Tuesday, 8 April 2008

လောကတွင်းသို့ ခုန်ဆင်းသည့်နေ့

“လောကဿ ဒဿေတာရော” ဆိုတဲ့ အက္ခရာစုလေးကို အရမ်း ကြိုက်တယ်။ “လောကကြီးကို မြင်စေသူများ”လို့ မိဘတွေကို ရည်ညွှန်းထားတာလေ။ အဓိပ္ပါယ်က ရှင်းနေတာပဲနော။ ဒီမှာ နောက်စကား တစ်ခု ထပ်လာပြန်တယ်။ “ဗဟူပကာရာ”တဲ့။ အလွန်တရာ ကျေးဇူးများတယ်”လို့ ဆိုလိုတယ်။ မြင်အောင်ပြတဲ့သူတွေဟာ ဘယ်လောက်များ ကျေးဇူးတင်ထိုက်သလဲလို့ တွေးတောစဉ်းစားလို့ မပြီးနိုင်။ တကယ်တော့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေ လုံလောက်အောင် ကြာမြင့်ခဲ့ပြီပဲ။



မွေးနေ့အမှတ်တရ ကဗျာလေးတစ်ပုဒ်ရေးဖို့ ကြိုးစားတာ ဘယ်လိုမှ မဖြစ်ဘူး။ ဒါနဲ့ မနှစ်က နတ္ထိ၂၂မှာ တင်ခဲ့တဲ့ ကဗျာတွေပဲ ပြန်တင်လိုက်တယ်။ ဒီကဗျာတွေကို ရေးခဲ့တာတော့ အတော် ကြာနေပါပြီ။ ၁ဝနှစ်နီးပါးလောက် ရှိနေပြီ။ ဒါပေမယ့် ရင်ထဲမှာတော့ အမြဲ သစ်လွင်နေဆဲ။ ရင်ခုန်သံတွေ မဆိတ််သုဉ်းသရွေ့ ရှင်သန်နေလိမ့်မယ်လို့ ယုံကြည်ရင်း…။

၁။ “န”

မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊
တသ္မာ ဂဝေသိ ံ ဣဓ ဧ၀ရူပံ။
တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။
သာ ဂစိ ္ဆ မေ စက္ခုပထံ ဇဟိတွာ။

အမေဆိုတာ သားအပေါ် အလွန် ကျေးဇူးများတာပါ။
ဒါကြောင့့် လောကကြီးထဲမှာ အမေ့ကို လိုက်လံရှာဖွေခဲ့တယ်။
ဟင်…..အမေ့ အရိပ်ကလေးကိုတောင် ငါ မမြင်ခဲ့ရဘူး။
အမေဟာ ငါ့မျက်စိအောက်က ပျောက်သွားခဲ့ပါပေါ့လား။


၂။ “အတ္ထိ”

ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊
သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။
မာတာ ပဝတ္တေသိ သုဂီတသဒ္ဒံ၊
ပုတ္တဿ အနေ္တာဟဒယေ ၀သိတွာ။

ငါ့ကို်ယ်ထဲမှာ သွေးစက်လေးတွေ တေးသီဆိုနေကြတယ်။
အဲဒီ့ တေးသံကို နားဆင်ရင်းနဲ့ ငါ အိပ်ပျော်ရတာပါ။
အော်…အမေဟာ ငါ့ရဲ့နှလုံးသားထဲမှာ နားခိုရင်းနဲ့
သံစဉ်လှလှလေးတွေ ဖန်တီးနေလေရဲ့…။

Monday, 7 April 2008

မွေးနေ့လက်ဆောင်ဟောင်းတစ်ခု ဖွင့်ကြည့်ခြင်း

မေ အတ္တဘာဝေါပိ ဥပဍ္ဎမတ္တော၊
ကညေ! သရီရော တ၀ ဧ၀ရူပေါ။
တသ္မာ သမူဟော သုကတော ဥဘိန္နံ၊
ဧကတ္တကာယော ဂရုကော၀ ဘာရော။

ငါဟာ အပိုင်းအစလေး တစ်ခုပါ။
မင်းလဲ ဒီလိုပါပဲ။
မင်းနဲ့ငါ ဆုံတွေ့မိကြတဲ့အခါ
နှစ်ကိုယ့်တစ်စိတ်ဖြစ်ပေမယ့် ဝန်ထုပ်ဝန်ပိုး တစ်ခုပါပဲ။

“ဒါ ဘာအဓိပ္ပါယ်လဲ”တဲ့…သူက မေးတယ်။ “သိဘူးလေ”လို့ ပြန်ပြောလိုက်ရင် ပြဿနာက တသီကြီးလာတော့မှာ။ “…….ရှင်းပြ…အခု ရှင်းပြ၊ ဟိုလိုလို ဒီလိုလို မလုပ်နဲ့နော်၊ ပြောမလား မပြောဘူးလား၊ ဘာကို ရည်ရွယ်တာလဲ၊ ပြော…၊ အခုတစ်လော ဘာဖြစ်နေမှန်းကို မသိဘူး၊ စကားပြောရင် ရွဲ့သလိုလို စောင်းသလိုနဲ့၊ သိတယ်…သိတယ်…၊ ဒီက ဘာမှ မပြောရသေးဘူး၊ အမြဲတမ်း အနစ်နာခံနေရတာချည်းပဲ၊ အလိုလိုက်တယ်လဲ မရှိဘူး၊ ချော့ချော့မော့မော့နဲ့ တစ်ခါမှလဲ မပြောဘူး၊ ပြီးရင် အော်အုံးမယ်၊ ဒီတစ်ခါ ကြည့်နေ၊ ထိုင်ငိုနေမှာ၊ ဘာမှ မလုပ်တော့ဘူး…၊ တော်ပြီ…တော်ပြီ…ဘာမှ လာပြောမနေနဲ့………………..”
အေးအေးငြိမ့်ငြိမ့် စီးဆင်းနေတဲ့ စမ်းချောင်းလေးထဲ ငါးမန်းတစ်ကောင် ဝင်သလိုပါပဲ။ ဗြောင်းဆန်သွားမယ်။ ပြဿနာပဲ။ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ရှောင်တဲ့အနေနဲ့ ဒါက ဒီလိုရှိတယ်… အစချီပြီး အေးအေးလေးနဲ့ ဖြည်းဖြည်းလေး ရှင်းပြရတယ်။ ဒီတော့မှ ချိစ်ဘာဂါထဲမှာ မေရောနိစ်တွေ အိနေအောင် ဆမ်းထားလို့ ကြွရွနေတဲ့ ဆလပ်ရွက်လေးတွေလို စိမ်းမြမြအသံလေနဲ့ “ဟုတ်လို့လား”တဲ့ ပြန်ပြောတယ်။ ဒါဆို အိုကေ။ ဟုတ်…ဟုတ်မှဟုတ် (ဟူး….တော်ပါသေးရဲ့)။

