Monday, 31 March 2008

Blogအက္ခရသညာတော

စာတစ်စောင်ပေတဖွဲ့ ဘယ်အရွယ်မှာ စရေးခဲ့ဘူးသလဲတော့ မမှတ်မိတော့။ တစ်ကြောင်း တစ်ပါဒလေးမျှပင် မှတ်တမ်းမှတ်ရာ မရှိ။ ဒီတော့ အတိတ်က အရိပ်တွေကို ထားလိုက်ပါ။ ရာစုသစ်မှာ ရှင်သန်နေတဲ့ အကြောင်းပဲ ပြောမယ်။ အိုင်တီခေတ်ရဲ့ သွေးဆောင်မှုကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်တိုင်ရေးပုံတူတစ်ခု ခြယ်မှုန်းမိခဲ့တယ်။ ၂၀၀၇ မတ်လထဲမှာ စခဲ့တာ။ လမ်းကြောင်းက နတ္ထိ၂၂။
gmail accountရှိသူတိုင်း ဖန်တီးလို့ရတဲ့ blog့ဆိုတာပေါ့။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရေးချင်တာ ရေးနေကြတဲ့ bloggerတွေကလဲ အများကြီး။ သူ့ဘလောဂ့် ကိုယ့်ဘလော့ဂ် အပြန်အလှန် ဖတ်ကြ အားပေးကြ ကူညီကြ ညှိနှုိုင်းကြ ဝေဖန်ကြ။ ကူးလူးဆက်ဆံမှုကတော့ တကယ် လွမ်းစရာ။ virtual world လား small world လား မသိနိုင်ပေမယ့် dream world မဟုတ်, happy world တစ်ခုလို့ ခံစားရတယ်။ ပျော်ရွှင်စရာ ဘလောဂ့် ကမ္ဘာလေးတစ်ခုပေါ့။ မျက်မှောက်ခေတ်မှာတော့ ဘလောဂ်တွေရဲ့စီးမြောမှုတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ အကောင်းအဆိုး ကွဲပြားပေမယ့် အကျိုးသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိိပါပဲ။

ကိုယ်တိုင်က ပါဠိcrazyဆိုတော့ ပါဠိနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဦးစားပေး ရေးဖြစ်တယ်။ အထူးသဖြင့် ကိုယ်တိုင်ရေးထားတဲ့ ပါဠိဂါထာတွေ မျှဝေဖြစ်တယ်။ ဒါပေမယ့် ဘလောဂ့်ရေးတာကို ဇွန်လမှာ ရပ်လိုက်တယ်။ အဲဒီ့လေးလအတွင်းမှာတော့ မြင်တွေ့ ကြားသိတာလေးတွေကို ရေးဖွဲ့မိခဲ့တယ်။ ဒီအထဲမှာ ခရီးသွားမှတ်တမ်းတွေ လဲပါတယ်။ သံဝေဇနိယ ၄-ဌာနထဲက လုမ္ဗိနီနဲ့ ဗာရာဏသီမှာ အသောကကျောက်စာတိုင်တွေ ရှိတယ်။ ဒါတွေကို အမှတ်တရအနေနဲ့ ဘလောဂ့်မှာ ရေးဖြစ်တယ်။ ဘီစီ ၃ရာစုက ဇမ္ဗူဒိပ်ရဲ့ မှတ်တမ်းတွေဖြစ်တဲ့ အသောကကျောက်စာတွေကို အေဒီ ၂၁ရာစုသစ်က ခေတ်သစ်နည်းပညာနဲ့ ဘလော့ဂ်မှာ ပုံဖော်လိုက်ရာ ကြည်နူးစရာပါ။ တစ်ခုတော့ ရှိတယ်။ ဘလောဂ့်သက်တမ်းက ကျောက်စာသက်တမ်းကို မှီမမှီဆိုတာတော့ မပြောနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျောက်ထက်အက္ခရာ တင်ထားတာတွေကို ဘလောဂ့်ထက် အက္ခရာတင်လိုက်ရတာပါပဲ။ ဟုတ်တယ်နော။ “အက္ခရာတို့ဖြင်သာ ကောင်းစွာ သိအပ်၏”တဲ့။

နတ္ထိရဲ့ ခရီး-လုမ္ဗိနီ
(၂၀၀၇ ဧပြီ ၂၇တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန်ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာလွင့်ပျံ့နေဆဲပါ။

