Showing posts with label အသောကဓမ္မ. Show all posts
Showing posts with label အသောကဓမ္မ. Show all posts

Monday, 27 December 2010

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၅)

 အိန္ဒိယတလွှားမှာ အသောကရဲ့ ပဓာနကျောက်စာတိုင် ၆-တိုင် တွေ့ရှိထားတယ်။
(၁) Delhi-Topra,
(၂) Delhi-Meerut,
(၃) Allahabad-Kosam,
(၄) Lauriya-Araraj,
(၅) Lauriya-Nandangarh
(၆) Rampurwa ။
Delhi-Topraကျောက်စာတိုင်ကို မူလနေရာဖြစ်တဲ့ Topra, Ambala, Haryanaပြည်နယ်ကနေ Delhiကို ရွှေ့လာခဲ့တာပါ။ Delhi-Meerutကျောက်စာတိုင်လဲ Meerut, Uttar Pradeshပြည်နယ်ကနေ Delhiကို ရွှေ့ထားတာပါ။ Allahabad-Kosamကျောက်စာတိုင်လဲ Kosamကနေ Allahabad, Uttar Pradeshပြည်နယ်ကို ရွှေ့ထားတာလို့ ယူဆထားကြတယ်။ (ပဓာနကျောက်စာတိုင်တွေရဲ့ locationကို sidebarပေါ်က Major Pillar Edict ခေါင်းစဉ်နဲ့ google mapမှာ ကြည့်ပါ)

ကျောက်စာတိုင်အားလုံးမှာ Brahmi အက္ခရာနဲ့ Prakritဘာသာကို အသုံးပြုပြီး ကျောက်စာ အပိုင်း-၁ကနေ အပိုင်း-၆အထိရေးထိုးထားတယ်။ Delhi-Topraကျောက်စာတိုင်မှာတော့ ကျောက်စာ အပိုင်း-၇အထိ ရေးထိုးထားတယ် (အသောကရဲ့ အက္ခရာများ ၂၀, ၂၁, ၂၂, ၂၃, ၂၄, ၂၅, ၂၆-,)။









အသောကကျောက်စာတွေထဲမှာ ပထမဦးဆုံး Delhi-Meerutကျောက်စာတိုင်ကို ၁၇၅၀-ခုနှစ်မှာ တွေ့ရှိတာဖြစ်ပြီး Delhi-Topraကျောက်စာကိုတော့ ၁၈၃၇-ခုနှစ်မှာ အဦးဆုံး ဘာသာပြန်နိုင်တာပါ။ ဒီပထမဆုံး James Prinsepရဲ့ ဘာသာပြန်ကို ၁၈၇၇ထုတ် Alexander Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲမှာ တွေ့နိုင်တယ်။ ၁၉၂၈ထုတ် R.K. Mookerjiရဲ့ Asokaစာအုပ်ထဲက ဘာသာပြန်နဲ့ ယှဉ်ကြည့်ရင်တော့ အကွာအဟတွေ အများအပြား တွေ့နိုင်မယ်။ တင်ထားတဲ့ ပိုစ့်တွေမှာ ပြန်ကြည့်နိုင်တယ်။ ဘာသာပြန်သူတွေကလဲ အများအပြားမို့ တူတာတွေလဲ ရှိ, မတူတာတွေလဲ ရှိပေါ့။ နှိုင်းယှဉ်လေ့လာလို့တော့ ကောင်းတယ်။
အသောကရဲ့ ပဓာနကျောက်စာတိုင်တွေမှာ “ဓမ္မ” ဝေါဟာရ ၄၆-ကြိမ် အသုံးပြုထားတယ်။ အပိုင်း-၇ တခုထဲမှာကိုပဲ “ဓမ္မ” ၂၉-ကြိမ်တိတိ အသုံးပြုထားတာကို တွေ့ရတာမို့ အတော် ထူးခြားတဲ့ ကျောက်စာတိုင်တွေပါ။ ဒါကြောင့်လဲ အသောက ကျောက်စာတွေဟာ “အသောကဓမ္မ”လို့ ထင်ရှားတယ်။ ဒီလို သမိုင်းစဉ်မှာ မကြုံဘူးတဲ့ သဘောတရားတွေနဲ့ လူမျိုးစုံနိုင်ငံတော်ကြီးကို အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ အသောကရဲ့ အသောကဓမ္မကို ပညာရှင်တို့က “Asoka’s Dhamma Policy”လို့လဲ အမည်တပ်တာ ဖြစ်နိုင်တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့ စံနမူနာယူဖွယ် အခြေခံစည်းမျဉ်းတစ်ခုနဲ့တင် အသောကဓမ္မပေါ်လစီဟာ ကန့်ကွက်စရာမရှိလောက်အောင် ပြည့်စုံနေပြီဆိုတာ ပေါ်လွင်နေပါတယ်။