မရှိတော့တဲ့ အမေ့ကို လွမ်းလို့ ငယ်ငယ်တုန်းက ကျခဲ့ဖူးတဲ့ မျက်ရည်တွေ သူနဲ့ တွေ့မှ ဟစ်ဟောပ့်နဲ့တွဲထားတဲ့ ပြန်ဆိုတေးတွေလို ထပ်တလဲလဲ ဆိုညည်းခဲ့ရဘူးတယ်။ သူငိုတာနဲ့ လိုက်ငို။ နို့မို့ရင် ဘယ်တော့မှ အငိုမတိ်တ်ဘူး။ ကံကောင်းရင်တော့ သူက ပြန်ချော့မယ် (အခါ ၁၀ဝမှ ၁ခါ)။ ငိုနေတဲ့အခါ လက်သွက်ပုံက မျက်လုံးလေးပိတ်ပြီး လက်သည်း ချွန်ချွန်လေးတွေနဲ့ ကုတ်ဖဲ့တတ်တဲ့ မွေးခါစ ရွှေဝါရောင် အမွှေးပွပွ ကြောင်ပေါက်စလေးလို။ သူရဲကောင်းမှန်ရင် ဒဏ်ရာနဲ့ မကင်းဘူးဆိုပဲ။

သရဲကားတွေ အရမ်းကြိုက်တဲ့ သူ့ကို “လုံ၀ မကြည့်ရဘူး”လို့ သရဲကြောက်တတ်တဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောင်္ကျားက ပြောတော့ “ဘာလို့လဲ”တဲ့။ “ကြည့်ချင် ကြည့်ပေါ့၊ နောက်မှ အူဝဲလေးတွေ မွေးလာရင် သရဲရုပ်ပေါက်နေလိမ့်မယ်”လို့ ခပ်တည်တည်နဲ့ ဂျနတစ်နဲ့ ရီပရိုဒတ်တစ်ကို ရောသမမွှေပြီး ခြောက်လိုက်တော့မှ မီးအားမမှန်လို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ၅၀ဝပ်မီးသီးလို ရီဝေဝေ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ “ဟုတ်လို့လား”တဲ့။ ပြီးတော့မှ “ဟင်…ကာတွန်းကားကရော၊ ဂါဖီးလ်ရော မကြည့်ရဘူးလား၊ သိပ်ကြိုက်တဲ့ဟာ၊ ဘယ်လိုလုပ်မလဲ၊ နေအုံး…နေအုံး… ဂါဖီးလ်က ၀တုတ်တုတ် မျက်လုံးပြုးပြုး ကြောင်လေးဆိုတော့”…မျက်နှာကို သေသေချာချာကြည့်ပြီး…“တူတယ်၊ တူတယ်၊ ဟီဟိ။ ကြည့်မှာပဲ”တဲ့။ အူကြောင်ကြောင်ကို ဖြစ်ရော။

………..ရိုမန်တစ်များ……
………..အိပ်ဇောတစ်များ……
………..ကွန်ပလီကေးတစ်များ……

အပိုင်းအစလေးတွေ။ တွေ့ကြ ဆုံကြ ရင်ခုန်ကြ။ သူတို့ ပျော်နေကြလေပြီ။

They came, they saw, they combined!!!

Saturday, 5 April 2008

အသောကရဲ့ အက္ခရာများ-၃

မဟာဝံသကျမ်းမှာ အသောကဘုရင်ရဲ့ အမည်နာမကို ရိုးရိုးလေး ရှင်းပြထားတယ်။

စဏ္ဍာသောကောတိ ဉာယိတ္ထ၊ ပုဗ္ဗေ ပါပေန ကမ္မုနာ။
ဓမ္မာသောကောတိ ဉာယိတ္ထ၊ ပစ္ဆာ ပုညေန ကမ္မုနာ။

“ရှေးက ပြုခဲ့တဲ့ မကောင်းမှုကြောင့် စဏ္ဍာသောကလို့ နာမည်ကြီးခဲ့ပေမယ့်
နောင်မှာ ပြုခဲ့တဲ့ ကောင်းမှုကြောင့်ပဲ ဓမ္မာသောကလို့ နာမည်ရခဲ့တယ်။”

“Candasoka (the wicked Asoka) was he called in earlier times, by reason of his evil deeds; he was known as Dhammäsoka (the pious Asoka) afterwards because of his pious deeds.”
(The Great Chronicle of Lanka-Wilhelm Geiger)

အသောကကျောက်စာတွေမှာတော့ “ဒေဝါနံ ပိယ အသောက, ဒေဝါနံ ပိယေ ပိယဒသိ ရာဇာ, ပိယဒသိ လာဇာ မာဂဓေ, ဒေဝါနံ ပိယေ ” ဆိုပြီး ထီးသုံးနန်းသုံးဘွဲ့တော်တွေကို ရေးထိုးထားတာ တွေ့ရတယ်။ အသောကဆိုတဲ့ အမည်ကိုတော့ ကျောက်စာတစ်ခုမှာပဲ တွေ့တယ်။ ဒါက အတော် အရေးကြီးတာ။ သမိုင်းလေ့လာသူတွေက အက္ခရာတွေ ကြည့်ပြီး ဘယ်သူဘယ်ဝါ ပုံဖော်ရတာ။ ရှေးက လက်နဲ့ ရေးထားတာတွေကို နောက်မှ ခြေနဲ့ လိုက်ဖျက်နေလို့ ရတာ မဟုတ်ဘူးလေ။