ဒီလို ဘလော့ဂ်မှာ ရေးလိုက်တာနဲ့ လာဖတ်တဲ့သူတွေရဲ့ တုန့်ပြန်မှုလေးတေွေကိုလဲ မှတ်တမ်းတစ်ခုအနေနဲ့ တွေ့နိုင်တယ်။ ပုထုဇဉ်ဆိုတဲ့ ဘလော့ဂ်ဂါတစ်ဦးက အသောကရဲ့ အခွန်ကင်းလွတ်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောတော့ ကိုယ်ကလဲ ကိုယ်နားလည်သမျှ ပြန်ပြောဖြစ်တယ်။ ဒါမျိုးကို ဘလော့ဂ်ရဲ့ ရသတစ်မျိုးလို့ ဆိုနိုင်တယ်။

ပုထုဇဉ်…
"ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။"
အခွန်ကင်းလွတ်ခွင့် ပေးတာတောင်မှ ရှစ်ဖို့ တစ်ဖို့ (၁၂.၅%) ပေးရသေးလား၊ ဒါဆို အခွန်များ ကင်းလွတ်ခွင့် မပေးရင် ဘယ်လောက်တောင် ကောက်သလဲ မသိဘူးနော်။ ရှေးဘုရင်များက အခွန်အတုတ် ကြီးကြီး ကောက်ပုံရတယ်။ ဒါမှမဟုတ် အရင်ကောက်နေကျ ပုံမှန်အခွန်ရဲ့ ရှစ်ပုံ တစ်ပုံကိုပဲ ကောက်မယ်လို့ ပြောတာများလား၊ ကျွန်တော်တော့ သိပ်နားမရှင်းဘူး။

နတ္ထိ…
ပုထုဇဉ်…. “ဥဗလိကေ ကဋေ အဌ ဘာဂိယေ စ” ဆိုတာလေးက စိတ်ဝင်စားစရာပါဗျာ။ အသောကဘုရင် လက်ထက်တုန်းက အခွန် ကောက်ခံပုံနဲ့ ပတ်သက်ပြီး လုမ္ဗိနီက ကျောက်စာကို အခြေခံပြီး လေ့လာသုံးသပ်ထားတာတွေကို ဒီလမ်းကြောင်းမှာ ကြည့်ပါဦး။
http://www.lumbiniinteractive.org.np/contents/index.php?view=activity&&id=2
4. Reconsidering the Runnibdei inscription: correction and its grounds ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်ပါတယ်။

ပုထုဇဉ်…
ရှင်းပြထားတဲ့ လင့်ခ်ပေးထားတော ကျေးဇူးပါ။
"paying (only) an eighth share ([for a sixth share] of the produce.)"
ဆိုတော့… အရင်ပေးနေကျရဲ့ ရှစ်ပုံတစ်ပုံပဲ ကောက်တာပေါ့နော၊ အရင်ပေးနေကျက ခြောက်ပုံတစ်ပုံ၊ (သူ့ရဲ့ ရှစ်ပုံတစ်ပုံဆိုတော့) စုစုပေါင်း ထွက်တဲ့ ကုန်အားလုံးတန်ဖို့ရဲ့ ၄၈ပုံ တစ်ပုံဆိုတော့ အခုခေတ်အခေါ် ၂%လောက်ပဲ ဝင်ငွေခွန် ကောက်တဲ့သဘောပေါ့နော။ ကျွန်တော် အဓိပ္ပါယ်ကောက်တာ မှန်ရဲ့လား။ ဒါဆိုရင်တော့ အများကြီး သက်သာတယ်လို့ ပြောရမယ်။

နတ္ထိ…
ပုထုဇဉ်…အသောကဘုရင်ရဲ့ သဘောထားတွေကို လေ့လာနေဆဲပါခင်ဗျာ။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။ စစ်စည်စစ်မောင်းတွေ ရပ်စဲပစ်ပြီး တရားစည်တော်ကို တီးခတ်ခဲ့သူ တစ်ယောက်မှာ အလွန့်အလွန် ထူးခြားမှုတွေ ရှိမယ်လို့ ထင်ပါတယ်။



နတ္ထိရဲ့ ခရီး-ဗာရာဏသီ
(၂၀၀၇ မေ ၂၀ တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။

“ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။”
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။

၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။

ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ်အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။

ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။

ဆရာသမားတစ်ဦးရဲ့ မွေးနေ့အထိမ်းအမှတ်စာစောင်မှာ ရေးထားတာကို ပြန်ဖော်ပြထားတာပါ။



Thursday, 7 June 2007

နတ္ထိရဲ့ နိဂုံး


စိရံ တိဋ္ဌတု နိဗ္ဗင်္ကော၊
ဝင်္ကဓမ္မော ဝိနဿတု။

ကောက်ကျစ်မှုတွေ လွင့်ပါးပါစေ။
ဖြောင့်မတ်မှုတွေ ထင်ရှားပါစေ။

ယနေ့မှ စ၍ ဘလောဂ့်ကမ္ဘာမှ အပြီးအပိုင် ထွက်ခွာသွားတော့မည် ဖြစ်ပါကြောင်း အသိပေးပါသည်။ နွေးထွေးမှုကို ပေးခဲ့သော ဘလောဂ့််ဂါအပေါင်း ပျော်ရွှင်ပါစေကြောင်း ဆုမွန်တောင်းပါသည်။ အမှားအယွင်းများရှိခဲ့လျှင် ခွင့်လွှတ်ဖို့ရာ တောင်းပန်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