ဧသာပိ ဝိဓိယာ ဣယံ ဓမေန ပါလေနာ ဓံမေန ဝ်ိဓာနေ ဓံမေန သုခိယနာ ဓံမေန ဂေါတီတိ။

တရားသဖြင့် ထိန်းသိမ်း စောင့်စည်းခြင်း၊ တရားသဖြင့် စီမံခန့်ခွဲခြင်း၊ တရားသဖြင့် ချမ်းသာကို ခံစားစေခြင်း၊ တရားသဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည်ကား (နိုင်ငံတော်၏) ဥပဒေစည်းမျဉ်းတို့ ပေတည်း။

အပိုင်းအစများ>>>
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - , , , )

Monday, 26 July 2010

ဓမ္မ, အသောကနဲ့ အက္ခရာများ



အသောကကျောက်စာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ လက်လှမ်းမှီရာ ရှာဖွေစုဆောင်းနေတာ မပြီးနိုင်သေးဘူး။ အသောကကျောက်စာ ဘာသာပြန်တွေ စုစည်းထားတဲ့ “အသောကရဲ့ အက္ခရာများ”ပိုစ့်တွေကတော့ ၁၉အထိရောက်နေပြီ။ နောက်ဆုံးရေးခဲ့တဲ့ ပိုစ့်တောင် ၂နှစ်ကျော် ကြာခဲ့ပြီ။ ဘလော့ဂ်ထက် အက္ခရာတင်တာကလဲ ကျောက်ထက်အက္ခရာ တင်ရတာထက်တောင် ကြာနေသလိုဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ဆက်ရေးဖို့ ကြိုးစားရအုံးမယ်။