၁။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ။
၂။ ဒုဝါဍသ-၀သာဘိတေန မေ ဣယံ အာနပယိတေ၊ သ၀တာ ဝိဇိတသိ မမ ယုတာ လဇုကေ ပါဒေသိကေ စ ပံစသု ပံစသု ၀သေသု အနုသယာနံ နိခမိတု၊ ဧတာယေဝါ အထာယေ ဣမာယေ ဓံမနုသတိယာ ယထာ အံနာယေ ပိ ကံမာ ယေ။ သာဓု။
၃။ မာတာပိတိသု သုသုသာ မိတာသံထုတ-နာတိကျာနံ စာ ဗံဘန-သမနာနံ စာ သာဓု၊ အပဝိယာတာ အပဘံဍတာ သာဓု။ ပလိသာပိ စ ယုတာနိ ဂနနသိ အနပယိသန္တိ ဟေတု၀တာ စာ ဝိယံ ဇနတေ စ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး မိိန့်ပြန်တော်မူသည်။ ငါဘုရင် မင်းတြားသည် အဘိသိက် သွန်း၍ တဆဲ့နှစ်နှစ် အခါ ဤတရားစာတော်ကို ထုတ်ပြန်တော်မူအပ်သည်၊ တိုင်းနိုင်ငံတော် အလုံး၌၄င်း, ငါမင်းတြားနှင့် ဆက်စပ်သည့် လက်အောက် ဘုရင်ခံတို့ အုပ်စိုးရာ ဝန်ထမ်းနိုင်ငံတော် အလုံး၌၄င်း, ငါးနှစ် ငါးနှစ်လျှင် တကြိမ် တကြိမ်ကျ တရားတော်ကို နိုင်ငံတော်၌ ကျင့်ဆောင်လိုက်နာကြစေရန် တရားဓမ္မ ညွှန်ပြ ဟောပြောရေးအတွက်၄င်း, ထိုမှတပါးသော ပုညကြိယများအတွက်၄င်း, နယ်လှည့်ထွက်ကြစေကုန်၊ ဤတရားတော်ဆိုင်ရာ သြဝါဒနှင့် အလားတူပင် တရားတော်နှင့် ပတ်သက်ရာ အခြားအမှုများ၌လည်း ပြုကျင့်လိုက်နာကြစေကုန်၊ ၄င်းတို့ကား- အမိအဘတို့နှင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ, ဆွေမျိုး ဉာတိတို့၏ အဆုံးအမကို နားထောင်-လိုက်နာခြင်းသည် (ပစ္စုပ် တမလွန် ချမ်းသာကြောင်း) ကောင်းလှ၏၊ ရဟန်း-ပုဏ္ဏားတို့အား လှူဒါန်းခြင်းသည်လည်း (နတ်ရွာနိဗ္ဗာန် ရရောက်ကြောင်း) ကောင်းလှ၏၊ သတ္တဝါတို့ကို မညှင်းဆဲ၊ မသတ်ဖြတ်ခြင်းသည်လည်း (ဘေးရန် ဥပဒ် မကပ်ရကြောင်း) ကောင်းလှ၏၊ အကုန်အကျမများစေပဲး, ချွေတာသုံးစွဲခြင်း, အသုံးအဆောင်ပစ္စည်း-ပရိက္ခရာ နည်းပါးခြင်းသည်လည်း (ဤပစ္စက္ခ ကြောင့်ကြမရှိ ဧးမြကြောင်း) ကောင်းလှ၏၊ (ဤထုတ်ပြန်ချက် တရား-အမိန့်တော်က်ိုိ သိရှိကြားနာသူ) ပရိတ်သတ်များကလည်း မိမိတို့နှင့် ဆုိုင်စပ်ရာ၌ အမိန့်ပြန်ကြားစေ၊ အသင်းအပင်း၌ စပ်ဆိုင်သူများလည်း ဆုိုင်ရာအသင်းအစု၌ အကြောင်းချုပ်အားဖြင့်၄င်း, အကျယ်ဝေဖန်ခြင်းအားဖြင့်၄င်း အမိန့် ပြန်ဆိုကြစေ။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ဤသို့ မိန့်တေ်မူ၏။
ငါအဘိသိက်ခံသည်မှ တစ်ဆဲ့နှစ်နှစ်မြောက်၌ ဤအမိန့်တော်ကို ထုတ်ပြန်တော်မူ၏။
ငါ၏ နိုင်ငံတော် အလုံး၌၊ ယုတ ရာဇုက ပါဒေသိက ဟူသော (ရွှေမြို့တော်တိုင်းခရိုင်) အမတ်တို့သည်၊ ငါးနှစ် ငါးနှစ်မြောက်တိုင်း ဤဆိုလတံသော တရားအဆုန်းအမအလို့ငှာ၄င်း၊ အခြားအမှုကိစ္စတို့ အလို့ငှာ၄င်း၊ ခရီးထွက်ခွာ လှည့်လည်ကြကုန်ရာသည်။
အမိအဖတို့အား ကျိုးနွံခြင်းသည် ကောင်း၏။ မိတ်ဆွေ၊ အသိအကျွမ်း၊ ဆွေမျိုး၊ ရဟန်း ပုဏ္ဏားတို့အား ပေးကမ်း လှူဒါန်းခြင်းသည် ကောင်း၏။ သတ္တဝါတို့၏ အသက်ကို မသတ်ခြင်းသည် ကောင်း၏။ ချွေတာသုံးစွဲခြင်း၊ ပစ္စည်းဥစ္စာကို အသင့်အတင့်သာ စုဆောင်းခြင်းသည် ကောင်း၏။
လွှတ်တော်အဖွဲ့ကလည်း ယုတအမတ်များအား အက်ျိုးအကြောင်းနှင့်တကွ၊ (အမိန့်တော်) စာပါအတိုင်း မှတ်သား၊ နာခံကြရန်၊ အမိန့်ထုတ်ဆင့် ကြစေကုန်သတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေဝါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏။ ငါသည် အဘိသိက်ခံ၍ ၁၂မြောက်၌ ဤအမိန့်ကို ထုတ်ပြန်၏။ ငါ၏ နိုင်ငံ တဝှန်းလုံး၌ ယုတ, ရာဇုက, ပါဒေသိက အမတ်တို့သည် ငါးနှစ် ငါးနှစ်တစ်ကြိမ် အခြားကိစ္စကို စူးစမ်း စစ်ဆေးရန် ထွက်သကဲ့သို့ ဤတရားအဆုံးအမအတွက် ထွက်ကြရမည်။ အမိအဖတို့စကားကို နာယူခြင်းသည် ကောင်း၏။ အဆွေ, ခင်ပွန်း, အသိအကျွမ်း, ဆွေမျိုး, ဉာတကာ, ရဟန်းပုဏ္ဏားတို့အား ပေးကမ်းလှူဒါန်းခြင်းသည် ကောင်း၏။ သတ္တဝါတို့ အသက်ကို မသတ်ဖြတ်ခြင်းသည် ကောင်း၏။ ခြွေတာခြင်း, ပစ္စည်းဥစ္စာ အသင့်အတင့်သာ ရှိခြင်းသည် ကောင်း၏။
ပရိတ်သတ်ကလည်း ယုတအမတ်တို့အား အကြောင်းအကျိုးဖြင့် ဝေဖန်စစ်ဆေးရန် အမိန့်ပေးရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