အမှတ်တရ ဘလောဂ့်လေးကို ထားခဲ့ပါရစေ။

နတ္ထိရဲ့ ခရီး (ကုသိနာရုံ)


ဝိဇိတဝိဇယ.မဓိဂတဖလသုခ.မိဓ၊
ဇဟိတမရဏဘယ.မရိယသမဏ.မထ။
ယဒိ ယမဝိသယ.မဓိဂတ.မဘိယဇသိ၊
တ၀ ဟဒယ.မမိတ.မမတ.မနုဘဝတိ။

မာရ်အပေါင်းကို အောင်တော်မူပြီးသော
အရဟတ္တဖိုလ်ချမ်းသာကို ရတော်မူပြီးသော
ကိသေသာအပူမှန်သမျှကို အကြွင်းမရှိ ငြိမ်းအေးစေပြီးသော
သေခြင်းမှ ကြောက်ရွံ့မှုကို ပယ်စွန့်တော်မူပြီးသော
သေမင်းပိုင်နက်ကို လွန်မြောက်တော်မူပြီးသော
မြတ်ဗုဒ္ဓကို မြတ်နိုးကော်ရော် ပူဇော်ပါလျှင်
သင့်ရဲ့ နှလုံးသားသည်
အနှိုင်းမဲ့ အမြိုက်အရသာကို ခံစားရနိုင်၏။
.
ဒီဂါထာကို “အစလဓိတိ”လို့ ခေါ်တယ်။ မတုန်လှုပ်သော တည်ကြည်ခြင်းလို့ ဆိုလိုတယ်။ တစ်ပါဒ တစ်ပါဒမှာ အက္ခရာ ၁၆လုံးပါတယ်။ အဲဒီ့အက္ခရာတွေ အားလုံး လဟုတွေပဲ။ လဟု ဆိုတာက အ, ဣ, ဥ ဆိုတဲ့ အသံ တိုတဲ့ သရတွေနဲ့ပဲ တွဲစပ်ထားတဲ့ ဗျည်းတွေပေါ့။ အာ ဤ ဥူ ဧ သြ ဆိုတဲ့ အသံရှည်သရတွေ မပါဘူး။ ဒါတွေနဲ့တွဲရင် ဂရု ဖြစ်သွားတယ်။ လဟုဆိုတာက ပေါ့တာ။ ဂရုဆိုတာ လေးတာ။ အသံပေါ့။ အသံလေး။ ဒါကို ပြောတာပါ။ ဒါတွေက ပါဠိသဒ္ဒါနဲ့ ဂါထာရေးထုံးတွေပါတဲ့ ဆန်းကျမ်းတို့ရဲ့ အနေအထားတွေပါ။ ဒီဂါထာကို ရေးခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ၁၀ နှစ်လောက် ရှိပြီ။ အတော် ကြာပြီပဲ။ ဘာ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာလဲ။ မြတ်ဗုဒ္ဓရဲ့ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို ပူဇော်တဲ့ အနေနဲ့ ရေးဖွဲ့ခဲ့တာ။ ခေါင်းစဉ်လေးတောင် ရှိသေးတယ်။ ဘာတဲ့…
အနုပါဒိသေသနိဗ္ဗာနဓာတုပူဇနပဋိသံယုတ္တာဘိမင်္ဂလကထာ
အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသဘောကို အလေးအမြတ်ထားခြင်းနှင့် သက်ဆိုင်သော မင်္ဂလာစကား
.
အဲဒီအချိန်တုန်းကတော့ စာပေအရသာကို အပြည့်အဝ ခံစားရင်း ရေးဖွဲ့ခဲ့တာ။ ကိုယ်တိုင်လဲ ကျေနပ်ကြည်နူးလို့လေ။ တစ်ခုထဲသော ရည်ရွယ်ချက်နဲ့ အရမ်းကို တက်ကြွနေခဲ့တာပေါ့။ ကောင်းပါတယ်။ ဒီလို အချိန်မျိုး ဘဝမှာ ကြုံတွေ့ခဲ့ရတာ တကယ် တန်ဖိုးရှိတယ်။ ဒါပေမယ့် အချိန်က အငြိမ်မနေပါ။ နောက်ပြန်မလှည့်သော ပြတ်သားမှုမျိုးနဲ့ ရှေ့သို့ ချီတက်နေတာ။ ယက်ကန် ယက်ကန်နဲ့ လိုက်လာတာ အခု အချိန်ကို မီးမောင်းထိုးပြရရင် အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ ပျိုမြစ်ခြင်းတို့ ဆိတ်သုန်းခဲ့ပြီ။ တက်ကြွမှုတို့ လျော့ပါးခဲ့ပြီ။ လေလွင့်စွာနဲ့ လမ်းခွဲမှာ တွေဝေနေလေပြီကော။ အဆုံးမဲ့ ခရီးသွား ရပ်နားခွင့် မကြုံခဲံလေပြီကော။ ငိုကြွေးမှုအာဟာရနဲ့ ကြွေလွင့်မယ့် အချိန်ကာလ မဝေးတော့ပြီ….။ တစ်ခုတော့ ရှိတယ်။ ပြုပြုသမျှတွေ သမိုင်းရေစီးကြောင်းမှာ အဖတ်ဆယ်လို့ ရမရ။ ဒါပဲ။ ဒါကိုတော့ မမေ့သင့်ဘူး။
.
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေခြင်း၏ အကြောင်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်း။
မမေ့လျော့သူတို့ မသေကြ။
မေ့လျော့သူတို့ သေကြ၏။

