့ ကြိမ်လုံးကို လက်ထဲက မချပါ( မတ်စေ့ မမြင်ဘူး သူများ ခွင့်လွှတ်ပါ)။ သူ့ အတီးကလည်း စိန်ဗေဒါ ထက် ပြင်းပါတယ်။
အခုလည်း တုတ်ကြီးကိုင်ပြီး စာသင်ခန်းထဲ ဝင်လာပါတယ်။ သေချာပြီ။ အတန်းမှာ ဆရာ မရှိတုန်း သူကိုယ်တိုင် ဝင်ပြီး သင်မယ်ပေါ့။ ဒါမျိုး မကြာခဏ လုပ်တတ်ပါတယ်။ သင်တော့လဲ သင်ခန်းစာနဲ့ ပတ်သက်တာ သင်ခဲပါတယ်။ သင်ချင်တာ သင်ပြီး ဆိုခိုင်းတော့တာပဲ။ သူ ပါးစပ်ကြီး ဟဟပြီး ဆိုတဲ့အတိုင်း လိုက်ဆိုရပါတယ်။ သူ့ ပုံက အလွန် ရယ်ဖွယ် ဖြစ်ပါတယ်။( အခု စာရိုက်နေရငး် မျက်လုံးထဲ ပြန် မြင်ယောင် နေမိပါတယ်) ရီလို့ မရပါ။ သူ့ရှေ့့မှာ ရီဖူးသူများ လွမ်းလောက်အောင် အတီးခံရဘူးပါတယ်။ အဲဒီနေ့မှာတော့ စာတစ်ပုဒ် သင်ပါတယ်။ ဖတ်ပြတယ်။ လိုက်ဆိုရတယ်။ အဓိပ္ပါယ် ပြောခဲ့သလား မမှတ်မိတော့ပါ( သူငယ်ချင်းများထဲက မှတ်မိသူများ ရှိမလား မသိပါ)။ အတန်းပြောင်း ခေါင်းလောင်းခေါက် နောက်ဆရာ တစ်ယောက်လာ ကျောင်းအုပ်ကြီးလည်း သွားရော ပြီးသွားတာပါပဲ။
နောက် (၈)နှစ်လောက် အကြာမှာ ကျောင်းအုပ်ကြီး သင်ခဲ့တဲ့ စာတစ်ပုဒ်ကို ပြန်လည် သင်ကြားရပါတယ်။

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ဒီစာပိုဒ်ပါ။ ငယ်စဉ်က ဒါဟာ ပါဠိဂါထာ(ကဗျာ), ဗုဒ္ဓဒေသနာလို့ မသိခဲ့ပါ။ သိတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကို အလွန် သတိရပါတယ်။ ဒါပေမယ့် သူ ကွယ်လွန်ခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ။ Erich Segalရဲ့ The Classကို မြသန်းတင့်က လွမ်းမောခဲ့ရသော တက္ကသိုလ် နွေဦးညများ လို့ ဘာသာပြန်တယ်။ အခုက တက္ကသိုလ်မဟုတ်ပါ။ အထက်တန်းကျောင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော လွမ်းတော့ လွမ်းရပါတယ်။
ဒီကဗျာရဲ့ အဓိပ္ပါယ်က အတော် မြင့်ပါတယ်( ကျောင်းအုပ်ကြီးက သူ့တပည့်များကို အတော် အထင်ကြီးပုံ ရပါတယ်)။ ဆရာတော် အရှင် သေဋ္ဌိလရဲ့ မြန်မာပြန်က ဒီလိုပါ….

“မြေတပြင်လုံးကို အစိုးရသော စကြာ၀တေးမင်း အဖြစ်ထက်လည်းကောင်း၊
နတ်ပြည် ဗြဟ္မပြည်သို့ သွားရသည်ထက် လည်းကောင်း
သောတာပတ္တိဖိုလ်ကို ရခြင်းသည် မြတ်၏။”

မြတ်ဗုဒ္ဓရဲ့ ဒေသနာထဲမှာ “ဓမ္မပဒ”လို့ အမည်ရတဲ့ စာစုထဲက ဖြစ်ပါတယ်။ ဆရာတော် အရှင် သေဋ္ဌိလကပဲ “လူအမျိုးမျိုးတို့၏ စိတ်သဘော အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verses) တရားတော် ညွှန့်ပေါင်းကျမ်း ဖြစ်ပါသည်” ဟု “ဓမ္မပဒ”ကို အဓိပ္ပါယ် ဖွင့်ပါတယ်။ အဲဒီထဲက တစ်ဂါထာဟာ အခုထိ ရင်ထဲမှာ ရိုက်ခတ်နေဆဲပါ။