His Sacred and Gracious Majesty thus said: By me consecrated twelve years was the following ordained: Everywhere within my dominions, the Yuktas, the Rajuka and the Pradesika must every five years, go out on tour by turns as well as for other business too as for this purpose, for this religious instruction: Commendable is the service of father and mother, commendable is liberality to friends, acquaintances, relatives, Brahmans and Sramanas, commendable is abstention from the slaughter of living creatures, commendable also is not to spend or hoard too much. The Council will also similarly instruct the Yuktas for purposes of accounts in accordance with my order and its ground.
Asoka-R.K. Mookerji

Thus says King Priyadarsi, the Beloved of the Gods:- This was ordered by me when I was consecrated twelve years: Everywhere in my Empire, the Yuktas, the Rajukas and the Pradesikas should go out on tour every five years as for this business as for other purpose too, for the instruction in Dhamma,
“Desirable is hearkening to mother and father, desirable is liberality to friends, acquaintances, relatives, Brahmanas and Sramanas: desirable is the abstention from the immolation of animals; desirable is also small expense and small accumulation.” Likewise the assembly will also order the Yuktas for purpose of accounts according to my order and its ground.
Inscriptions of Asoka- N. P. Rastogi


Friday, 4 April 2008

အသောကရဲ့ အက္ခရာများ-၂

H.G. Wellsက “ The Outline of History ”မှာ ဒီလို ဆိုထားတယ်…“Amidst the ten thousands of names of monarchs that crowd the columns of history, their majesties and graciousnesses and serenities and royal highnesses and the like, the name of Asoka shines, shines almost alone, like a star.”
ပါရဂူက “ ပိယဒဿီ ”မှာ ဒီလို ရှင်းပြတယ်...“သမိုင်းစာမျက်နှာတွင် နေရာအပြည့်ယူထားသည့် ဘုရင်ဧကရာဇ် ထောင်သောင်းများစွာထဲတွင် ဘုရင်အသောက၏ အမည်နာမသည် တစ်လုံးတည်း ထွန်းတောက်နေသည့် ကြယ်တာရာနှင့် ပမာတူသည်။”

ဘုရင်အသောက ဘယ်လိုများ ထွန်းတောက်နေသလဲဆိုတာတော့ အက္ခရာတွေမှာ ခြေရာခံ လိုက်ကြည့်ရမှာပဲ။