၂၀၀၇ ဖေဖော်ဝါရီ ၂၅ နေ့မှာ ကုသိနာရုံကို ရောက်ခဲ့တယ်။ နေရာ နှစ်ခု သွားကြည့်တယ်။ ပထမဦးဆုံး ဗုဒ္ဓသရီရ တေဇောဓာတ်လောင်ကျွမ်းတဲ့ နေရာ။ နောက်တစ်နေရာက ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်ရှိတဲ့ နေရာ။ ဘုရားလောင်း ဖွားမြင်တဲ့နေရာ ဘုရားဖြစ်တော်မူတဲ့နေရာ ဘုရားတရားဦးဟောတဲ့နေရာ သုံးခု ရောက်ခဲ့ပြီးသား။ အဲဒီနေရာတွေ ရောက်တုန်းက ခံစားမှုမျိုးနဲ့ မတူတဲ့ ဝေဒနာတစ်ရပ်ကို ကုသိနာရုံ ရောက်တော့ ခံစားမိတယ်။
.

အနိစ္စာ ၀တ သင်္ခါရာ၊
ဥပ္ပါဒါ၀ယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္စျန္တိ။
တေသံ ဝူပသမော သုခေါ။

သင်္ခါရတရားတို့သည် မမြဲ။
ဖြစ်ပြီး ပျက်တတ်၏။
ဖြစ်ပျက်တတ်သောသဘောတို့၏
ကင်းငြိမ်းခြင်းသည် ချမ်းသာခြင်းတည်း။
.

ဒီသဘောလေးကို ခံစားမိလို့လား။ ဟုတ်သလိုလိုပဲ။ သိမ်သိမ်မွေ့မွေ့လေး။ စိတ်ထဲမှာ။ နှလုံးသားထဲမှာ။ တစ်မျိုးကြီးပဲ။ အဲဒါ သံဝေဂ ဆိုတာလား။ တုန်လှုပ်နေတာလား။ ဟုတ်လား မဟုတ်ဘူးလား ဆိုတာတောင် ဝေခွဲမရတော့။ သွားပြီ။ အမြင်အာရုံတွေ ဝါးတားတား။ ဘာဖြစ်တာလဲ။ မသိဘူး။ ဒူးထောက်ကျသွားတယ်။ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းလို့ ခြေတော်အစုံ ကြာပဒုံကို ခိုလှုံဦးခိုက်မိခဲ့တယ်။
.
.
ရာဂါနတဗ္ဘုတသရောဇမုခံ ဓရာယ၊
ပါဒါ တိလောကဂုရုနော.ဓိကဗဒ္ဓရာဂါ။
အာဒါယ နိစ္စသရသေန ကရေန ဂါဠှံ၊
သဉ္စမ္ဗယန္တိ သတတာဟိတသမ္ဘမေန။

