Sunday, 21 June 2009

မြက်ခင်းစိမ်းနဲ့...

အခုတလော မြက်တွေ ဓာတ်ကျနေတယ်။ လူမို့လို့ပေါ့ဗျာ။ နွားဆိုရင်တော့ ဓာတ်စာပဲဗျ။

မနှစ်က ခြင်္သေ့ကျွန်းရောက်ခိုက် တွေ့ရကြုံရတဲ့ mouth-wateringတွေထဲက အကြိုက်ဆုံး အခင်းအကျင်းလေးတစ်ခု။ မြက်ငတ်တုန်း မြက်ခင်းထဲကျတာပါပဲ။ ကန်ရေသောက် မြက်ခြောက်စားနေရတဲ့ မနုဂ္ဂေါဏ-လူ့ငနွားအနေနဲ့ Chilled Cokeသောက်ပြီး Green Grassစားရတော့ စားမြုံပြန်လို့ ကောင်းမှကောင်းပေါ့။ အဲဒီအချိန် သတိရမိတာက သီချင်းတစ်ပုဒ်...ကိုတိုးကြီးရဲ့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး

Saturday, 13 June 2009

၃ဝမှ ၄၀သို့


ရွာကနေ ဒီကို ပြန်ရောက်လာတော့ ပူလိုက်တာဗျာ။ ၄၀ ဒီဂရီ ကျော်ဆိုတော့ ၃၀မကျော်တဲ့ နေရာမှာ ၁လလောက်နေလာတဲ့သူ အငွေ့ပျံသွားမယ့် အနေအထားပဲ။ အညာအငွေ့အသက်နဲ့ အတော်ကြီး ရင်းရင်းနှီးနှီးနေလာတာ ၁ဝနှစ် နီးပါး ရှိနေပြီ။ မိုးရေထဲ ၁လလောက် ပြန်ရောက်သွားတဲ့အချိန်မှာ စိမ်းစိမ်းစိုစိုလေးကို မြင်ရပေမယ့် ခြောက်ခြောက်သွေ့သွေ့ကိုပဲ လွမ်းမိနေတယ်။ အခု ပြန်ရောက်ပါပြီ။ ပူလောင်ခြောက်သွေ့။ ဒီမှာ လိုအပ်တာက တစ်ခုထဲ။ မျက်မှန်စိမ်းတလက်ပါ။

Wednesday, 10 June 2009

မိုးထဲလေထဲ


၀ဿတိ ဒေဝေါ ယထာ သုဂီတံ၊
ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ။
စိတ္တံ သုသမာဟိတဉ္စ မယှံ၊
အထ စေ ပတ္ထယသိ ပဿ၀ ဒေ၀။
မိုးရွာနေပြီ...
အမိုးအကာအောက်မှာ ငါ အေးဆေးပါ...
ငါ့ရဲ့ စိတ်အစဉ်ကလဲ ငြိမ်သက်လို့...
ရွာချင်သလိုသာ ရွာပါတော့...မိုးရေ...။

Thursday, 4 June 2009

အဖွင့်, အပိတ်

အဂုတ္တဒွာရဿ ဘဝန္တိ မောဃာ၊
သုပိနေ၀ လဒ္ဓံ ပုရိသဿ ဝိတ္တံ။
တံခါးတွေ မလုံခြုံရင်တော့
အိပ်မက်ထဲက ပိုင်ဆိုင်မှုတွေလို
အားလုံး အလကားဖြစ်ကုန်မယ်...။

Saturday, 30 May 2009

တံခါးတစ်ချပ်၏ အတ္ထုပ္ပတ္တိ


အပါရုတာ တေသံ အမတဿ ဒွာရာ၊
ယေ သောတ၀န္တော ပမုဉ္စန္တု သဒ္ဓံ။
နားရှိသူတို့အတွက် အမြိုက်တခါးကို ဖွင့်လှစ်ခဲ့ပါပြီ။
သက်ဝင်ယုံကြည်ကြကုန်လော့။

အဂ္ဂေါဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မိ လောကဿ၊
ငါသည် လောကတွင် အမြတ်ဆုံး, အကြီးဆုံး, အသာဆုံးဖြစ်၏။

ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္စျဂါ။
သင်္ခါရကင်းဝေးရာသို့ ရောက်ပြီးသော စိတ်သည် တဏှာချုပ်ငြိမ်းရာသို့ ရောက်ခဲ့ပြီ။

အဟမနုသာသာမိ၊ အဟံ ဓမ္မံ ဒေသေမိ။
ငါဘုရား တရားဟောကြားဆုံးမတော်မူအံ့။


၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပါဒေထ။
သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ သတိတရားနှင့် ပြည့်စုံကြကုန်လော့။

Tuesday, 26 May 2009

၁၁၀

နတ္ထိ၂၂နဲ့ အက္ခရ ဘလော့ဂ်၂ခုကို ဒီwordpressမှာ ဆွဲထည့်လိုက်တာ စုစုပေါင်း ပိုစ့် ၁၀၈ခု။ အခု ရေးမယ့် ပိုစ့်က ၁၁၀ခုမြောက်။

တစ်ချိန်က ဖြစ်တည်ကျင်လည်ခဲ့တဲ့ နေရာဟောင်းလေးတစ်ခုကို သတိရမိတယ်။ ရန်ကုန်မှာ တစ်ခုပဲရှိတဲ့ ၁၁၀နဲ့ ပတ်သက်နေတဲ့ နေရာလေးပါ။ ဒီတစ်ခေါက် ရွာရောက်တုန်း အဲဒီကို ခြေဦးမလှည့်ဖြစ်သေးဘူး။ သွားဖြစ်အောင် သွားရမှာ။ သံယောဇဉ်တွေ ရှိတယ်လေ။ အငွေ့အသက်လေးတွေလဲ ကျန်ကောင်းကျန်နေဦးမှာပဲလေ။

ဆယ်ကျော်သက်ရွယ်ကာလဟာ ဘဝရဲ့ တစ်ဆစ်ချိုးအကွေ့တွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို မရောက်နိုင်သေးပေမယ့် အရောင်အသွေး ပြောင်းလဲဖို့ရာ အဖြစ်နို်င်ဆုံးအချိန်တစ်ခုလို့ ထင်တယ်။ အဲဒီအချိန်မှာ ၁၁၀နဲ့ ပတ်သက်ဖြစ်ခဲ့တယ်။ မမေ့နိုင်တဲ့ နေရာဟောင်းတစ်ခုပါပဲ။

ပျော်ရွှင်ကြည်နူးခဲ့ရသော
မူးယစ်ရီဝေခဲ့ရသော
ညစ်ပတ်ပေကျံခဲ့ရသော
အတ္တဘောနဲ့
ချိုမြိန်သော
ခါးသက်သော
မြို့ပြရဲ့ နေ့ညများကို
ဒီနေရာလေးမှာ ဖွဲ့သီခဲ့ဘူးတယ်...။

လမ်းကြောင်း  >>>၁၁၀

Saturday, 23 May 2009

ရွှေတိဂုံကိုမြင်လျှင်

တောက်လို့သာ ကဲတော့တယ်
ပေါက်ဆဲ သူရိန်လို
ဘူမိန္ဒါမြေရိုက်တွင်မှ
ရွှေသိုက်စောင်ပေါ်ထွန်းလို့
မော်ကွန်းအောင်လံထူးပါဘိ
တောင်ညွှန့်ရင်...

ဆိုပြီး စာအုပ်တစ်အုပ် (ရွှေတိဂုံစေတီတော်သမိုင်းလို့ထင်တယ်)ထဲက ရခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးကို မှီးပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်စီထားတာလေး ရှိတယ်။ ဒီလို...
တင့်လို့သာထွန်းတော့တယ်
ပြည့်ဝန်း စန္ဒာလို
သန္တာပြာတိမ်ဖျားတွင်မှ
ငွေသားရောင်ပေါ်လင်းလို့
မှန်ကင်းအောင်လံထူးပါဘိ
စိန်ဖူးရှင်...
ရေးခဲ့တာ ကြာလှနေပြီ။ အခု ရွာခဏပြန်ရောက်တုန်း Sakura Towerပေါ်ကနေ ဖူးမြင်ရတဲ့အခါ ပြန်ပြီး သတိရမိတယ်။
အော်...ဝေးဝေးကသာ လွမ်းရပါတော့သည်...။