၁။ သ၀တ ဝိဇိတသိ ဒေဝါနံ ပိယသာ ပိယ ဒသိသာ လာဇိနေ ယေ စ အံတာ အထာ စောဍာ ပံဍိယာ သာတိယပုတော ကေလလ ပုတော တံဗပံနိ။
၂။ အံတိယောဂေ နာမ ယောနလာဇာ ယေ စာ အံနေ တသာ အံတိယောဂသာ သာမံတာ လာဇာနော သ၀တာ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ ဒုဝေ စိကိသကာ ကဋာ မနုသစိကိသာ စာ ပသုစိကိသာ စာ။ သြသဓာနိ မနုသောပဂါနိ စာ ပသောပဂါနိ စ အတတာ နထိ။
၃။ သ၀တာ ဟာလာပိတာ စာ လောပါပိတာ စာ။ ဧ၀မေဝါ မုလာနိ စာ ဖလာနိ စာ အတတာ နထိ သ၀တာ ဟာလာပိတာ စာ လောပါပိတာ စာ။ မဂေသု လုခါနိ လောပိတာနိ ဥဒုပါနာနိ စာ ခါနာပိတာနိ ပဋိဘောဂါယေ ပသုမုနိသာနံ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏ အောင်မြင် အုပ်စိုးတော်မူရာ နိုင်ငံတော်တွင်း အရပ် အားလုံး၌ကဲ့သို့, ထို့အတူ အောင်မြင်စိုးပိုင်သည့် နယ်စွန် အတွင်း၌ ပါဝင်ကုန်သော စောဠတိုင်း, ပံဒုျတိုင်း, သတျ-ပုင်္တြတိုင်း, တမ္ဗပဏ္ဏိတိုင်း အထိ၄င်း, အံတိယောဂအမည်ရှိသော ယောနကမင်းနှင့်တကွ ထိုမင်း၏ လက်အောက်ဖြစ်ကုန်သော သမန္တရာဇ် မင်းတပါးတို့ နိုင်ငံ၌၄င်း, အလုံးစုံသော ဤတိုင်းနိုင်ငံဒေသတို့၌ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် လူဆေးကုဆရာ, တိရိစ္ဆာန်ဆေးကုဆရာ ဟု ဤသို့ ၂မျိုး ၂စားသော ဆေးဆရာတို့ကို တည်ထောင်ထားရှိတော်မူအပ်ကုန်၏။
ထို့ပြင် လူတို့အား၄င်း, တီရစ္ဆာန် သား-ငှက်တို့အား၄င်း အသုံးဝင်သော ဆေးပင်-ဝါးပင်တို့ကိုလည်း ထိုထို မရှိ-ကင်းမဲ့ရာ အရပ်တိုင်း၌ ဆောင်ယူ စိုက်ပျိုးစေအပ်ကုန်၏။ ဤအတူလျှင် မရှိ-ခေါင်းပါးသော အရပ်-ဒေသတိုင်း၌ သစ်မြစ်-သစ်ဥနှင့် သစ်သီးပင်တို့ကိုလည်း ဆောင်ယူ စိုက်ပျိုးစေအပ်ကုန်၏။ ထိုမှတပါးလည်း ထိုထို ခရီးလမ်းတို့၌ သား-ငှက် တိရစ္ဆာန်နှင့် ခရီးသွားသူ လူတို့ နားခိုမှီဝဲ-သုံးဆောင်စေရန် သစ်ပင်အစားစား စိုက်ပျိုးထားရှိစေ၍ ရေတွင်းရေကန်တို့ကိုလည်း တူး-ဆယ် တည်ထားစေအပ်ကုန်၏။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ နိုင်ငံတော် အတွင်း အရပ်ရပ်တို့၌၄င်း နိုင်ငံတော်၏ အစွန်အပ စောဋ(စောဠ) ပံဒိယ(ပံဏ္ဍျ) သာတိယာပုတ, ကေလလပုတ, တံဗပံနိ(တဗ္ဗပဏ္ဏိ) အံတိယောဂ(အန္တိယောက) အမည်တော်ရှိသော ယောနမင်းနှင့် ထိုမင်း၏ ပတ်ဝန်းကျင် အခြားမင်းတို့၏ တိုင်းများအတွင်း အရပ်ရပ်တို့၌၄င်း၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် လူတို့အား ကုစားခြင်း တိရစ္ဆာန်တို့အား ကုစားခြင်းဟူသော ဆေးကုစားခြင်း နှစ်မျိုးကို တည်ထားတော်မူ၏။
လူတို့အဖို့၄င်း၊ တိရစ္ဆာန်တို့အဖို့၄င်း အသုံးဝင်သော ဆေးပင်တို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို့ ယူဆောင်စေ၏။ စိုက်ပျိုးစေ၏။ ထိုနည်းတူစွာ သစ်မြစ်သစ်သီးတို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို ယူဆောင်စေ၏။ စိုက်ပျိုးစေ၏။
လူနှင့်တိိရစ္ဆာန်တို့ သုံးဆောင်စိမ့်သောငှာ၊ လမ်းတို့၌ သစ်ပင်တို့ကို စိုက်စေ၍ ရေတွင်းတို့ကိုလည်း တူးစေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေဝါနံပိယ ပိယဒသီမင်း၏ နိုင်ငံအတွင်း အရပ်-ဒေသအားလုံးတို့၌၄င်း၊ အပြင်အပ ဖြစ်သော စောဠ, ပဏ္ဍယ, သတိယပုတ, ကေရလပုတ, တမ္ဗပဏ္ဏိ, အန္တိယောဂမည်သော ယောနမင်းတို့၏ တိုင်းပြည်များ အတွင်း၌၄င်း ဒေဝါနပိယ ပိယဒသီမင်းသည် လူနှင့်တိရစ္ဆာန်တို့အတွက် ဆေးကုဌာန နှစ်မျိုးထား၏။ လူ, တိရစ္ဆာန်နှင့် သင့်လျော်သော ဆေးပင်တို့ကိုလည်း မရှိသေးသော အရပ်ဒေသသို့ ယူဆောင်စိုက်ပျိုးစေ၏။ ဤအတူ သစ်မြစ်သစ်သီးပင်တို့ကိုလည်း မရှိသေးသော အရပ်ဒေသသို့ ယူဆောင်စိုက်ပျိုးစေ၏။ လမ်းခရီးတို့၌ တိရစ္ဆာန်နှင့်လူတို့ သုံးဆောင်ရန် သစ်ပင်တို့ကို စိုက်ပျိုးစေရန် ရေတွင်းတို့ကို တူးစေ၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

Everywhere within the dominion of His Sacred and Gracious Majesty the King, and likewise among the frontages such as the Cholas, Pāṇḍyas, the Sativaputra, the Keralaputra, what is (known as) Tāmraparṇī, the Greek King, Antiochos, and those kings, too who are the neighbors of that Antiochos-everewhere have been instituted by His Sacred and Gracious Majesty the King two kinds of medical treatment-medical treatment of man and medical treatment of beast. Medical herbs also, those wholesome for man and wholesome for beast, have been caused to be imported and to be planted in all places wherever they did not exist.
Roots also, and fruits, have been caused to be imported and to be planted everywhere wherever they did not exist. On the roads, well also have been caused to be dug and trees caused to be planted for the enjoyment of man and beast.
Asoka-R.K. Mookerji


Everywhere in the Empire of King Priyadarsi, the Beloved of the Gods, and similarly in the bodering Kingdoms, such as the Colas, the Pāṇḍyas, the Satiyaputra, the Keralaputra, upto Tāmraparṇi (river), the Yavana (Greek) King Antiochos and those who are the neighbors of Antiochos everywhere has King Priyadarsi, the Beloved of the Gods, provided medical treatment two kinds, medical treatment for men and medical treatment for animals. Medical herbs also which were useful for men and animals, have been caused to be imported and planted wherever they are not found. Roots and fruits, also, have been caused to be imported and planted wherever they were not found. On the roads, wells have been caused to be dug and trees caused to be planted for the enjoyment of men and animals.
Inscriptions of Asoka- N. P. Rastogi

Thursday, 3 April 2008

ပန်းဒဏ္ဍာရီ

သုသစ္စမာလာ တနုရတ္တဝဏ္ဏာ၊
တေနေ၀ သဉ္စုမ္ဗိတပေမတောယာ။
သဗ္ဗင်္ဂသံသဋ္ဌဒယာသမီရာ၊
ကတာ သုဖုလ္လာယပိ ခန္တိဟာသာ။

ပန်းနုရောင်သစ္စာပန်း
မေတ္တာရေကြည်အေးက အငမ်းမရ နမ်းရှုိုက်
အကြင်နာလေနုအေးက အားပါးတရ ပွေ့ဖက်ပေမယ့်
ခွင့်လွှတ်ခြင်းအပြုံးပွင့် လန်းစွင့်နေဆဲ…။