မြေလွှာမိန်းမပျိုရဲ့
တပ်မက်ဖွယ်ရာ ညွတ်ကျလာသော
အံ့သြဖွယ်ရာ ပဒုမာကြာပွင့်မျက်နှာကို
သုံးလောကထွတ်ထား မြတ်ဘုရားရဲ့
တပ်မက်စွဲငြိနေသည့် ယောကျင်္ားပျိုခြေတော်အစုံက
အမြဲတမ်း တမ်းတနေသည့် လက်နဲ့
အားပါးတရ ပွေ့ဖက်ပြီး
အစဉ်ထာ၀ရ မြတ်နိုးတွယ်တာမှုနဲ့
နမ်းရှုိုက်လေပြီတကား…။

Tuesday, 5 June 2007

နတ္ထိရဲ့ ကဗျာဗေဒ

ပန်ဒိုရာ က ကဗျာဆိုတဲ့ စကားလုံးရဲ့ အနေအထားလေးတွေကို သိချင်တယ်လို့ ကွန့်မန့် ထဲမှာ ပြောသွားလို့ ကိုယ်လဲ စပ်စပ်စုစုနဲ့ စမ်းတဝါးဝါး လေ့လာကြည့်လိုက်တယ်။ အဓိကအနေနဲ့ ပါဠိစာပေကို အခြေခံပြီး ကိုးကားချက်လေးတွေ စုစည်းထားပါတယ်။

သဒ္ဒါကျမ်းများ၏ အဆို

ပုဂံခေတ်က ရေးခဲ့တဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းက အဆိုအမိန့်လေးကို ဒီနေရာမှာ သက်ဆိုင်တယ်လို့ ထင်ပြီး ကိုးကားချင်တယ်။

မနောဟရတာယ အဝဿံ ကုယျတိ ပဏ္ဍိတေဟီတိ ကဗ္ဗံ။ ကာဝိယံ။ ကာဝေယျံ။

စိတ်မနောကို စွဲငြိတတ်လို့ မလွဲမမှားအောင် ပညာရှိတို့ ရွတ်ဖတ်ရသည်။
ထို့ကြောင့် ကဗ္ဗ-ကဗျာ ဟု ခေါ်၏။
ကာဝိယ, ကာဝေယျ လည်း ထို့အတူ ဖြစ်၏။

အညတြ ပန ကဝီနံ ဣဒန္တိ ကဗ္ဗန္တိ တဒ္ဓိတ၀သေန အတ္ထော ဂဟေတဗ္ဗော။

တခြားသောနေရာ၌ “ကဗျာဆရာတို့၏ ဥစ္စာသည်” “ကဗ္ဗ-ကဗျာ” ဖြစ်၏ ဟု သဒ္ဒါသဘောအရ အဓိပ္ပါယ်ကို မှတ်ယူရ၏။

ကေစိ တု ကာဗျန္တိ သဒ္ဒရူပံ ဣစ္ဆန္တိ၊

တစ်ချို့က “ကာဗျ” ဟူသည့် ပုဒ်ကို ကြိုက်ကြ၏။

န တံ ပါ၀စနေ ပမာဏံ သက္ကဋဘာသာဘာ၀တော။

ဤပုဒ်သည် သက္ကဋဘာသာစကားဖြစ်၍ ဗုဒ္ဓဒေသနာတော်၌ အရေးမပါ။

သက္ကဋဘာသာတောပိ ဟိ အာစရိယာ နယံ ဂဏှန္တိ။

သို့သော် ဆရာတို့သည် သက္ကဋဘာသာစကားမှလည်း နည်းစနစ်ကို ရယူကြသည်။

လန်ဒန်က Pali Text Societyက ထုတ်တဲ့ Pali English dictionary ကတော့ ဒီလို ဆိုထားတယ်….

ကာဝေယျ….(1) poetry, the making of poems, poetry as business, one of the forbidden occupations
(2) Poetry, song, poem.

ကဗ္ဗ…a poem, potential composition, song

ကဗျ=ကဗ္ဗ…alankara composing in beautiful verses, a beautiful poem


ဒါဆိုရင် ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီး ရှင်းသွားပါပြီနော်။

ကဝီနံ ဣမံ ကဗျံ ယံ ဂီတန္တိ ဝုစ္စတိ

“ကဗျာဆရာတို့ရဲ့ ဥစ္စာသည် ကဗျ” မည်၏။ “သီချင်း” ဟု ခေါ်၏။

ကဝိမှိ ဘဝံ ကဗျံ ကဝီနံ အယံ ဝါ ကဗျာ

ကဗျာဆရာ၌ ဖြစ်ပေါ်၏။ထို့ကြောင့် “ကဗျ” ဟု ခေါ်၏။
တနည်းအားဖြင့် ဆိုရလျှင် ကဗျာဆရာတို့၏ ဖန်တီးမှုသည် ကဗျာ ဟု ခေါ်၏။