အခု စိတ်ကူးပေါ်လာတာက “အသောကဓမ္မ”။ အသောကကျောက်စာတွေထဲက ကျောက်စာ ၂၁ခုမှာ “ဓမ္မ” ဆိုတဲ့ ဝေါဟာရတွေ ၁၀ရကြိမ် ရေးထားတယ် (ထပ်တွေ့ရင် ထပ်တိုးလာနိုင်သေးတယ်)။ “ဓမ္မ”ဆိုတဲ့ ဝေါဟာရ သီးသန့်လဲ တွေ့ရတယ်။ တစ်ခြားဝေါဟာရနဲ့ တွဲနေတဲ့ “ဓမ္မ”လဲ တွေ့ရတယ်။ ကျောက်တိုင်စာတစ်ခုမှာဆို “ဓမ္မ” ၂၉လုံး ရေးထွင်းထားတယ်။ ဒါကြောင့်လဲ “အသောကဓမ္မ”ဆိုပြီး နာမည်ရတာပဲ။ အသောကဓမ္မ”နဲ့ ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောထားတာတွေ ရှိတယ်။ ဘာသာရေး, လှုမှုရေး, နိုင်ငံရေး...စုံလို့ပဲ။ ဒီမှာ ပြောချင်တာက တစ်ခုထဲ။ အသောကကျောက်စာထဲက “ဓမ္မ” ဝေါဟာရတွေကို ပိဋကစာပေထဲမှာ အသုံးပြုထားတဲ့ “ဓမ္မ”တွေနဲ့ ညှိပြီး နှိုင်းယှဉ်ပြချင်တာပဲ။ အဲဒီမှာ တွေ့ရတာက...အသောကဓမ္မတွေဟာ ပိဋကအသုံး ဓမ္မတွေနဲ့ ဝေါဟာရအားဖြင့် လုံး၀ ထပ်တူညီတာတွေ တွေ့ရသလို ပိဋကမှာ ရှာမတွေတဲ့ အတွဲတွေလဲ တွေ့ရတယ်။ ကျောက်စာထဲက “ဓမ္မ“နဲ့ ပိဋကထဲက “ဓမ္မ” အဓိပ္ပါယ်အနေနဲ့လဲ တူတာတွေ ရှိသလို မတူတာတွေလဲ ရှိတယ်။ ဒီတော့ “ဝေါဟာရပကာသနီ”နဲ့ “အဓိပ္ပါယပကာသနီ”... ဒါတွေကိုလဲ ရေးဖြစ်မယ်။ ဒါ့အပြင် အသောကကျောက်စာတွေထဲက “ဓမ္မ”တွေရဲ့ ဆိုလိုရင်းကို ရှင်းပြရင်း, အသောကဓမ္မနဲ့ ထပ်တူညီတဲ့ ပိဋကဓမ္မတွေ ပါတဲ့ ဆိုင်ရာ သုတ္တန်တွေ အကြောင်း အကြမ်းဖျင်းလဲ ပြချင်တယ်။ ဒါမှ အသောကဓမ္မနဲ့ ပိဋကဓမ္မ ဝေါဟာရ, အဓိပ္ပါယ နှီးနွယ်ဆက်စပ်နေပုံကို ပြောပြီးသားဖြစ်သွားမယ်။ အင်း...စိတ်ကူးတွေကတော့ များသား။ အကောင်အထည်ပေါ်မပေါ်ကိုတော့ ကိုယ့်ဘာသာကိုယ် စောင့်ကြည့်ရမှာပဲ။

စိတ်ကူးတစ်ခု ရှိသေးတယ်။ “အသောကကျောက်စာလေ့လာရေးခရီး”ပဲ။ အိန္ဒိယနိုင်ငံတလွှားက ကျောက်တိုင်တွေပေါ်မှာ, ကျောက်ဆောင် ကျောက်တုံးတွေပေါ်မှာ, ကျောက်ဂူနံရံတွေပေါ်မှာ, ပြတိုက်တွေထဲ သိမ်းဆည်းထားတဲ့ ကျောက်ပြားတွေ ပေါ်မှာ အသောကကျောက်စာတွေ မပျောက်မပျက် ရှိနေသေးတယ်။ ဒါတွေကို မျက်ဝါးထင်ထင် မြင်ရရင် အတော် အရသာရှိမယ်။ ခရီးစဉ်လမ်းကြောင်းတွေကိုတော့ အကြမ်းဖျင်း ဆွဲထားပြီးသား။ နေရာတချို့ကိုတော့ ရောက်ပြီးပြီ။ ဒါပေမယ့် သုတေသနဆန်ဆန် သွားခဲ့တာမဟုတ်တော့ ကျောက်စာရှိတဲ့နေရာကို ရောက်ပြီး ဟိုငေးဒီငေးလုပ်နေတာနဲ့ ကျောက်စာတွေ မလေ့လာဖြစ်ခဲ့တာလဲ ရှိတယ်။ မသိတာလဲ ပါတယ်။ ဒီတော့ ရောက်ပြီးသားနေရာတွေကိုလဲ နောက်တစ်ခေါက် ထပ်ချီတက်ရအုံးမှာ။ ဤခရီး နီးသလားပေါ့။