ဒီဂါထာလေးကို ရေးခဲ့တာ အတော် ကြာနေပြီ။ ၂၀၀၂ လောက်က ဖြစ်မယ်။ စစ်ကိုင်းတောင်ရိပ်ကို ခိုလှုံရင်း တောင်ပေါ်ကနေ ဧရာ၀တီရဲ့ တသွင်သွင်စီးမြောမှုကို ခံစားရင်း နှစ်အတော်ကြာ နေခဲ့ရသေးတယ်။ အဲဒီတုန်းက ရေးခဲ့တာ။ လွမ်းမိပါရဲ့ လွမ်းစေတီရယ်။ ဆိုင်လားမဆိုင်လားတော့ မသိဘူး။ စစ်ကိုင်းလမ်းသီချင်းလေး တီးတိုးဆိုရင်း စစ်ကိုင်းတောင်ပေါ်လမ်းတွေကတော့ အနှံ့ ရောက်ဖူးပါရဲ့။ အခုတော့ ဘယ်အချိန်များမှ ပေါ့ပေါ့ပါးပါးနဲ့ ချောင်ကြိုချောင်ကြား လျှောက်သွားနိုင်ပါ့မလဲမသိ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ အနေအထားတစ်ရပ်ပါလားဗျာ။

တောင်စစ်ကိုင်းမှာ အရောင် နှစ်မျိုး လွှမ်းတယ်။ တစ်ရောင်က ရွှေဝါရောင်, နောက်တစ်ရောင်က ပန်းနုရောင်။ ရွှေဝါရောင်ကတော့ သိတဲ့အတိုင်းပဲ။ တည်ငြိမ်တယ်။ ပြတ်သားတယ်။ ပန်းနုရောင်ကတော့ ပန်းနုရောင်ပါပဲ။ တည်ငြိမ်တယ်။ အေးမြတယ်။ ဒီအရောင်တွေ လွှမ်းခြုံထားတဲ့ စစ်ကိုင်းတောင်ကလဲ ငြိမ်လို့ အေးလို့။ ရောင်စဉ်တွေကို ရင်ထဲမှာ တသိမ့်သိမ့်ခံစားရင်းနဲ့ တိတ်တိတ်လေး နှစ်သက်မိတဲ့ ပန်းနုရောင်တွေအတွက် ဂါထာတစ်ပုဒ် ရေးမိတာ။

ဒီဂါထာမှာ အက္ခရာ ၁၁-လုံးစီပါတဲ့ စာကြောင်း ၄-ကြောင်းပါတယ်။ အခြေခံမူအရ ၄-ပါဒရှိရင် ၁-ဂါထာလို့ ဆိုနိုင်တယ််။ ဂါထာဖွဲ့သီတဲ့ စည်းကမ်းတွေအရ ဒီဂါထာမျိုးကို “ဥပဇာတိ”လို့ ခေါ်တယ်။ ဣန္ဒ၀ဇိရဂါထာရေးနည်းနဲ့ ဥပေန္ဒ၀ဇိရဂါထာရေးနည်း နှစ်မျိုးရောထားတာ။ ပထမနဲ့ စတုတ္ထပါဒတွေက ဥပေန္ဒ၀ဇိရ, ဒုတိယနဲ့ တတိယပါဒတွေက ဣန္ဒ၀ဇိရ။ လူသိများတဲ့ ဥပမာနဲ့ ပြောရရင် ရတနသုတ်, မေတ္တသုတ်တွေမှာ ပါတဲ့ ဂါထာမျိုးတွေနဲ့ တူတယ်။ ဂါထာကြီးတွေလို့လဲ ခေါ်နိုင်တယ်။ ရွတ်ရဖတ်ရတာလဲ ခန့်တယ်။ အင်း…ပြောမယ့်သာ ပြောနေရတာ။ ဒါမျိုးတွေ မရေးနိုင်တာ အတော် ကြာလှပေါ့။ လက်ပျက်နေတယ်လို့ ပြောတာထက် စိတ်ပျက်နေတာလို့ ကိုယ့်ကိုကိုယ် ဝန်ခံရမှာပဲဗျာ။


Wednesday, 2 April 2008

အသောကရဲ့ အက္ခရာများ

အသောကကျောက်စာတွေကို ဖတ်ဖို့မှတ်ဖို့လေ့လာဖို့ ကြိုးစားနေရင်း ဘာသာပြန်တွေကို လက်လှမ်းမှီသမျှ စုစည်းဖြစ်တယ်။ ဘီစီ ၃ရာစုမှာ ရေးထိုးထားတဲ့ ကျောက်စာတွေ စာပေမှတ်တမ်းတင်တဲ့သူတွေရဲ့ လက်ထဲကို အေဒီ ၁၈ရာစု အလယ်လောက်မှာ စတင်ရောက်ရှိခဲ့ပြီး ၁၉ရာစု အစပိုင်းကျမှ ဖတ်လို့ရသတဲ့။ ကံကောင်းတယ်လို့ ပြောရမယ်။ အခုတော့ ရှေးပညာရှင်တွေရဲ့ ကျေးဇူးကြောင့် ဘုရင်အသောကရဲ့ အက္ခရာတွေ လက်တကမ်းမှာ ရောက်နေပါပြီ။ ဒီအထဲက တစ်ခုကို စပြီး မြည်းကြည့်ရအောင်…။

၁။ဣယံ ဓမ္မလိပိ ဒေဝါနံ ပိယေနာ ပိယဒသိနာ လေခိတာ။ ဟိဒါ နာကိဆိ ဇိဝေ အာလဘိတု ပဇောဟိတဝိယေ။
၂။ နော ပိ စာ သမာဇေ ကဋဝိယေ။ ဗဟုကာ ဟိ ဒေါသာ သမာဇသာ ဒေဝါနံ ပိယေ ပိယဒသီ လာဇာ ဒခတိ။ အထိ ပိ စာ ဧကတိယာ သမာဇ သာဓုမတာ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ။
၃။ ပုလေ မဟာနသသိ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ အနုဒိ၀သံ ဗဟုနိ ပါနသဟသာနိ အာလဘိယိသု သုပဌာယေ။ သေ ဣဒါနိ ယဒါ ဣယံ ဓံမလိပိ လေခိတာ တဒါ တိ ံနိ ယေဝါ ပါနာနိ အာလဘိယံတိ။
၄။ ဒုဝေ မဇုလာ ဧကေ မိဂေ။ သေ ပိ စ မိဂေ နော ဓုဝေ။ ဧတာနိ ပိ စ တိနိ ပါနာနိ နော အာလဘိယိသံတိ။


မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် ဤမည်သော တရားစာတော်ကို (ဤ ခပိ ံဂလတောင်ထက်၌) ရေးသား တည်ထား စေတော်မူအပ်သည်၊ ဤဒိုင်နယ် ဒေသ-ပတ်ဝန်းကျင်၌ တစုံ-တခုသော သား-ငှက်တိရိစ္ဆာန် သတ္တဝါကိုမျှ သတ်ဖြတ်၍ ယစ်မပူဇော်ရ၊ ထို့ပြင် (အပျော်ပွဲး, ယစ်ပူဇော်ပွဲး, နတ်ကပွဲး စသော) ပွဲးလမ်း သဘင်များကိုလည်း မခင်းကျင်းရ၊ သို့တားမြစ်ပိတ်ပင်ရကြောင်းကား, မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် တရားဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်၍ ့ ပွဲးလမ်းသဘင်၌ အပြစ်များးစွာ မြင်တော်မူရ၏၊ စိစစ် ခြွင်းချန်ဖွယ်ကား, မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး၏ ကောင်း၏ဟု အရေးတယူ သတ်မှတ်တော်မူအပ်သော (ဘုရားပူဇော်ပွဲး, ကျောင်းပူဇော်ပွဲး စသော) အချို့အချို့သော ပွဲးသဘင်များကား ရှိပေသေ၏။ (ထိုသို့သော ကုသို်လ်ရေး ပွဲးများကို မတားမြစ် ဟူလို၊) ဤတရားစာတော်ကို မရေးသားမီ, ရှေးအခါကာလ၌ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏ စားတော်ချက်အိမ်တော်၌ ပွဲးတော် ဟင်းလျာ အလို့ငှာ ထောင်ပေါင်းများစွာသော သားငှက်သတ္တဝါတို့ နေ့စဉ်နေ့တိုင်း သတ်ဖြတ် သေကြေကြကုန်ပြီ၊ ဤယခု တရားစာတော် ရေးသားထားရှိပြီး အခါမှာကား ဦးဒေါင်းငှက် ၂ကောင်, သမင်တကောင်, ဤ၃ကောင်သော သားငှက်တို့သာ သတ်ဖြတ် သေကြရကုန်၏၊ စိစစ်ပြန်လျှင်, ထိုသတ္တဝါ ၃ကောင်တို့အနက် သားသမင်မှာ အမြဲး-မဟုတ်, ဦးဒေါင်း ၂ကောင်သာ အမြဲး ဖြစ်ကုန်သည်၊ စင်စစ်တမူကား ထိုသားငှက်တို့သည်မျှလည်း နောက်သောအခါ မသတ်ဖြတ် မသေကြေ ဖြစ်ကုန်လိမ့်သတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)

၁။ ဤတရားကဗျည်းကို နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ရေးထိုးစေ၏။
ဤအရပ်၌ မည်သည့်အသက်ကိုမျှ သတ်၍ ယာဇ် မပူဇော်ရ။
၂။ ပွဲတို့ကိုလည်း မကျင်းပရ။ အချို့ပွဲတို့၌ အကျိုးရှိသော်လည်း နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် ပွဲတို့၌ များစွာသော အပြစ်တို့ကို မြင်၏။
၃၊၄။ ရှေး၌ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ စဖိုအိမ်၌ နေ့စဉ် ထောင်ပေါင်းများစွာသော အသက်တို့ကို ဟင်းလျာ အလို့ငှာ သတ်ကုန်၏။ သို့ရာတွင် ယခု ဤတရားကဗျည်းကို ရေးစေပြီးနောက် ဥဒေါင်း နှစ်ကောင်နှင့် သမင် တကောင် သုံးကောင်သော သတ္တဝါတို့ကို သာလျှင် သတ်ကုန်၏။ ထိုအနက်လည်း သမင်ကို နေ့စဉ် မဟုတ်။ ဤသုံးကောင်သော သတ္တဝါတို့ကိုပင် မသတ်ကြရကုန်လတံ့။
(အသောကကျောက်စာများ-ဦးဖိုးလတ် )

ဒေဝါနံပိယ ပိယဒသီမင်းသည် ဤတရားစာကို ရေးစေ၏။ ဤအရပ်၌ မည်သည့်သတ္တဝါကိုမျှ သတ်ဖြတ်၍ ယဇ်မပူဇော်ရ။ ပွဲသဘင်လည်း မကျင်းပရ။ ဒေဝါနံပိယ ပိယဒသီမင်းသည် ပွဲသဘင်တို့၌ အပြစ်များစွာမြင်၏။ ထိုတွင် အချို့သော ပွဲသဘင်တို့ကိုကား ဒေဝါနံပိယ ပိယဒသီမင်းသည် ကောင်း၏ဟု သတ်မှတ်၏။
ရှေးအခါက ဒေဝါနံပိယ ပိယဒသီမင်း၏ စဖိုဆောင်၌ နေ့တိုင်းဟင်းလျာအတွက် သတ္တဝါထောင်ပေါင်းများစွာတို့ကို သတ်ဖြတ်ကြ၏။ ဤတရားစာကို ရေးပြီးသောအခါ ဥဒေါင်းနှစ်ကောင် သမင်တကောင် ဤသုံးကောင်ကိုသာ သတ်ရ၏။ ထိုတွင်လည်း သမင်မှာ အမြဲမဟုတ်၊ နောင်သောအခါ ထိုသုံးကောင်ကိုပင် သတ်ကြရမည် မဟုတ်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

This religious edict has been caused to be inscribed by His Sacred and Gracious Majesty.
Here not a single living creature should not be slaughtered and sacrificed. Nor should any Samaja be held. For His Sacred and Gracious Majesty sees much objection in such samaja.
But there are also certain varieties of same which are considered commendable by His Sacred and Gracious Majesty.
Formerly in the kitchen of His Sacred and Gracious Majesty, daily many hundred thousands of living creatures were slaughtered for purposes of curries. But now when this religious edict is being inscribed, only three living creatures are slaughtered, two peacocks and one deer, and the deer, too, not regularly. Even these three living creatures afterwards shall not be slaughtered.
(Asoka-R.K. Mookerji)