ဒီစကားတွေကိုတော့ အကုန်လုံး မတွေ့ဖူးဘူး။ ကဝိမှိ ဘဝံ ကဗျံ ဆိုတဲ့ စကားလေးကိုပဲ ရူပသိဒ္ဓိလို့ ခေါ်တဲ့ သီရိလင်္ကာသဒ္ဒါကျမ်းမှာ တွေ့မိတယ်။ အခု လက်ထဲမှာ အလွယ်တကူ ရှိနေတဲ့ သဒ္ဒါကျမ်းတွေကိုပဲ ကြည့်နိုင်တယ်။ မြန်မာပြည်မှာလို စာအုပ်စုံစုံ ရှိရင်တော့ ပိုပြီး ပြောနိုင်မလားပဲဗျာ။




ပိဋကတ်တော်၏ အဆို

ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ဗြဟ္မဇာလသုတ် မဟာသီလအဖွင့်မှာ ဒီလို ပြောတယ်။

ယထာ ဝါ ပနေကေ ဘောနေ္တာ သမဏဗြာဟ္မဏာ သဒ္ဓာဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧ၀ရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ …….ကာဝေယျံ၊ ……. ဣတိ ဝါ ဣတိ ဧ၀ရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရတော သမဏော ဂေါတမောတိ။

ရဟန်းပုဏ္ဏားတို့သည် သဒ္ဓာတရားဖြင့် ပေးလှူထားသော ဘောဇဉ်တို့ကို သုံးဆောင်းရင်း …………………………..တိရိစ ္ဆာန်အတတ်ပညာများဖြင့် ယုတ်မာစွာ ရှင်သန်ကြ၏။ ဗုဒ္ဓသည် ၄င်းတို့ကို ဘယ်တော့မှ မလုပ်။
အဲဒီထဲမှာ ကာဝေယျပါတယ်။ သီချင်းကဗျာရေးဖွဲ့ခြင်း။

ဒီပါဠိကို ဖွင့်ဆိုတဲ့ အဖွင့်ကျမ်းကတော့ ကာဝေယျမှာ ကဝိ လေးမျိုး ပြထားတယ်။

ကာဝေယျန္တိ စတ္တာရောမေ၊ ဘိက္ခဝေ၊ ကဝီ။ ကတမေ စတ္တာရော။ စိန္တာကဝိ၊ သုတကဝိ၊ အတ္ထကဝိ၊ ပဋိဘာနကဝီတိ…….ဇီ၀ကတ္ထာယ ကဗျကရဏံ။

ကိုယ်တိုင် ကြံစည်ပြီး ရေးတဲ့ ကဗျာဆရာ
ပြောတာ ကြားပြီး ရေးတဲ့ ကဗျာဆရာ
အဓိပ္ပါယ်ကို ရေးတဲ့ ကဗျာဆရာ
အကြောင်းညီညွတ်တဲ့ခါ ဖြတ်ထိုးဉာဏ်နဲ့ ရေးတဲ့ ကဗျာဆရာ

ပြီးတော့မှ ကာဝေယျကို အဓိပ္ပါယ် ရှှုင်းပြတယ်။
အသက်မွေးဝမ်းကြောင်းအတွက် ကဗျာရေးတာပါတဲ့။


သံယုတ္တနိကာယ် သဂါထာဝဂ္ဂ မာရသံယုတ် ဒုတိယဝဂ္ဂ သကလိကသုတ်မှာ မာရ်နတ်က ဗုဒ္ဓကို ဒီလို မေးတယ်….

မန္ဒိယာ နု ခေါ သေသိ ဥဒါဟု ကာဝေယျမတ္တော၊
အတ္ထာ နု တေ သမ္ပစုရာ န သန္တိ။
ဧကော ဝိဝိတ္တေ သယနာသနမှိ၊
နိဒ္ဒါမုခေါ ကိမိဒံ သောပ္ပသေ ဝါတိ။

တွေဝေငေးမောလျက် အိပ်နေသလား။ ဒါမှမဟုတ် ကဗျာဆရာတစ်ယောက်လို ကဗျာရေးဖွဲ့တာ မြတ်နိုးနေသလား။ နိဗ္ဗာနဓာတ် သင့်မှာ ကောင်းကောင်း ရှိပုံ မရ။ ဆိတ်ငြိမ်ရာအရပ်မှာ တစ်ယောက်ထဲ အိပ်ရာထဲမှာ အိပ်နေလို့ ဘာလုပ်မှာလဲ။

ဗုဒ္ဓက ဒီလို ဖြေတယ်….