ဆရာကြီးအား ဤစာတိုပေစဖြင့် ပူဇော်ပါသည်။

Thursday, 29 March 2007

နတ္ထိရဲ့ နတ္ထိ

ရှိုခြင်းနဲ့ မရှိခြင်းတို့ရဲ့ အခြားတစ်ဖက်ဆိုတာ ဘယ်မှာလဲ။ ရှာကြည့်ရအောင်။
“နတ္ထိ” ဒီစကားလုံးက အခြေခံအားဖြင့် ပါဠိlanguageက လာတာ။ Grammar အနေအထားအရ ပြောရရင် န ရယ် အတ္ထိ ရယ်, စကားလုံး နှစ်ခုကို ပေါင်းစပ် ထားတာ။ negativeကို ညွှန်းဆိုတဲ့ “န” နဲ့ possessiveကို ပြတဲ့ “အတ္ထိ” တို့ ပေါင်းလိုက်တော့ နတ္ထိ ဖြစ်ရော။ အဓိပ္ပါယ်က “မရှိ” ပေါ့။မြန်မာပြည်မှာ ပါဠိစာပေကို ဘုန်းကြီးစာလို့ ခေါ်ကြတယ်။ Oriental Studyလို့လဲ ဆိုနိုင်တယ်။ ဘာသာဗေဒ ရှုထောင့်က ကြည့်ရင် ပါဠိဟာ Dead languageပါ။ တစ်ဖက်ကတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ပါဠိlanguageနဲ့ recordလုပ်ထားတာကြောင့် သုတ ရသ မြတ်နိုးသူတို့ အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ ဘာသာစကား တစ်ခု ဖြစ်နေပြန်တယ်။ မြန်မာ့ယဉ်ကျေးမှု ဖြစ်စဉ်တွေမှာ ပါဠိစာပေရဲ့ သြဇာသက်ရောက်မှု အကြီးအကျယ် ရှိပါတယ်။ (ဘာသာရေးအမြင်များနဲ့ ဘာသာစကားဆက်နွယ်မှုတို့ comparative study တစ်ခု အနေနဲ့ လေ့လာနိုင်ပါတယ်)။ ကိုယ့်အပေါ် ဘယ်လို သက်ရောက်တယ် ဆိုတာကိုပဲ ပြောချင်တယ်။ပါဠိစာပေမှာ ကဗျာတွေ ရှိတယ်။ (ဒီနေရာမှာ ကဗျာရေစီးကြောင်းထဲက pre တွေ post တွေ ultra တွေ မရေးချင်ပါ) ။ ပါဠိဘာသာနဲ့ ကဗျာကို ဂါထာလို့ ခေါ်တယ်။ အထူးသဖြင့် မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေထဲမှာ တိကျ ပြတ်သားတဲ့ ရေးဖွဲ့မှု စနစ်တွေနဲ့ လေးနက် တည်ကြည်တဲ့ အနက်အဓိပ္ပါယ်တွေပါတဲ့ ကဗျာတွေ မြောက်များစွာ ရှိတယ်။ လူတစ်ဦးရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။ (ကြုံတဲ့အခါ ဒီကဗျာတွေကို ခံစားနိုင်အောင် တင်ပြဦးမယ်)။ အပြုသဘောဆောင်တဲ့ အမြင်နဲ့ ပြောရရင် “အလွန် အသုံးတည့်တယ်”ပေါ့ဗျာ။ လောကမှာ အချမ်းသာဆုံးသော ရသကို ပေးနိုင်တယ်လို့ ပြောရင် ပိုထိရောက်တယ်။ပါဠိlanguageကို သင်ယူလာတာ အတော် ကြာနေပါပြီ။ အသက် ၂၂နှစ်ပြည့်တဲ့ အချိန်မှာ ကကြီး ခကွေး ကနေ စသင်ခဲ့တာ။ (ဒီတော့ နတ္ထိ၂၂ (natthi22) ဆိုတာ ရှင်းပါတယ်)။ အခြေခံက စပြီး သင်ပေမယ့် အဆုံး အထိတော့ မရောက်သေးပါဘူး။ ချီတက်ဆဲပေါ့။ တစ်ခါတစ်လေကျတော့ အရမ်း ပျော်တယ်။ တစ်ခါတစ်လေ အခက်အခဲတွေ ကြားမှာ အတော် မောတယ်။ ထိထိခိုက်ခိုက် ဖြစ်တာလေးတွေကိုတော့ မှတ်တမ်းတင်ချင်တာပေါ့။ ဒီလိုနဲ့ စာတိုပေစလေးတွေ မတတ်တတတ်နဲ့ ရေးဖြစ်တယ်။ အမှတ်တရပါ။ ကဗျာတွေ များတယ်။ဒါတွေကို Onlineပေါ်မှာ exhibition ဒါမှမဟုတ် exploration တစ်ခု အနေနဲ့ လုပ်လိုက်တာပါ။ နှစ်သက်စွာ ခံစားနိုင်ဖို့ မျှော်လင့်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့

လုပ်ချင်တာ လုပ်ရရင် ကျေနပ်ကြတာပဲ။
အခုလဲကြည့်….
ရေးချင်တာရေး, ပြောချင်တာပြောဖို့ ကြိုးစားနေတယ်။
ရင်တွင်းဖြစ်လား ရင်ခုန်သံတွေလား မသိပါဘူး။
တစ်ဦးတစ်ယာက်ကိုမျှ မထိခိုက်စေရပါဘူးလို့ ယုံကြည်တယ်ဗျာ။
တစ်ခုတော့ ရှိတယ်။
ITလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ဘာမှ မသိဘူး ဆိုတာပါပဲ။
အဆင်မပြေတာတွေ ရှိနေရင် ကျွမ်းကျင်သူများ နားလည်ပေးကြပါဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။