န မန္ဒိယာ သယာမိ နာပိ ကာဝေယျမတ္တော၊
အတ္ထံ သမေစ္စာဟမပေတသောကော။
ဧကော ဝိဝိတ္တေ သယနာသနမှိ၊
သယာမဟံ သဗ္ဗဘူတာနုကမ္ပီ။

တွေဝေငေးမောပြီး မအိပ်ပါ။ ဒါမှမဟုတ် ကဗျာရေးဖွဲ့တာကို မြတ်နိုးမှု မရှိပါ။ နိဗ္ဗာနဓာတ်ကို သက်ဝင်ပြီး သောက ကင်းကင်းနဲ့ ဆိတ်ငြိမ်ရာမှာ တစ်ယောက်ထဲ သတ္တဝါအားလုံးအပေါ် ကြင်နာသနားလျက် အိပ်ရာထဲမှာ ငါ လဲလျောင်းနေတာပါ။


နောက်တစ်ခုက သံယုတ္တနိကာယ််ထဲကပဲ ဝင်္ဂ ီသ သံယုတ် ဝင်္ဂ ီသသုတ်ထဲမှာ အရှင်ဝင်္ဂ ီသရဲ့ စကားလေးတွေ….

ကာဝေယျမတ္တာ ဝိစရိမှ ပုဗ္ဗေ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
အထဒ္ဒသာမ သမ္ဗုဒ္ဓံ၊ သဒ္ဓာ နော ဥပပဇ္ဇထ။


ဟိုတုန်းကတော့ သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။ အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု ဖြစ်လာတယ်။

သံယုတ္တနိကာယ် နိဒါနဝဂ္ဂ သြပမသံယုတ် အာဏိသုတ်မှာတော့…

ယေ ပန တေ သုတ္တန္တာ ကဝိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာ၀ကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊

ကဗျာဆရာတို့ စီရင်ဖန်တီးထားသော ဆန်းကြယ်သော ဗျည်းအက္ခရာရှိသော သာသနာတော်၏ အပြင်ပဖြစ်သော တခြားသော တပည့်များ ပြောကြားသော သုတ်များကို နားထောင်ကြလိမ့်မည်။

အင်္ဂုတ္တရနိကာယ ဒုကနိပါတ ပဌမပဏ္ဏသတ သမစိတ္တဝဂ်မှာ ဆိုထားတဲ့

“ယေ ပန တေ သုတ္တန္တာ ကဝိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာ၀ကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊” စကားရပ်မှာ ပါတဲ့ “ကဝိတာ” ကို ဒီပါဠိရဲ့ အဖွင့်ကျမ်းက…

ကဝိတာတိ ကဝီဟိ ကတာ။ ဣတရံ တဿေ၀ ဝေ၀စနံ။

ကဝိတာ ဆိုတာဟာ ကဗျာဆရာတို့ စီရင်ထားသော ကဗျာသီချင်း။ နောက်တစ်ပုဒ်ဖြစ်တဲ့ “ကာဝေယျ” ဒီ ကဝိတာနဲ့ တူတူပဲ။

အဲဒီ အဖွင့်ကျမ်းကို ထပ်ဖွင့်တဲ့ ကျမ်းက ဒီလို ပြောတယ်…

ဣတရန္တိ ကာဝေယျာတိ ပဒံ၊ ကာဗျန္တိ ဝုတ္တံ ဟောတိ။ ကာဗျန္တိ စ ကဝိနာ ဝုတ္တန္တိ အတ္ထော။ တေနာဟ တဿေ၀ ဝေ၀စနံ။

နောက်တစ်ပုဒ်ဆိုတဲ့ စကားက ကာဝေယျကို ပြောတာပါ။ ကာဗျလို့ ဆိုလိုတယ်။ ကဗျာဆရာတို့ ရွတ်ဆိုသော ကဗျာသီချင်းလို့ အဓိပ္ပါယ်ရတယ်။



ခုဒ္ဒကနိကာယ် ဥဒါနပါဠိ နန္ဒဝဂ္ဂ သိပ္ပသုတ်မှာလဲ ဒီလို ဆိုထားသေးတယ်….

ရဟန်းတွေ အချင်းချင်း မေးကြမြန်းကြတဲ့အခါ အတတ်ပညာတွေထဲမှာ ဘယ်အတတ်ပညာက အမြင့်ဆုံးလဲလို့ မေးခွန်းကို တစ်ချို့က…

ကာဝေယျသိပ္ပံ သိပ္ပါနံ အဂ္ဂံ။

သီချင်းကဗျာရေးးဖွဲ့ခြင်းအတတ်ပညာသည် အမြင့်ဆုံး လို့ ဖြေကြတယ်။
ဒီစကားတွေကို ဗုဒ္ဓကို လျှောက်ထားကြတော့ ဗုဒ္ဓက ပြတ်ပြတ်ပဲ ပြန်ပြောတယ်။

န ခွေတံ၊ ဘိက္ခဝေ၊ တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧ၀ရူပိ ံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ၊ ဘိက္ခဝေ၊ ဒွယံ ကရဏီယံ ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါတိ။

ရဟန်းတို့ ယုံကြည်သက်ဝင်မှုဖြင့် အိမ်ရာစွန့်ပြီး ရဟန်းဝတ်လာတဲ့ အမျိုးကောင်းသားတွေ အတွက် ဒီစကားမျိုး ပြောတာ မသင့်ပါ။ ရဟန်းများ စည်းဝေးတဲ့အခါ အလုပ် နှစ်မျိုးပဲ လုပ်ရမယ်။ တရားစကား ပြောရင်ပြော။ ဒါမှမဟုတ် မြင့်မြတ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေ။
ဆက်ပြောသေးတယ်…။

အသိပ္ပဇီဝီ လဟု အတ္ထကာမော၊
ယတိန္ဒြိယော သဗ္ဗဓိ ဝိပ္ပမုတ္တော။

ရဟန်းဆိုတာ တပ်မက်မှုကို ပယ်ဖြတ်ပြီးလို့ ပစ္စည်းဥစ္စာတွေကို မစွဲလမ်းတော့ပဲ အတတ်ပညာ တစ်စုံတစ်ရာကိုမှ မှီခိုပြီး အသက်မွေးဝမ်းကြောင်း မလုပ်တော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သတ္တဝါတို့ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်ထားရှိတယ်။ ဣနြေ္ဒသိက္ခါကို စောင်းစည်းပြီး ဘဝအားလုံးမှ လွတ်မြောက်သူ ဖြစ်တယ်။

အင်း….ပြောတာတွေ များသွားပြီ။ ရှုပ်နေလား မသိဘူးနော်။ ဒါတောင် လက်လှမ်းမမှီတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ မပြည့်စုံတာကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပါ။ အတိိုင်းအတာတစ်ခုအနေနဲ့ နားလည်ပေးမယ်ဆိုရင်တော့ ဝမ်းသာမိမှာပါ။

Sunday, 3 June 2007

နတ္ထိရဲ့ လရောင်ခြည်

စန္ဒိကာ မန္ဒဟာသာ တေ၊
မုနိန္ဒ ၀ဒနိန္ဒုနော။
ပဗောဓယတျ.ယံ သာဓု-
မနောကုမုဒကာနနံ။


အို…မြတ်ဗုဒ္ဓ
သင့် မျက်နှာတော်လပြည့်ဝန်းရဲ့
အပြုံးနုနုရောင်ခြည်တွေကြောင့်
သူတော်ကောင်းတို့ရဲ့
မနောပဒုမာကြာရုံတော
ဖူးပွင့်ဝေဆာလာလေပြီကော….။

Saturday, 2 June 2007

နတ္ထိရဲ့ နှုတ်ခမ်းပွင့်လွှာ

အလင်္ကရောန္တာ ၀ဒနံ၊
မုနိနော.ဓရရံသိယော။
သောဘနေ္တ.ရုဏရံသီ.၀၊
သမ္ပတန္တာ.မ္ဗုဇောဒရေ။

ပွင့်လုဆဲဆဲ
ပဒုမာကြာငုံအပေါ်
ဖြာကျနေတဲ့
နေခြည်နုနု
တောက်ပစိုပြေနေသလို
မြတ်ဗုဒ္ဓရဲ့
ချိုမြမြ မျက်နှာတော်ကို
တင့်တယ်စံပယ်အောင်
ခြယ်မှုန်းနေတဲ့
နှုတ်ခမ်းတော်ကနေ
ရောင်ခြည်တော်တွေဟာ
ကွန့်မြူးတောက်ပနေလေရဲ့…။

Friday, 1 June 2007

နတ္ထိရဲ့ ပန်းလက်နက်

မာရာရိဗလဝိဿဋ္ဌာ၊
ကုဏ္ဌာ နာနာဝိဓာယုဓာ။
လဇ္ဇမာနာ.ညဝေသေန၊
ဇိန ပါဒနတာ တ၀။

အို..မြတ်ဗုဒ္ဓ…
မာရ်စစ်သည်အပေါင်းက
ပစ်လွှတ်လိုက်တဲ့
လက်နက်ယန္တရားတွေဟာ
အသုံးမဝင်တဲ့အတွက်
ရှက်လွန်းလို့
ပန်းပွင့်အသွင်ပြောင်းပြီး
သင့်ရဲ့ ခြေတော်ရင်းမှာ
ဝပ်စင်းခစားနေကြလေရဲ့။