This religous edict has been caused to be inscribed by King Priyadarsi, the Beloved of the Gods. Here not a single living being should be killed and offered as sacrifice; nor should any Samaja be held; for King Priyadarsi, perceives many evils in such Samaja. There are, however, certain Samaja, which are regarded commendable by King Priyadarsi, the Beloved of the Gods. Formerly in the kitchen of King Priyadarsi many hundreds of thousands of living beings were everyday killed for (preparing) dishes. But now when this religious edict is being caused to be inscribed, only three living beings are killed, two peacocks and one antelope, and that antelope, too, not regularly. Even these three beings shall not be killed in future.
(Inscriptions of Asoka- N. P. Rastogi)

Monday, 31 March 2008

Blogအက္ခရသညာတော

စာတစ်စောင်ပေတဖွဲ့ ဘယ်အရွယ်မှာ စရေးခဲ့ဘူးသလဲတော့ မမှတ်မိတော့။ တစ်ကြောင်း တစ်ပါဒလေးမျှပင် မှတ်တမ်းမှတ်ရာ မရှိ။ ဒီတော့ အတိတ်က အရိပ်တွေကို ထားလိုက်ပါ။ ရာစုသစ်မှာ ရှင်သန်နေတဲ့ အကြောင်းပဲ ပြောမယ်။ အိုင်တီခေတ်ရဲ့ သွေးဆောင်မှုကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်တိုင်ရေးပုံတူတစ်ခု ခြယ်မှုန်းမိခဲ့တယ်။ ၂၀၀၇ မတ်လထဲမှာ စခဲ့တာ။ လမ်းကြောင်းက နတ္ထိ၂၂
gmail accountရှိသူတိုင်း ဖန်တီးလို့ရတဲ့ blog့ဆိုတာပေါ့။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရေးချင်တာ ရေးနေကြတဲ့ bloggerတွေကလဲ အများကြီး။ သူ့ဘလောဂ့် ကိုယ့်ဘလော့ဂ် အပြန်အလှန် ဖတ်ကြ အားပေးကြ ကူညီကြ ညှိနှုိုင်းကြ ဝေဖန်ကြ။ ကူးလူးဆက်ဆံမှုကတော့ တကယ် လွမ်းစရာ။ virtual world လား small world လား မသိနိုင်ပေမယ့် dream world မဟုတ်, happy world တစ်ခုလို့ ခံစားရတယ်။ ပျော်ရွှင်စရာ ဘလောဂ့် ကမ္ဘာလေးတစ်ခုပေါ့။ မျက်မှောက်ခေတ်မှာတော့ ဘလောဂ်တွေရဲ့စီးမြောမှုတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ အကောင်းအဆိုး ကွဲပြားပေမယ့် အကျိုးသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိိပါပဲ။

ကိုယ်တိုင်က ပါဠိcrazyဆိုတော့ ပါဠိနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဦးစားပေး ရေးဖြစ်တယ်။ အထူးသဖြင့် ကိုယ်တိုင်ရေးထားတဲ့ ပါဠိဂါထာတွေ မျှဝေဖြစ်တယ်။ ဒါပေမယ့် ဘလောဂ့်ရေးတာကို ဇွန်လမှာ ရပ်လိုက်တယ်။ အဲဒီ့လေးလအတွင်းမှာတော့ မြင်တွေ့ ကြားသိတာလေးတွေကို ရေးဖွဲ့မိခဲ့တယ်။ ဒီအထဲမှာ ခရီးသွားမှတ်တမ်းတွေ လဲပါတယ်။ သံဝေဇနိယ ၄-ဌာနထဲက လုမ္ဗိနီနဲ့ ဗာရာဏသီမှာ အသောကကျောက်စာတိုင်တွေ ရှိတယ်။ ဒါတွေကို အမှတ်တရအနေနဲ့ ဘလောဂ့်မှာ ရေးဖြစ်တယ်။ ဘီစီ ၃ရာစုက ဇမ္ဗူဒိပ်ရဲ့ မှတ်တမ်းတွေဖြစ်တဲ့ အသောကကျောက်စာတွေကို အေဒီ ၂၁ရာစုသစ်က ခေတ်သစ်နည်းပညာနဲ့ ဘလော့ဂ်မှာ ပုံဖော်လိုက်ရာ ကြည်နူးစရာပါ။ တစ်ခုတော့ ရှိတယ်။ ဘလောဂ့်သက်တမ်းက ကျောက်စာသက်တမ်းကို မှီမမှီဆိုတာတော့ မပြောနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျောက်ထက်အက္ခရာ တင်ထားတာတွေကို ဘလောဂ့်ထက် အက္ခရာတင်လိုက်ရတာပါပဲ။ ဟုတ်တယ်နော။ “အက္ခရာတို့ဖြင်သာ ကောင်းစွာ သိအပ်၏”တဲ့။

နတ္ထိရဲ့ ခရီး-လုမ္ဗိနီ
(၂၀၀၇ ဧပြီ ၂၇တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန်ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာလွင့်ပျံ့နေဆဲပါ။

ဒီလို ဘလော့ဂ်မှာ ရေးလိုက်တာနဲ့ လာဖတ်တဲ့သူတွေရဲ့ တုန့်ပြန်မှုလေးတေွေကိုလဲ မှတ်တမ်းတစ်ခုအနေနဲ့ တွေ့နိုင်တယ်။ ပုထုဇဉ်ဆိုတဲ့ ဘလော့ဂ်ဂါတစ်ဦးက အသောကရဲ့ အခွန်ကင်းလွတ်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောတော့ ကိုယ်ကလဲ ကိုယ်နားလည်သမျှ ပြန်ပြောဖြစ်တယ်။ ဒါမျိုးကို ဘလော့ဂ်ရဲ့ ရသတစ်မျိုးလို့ ဆိုနိုင်တယ်။

ပုထုဇဉ်…
"ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။"
အခွန်ကင်းလွတ်ခွင့် ပေးတာတောင်မှ ရှစ်ဖို့ တစ်ဖို့ (၁၂.၅%) ပေးရသေးလား၊ ဒါဆို အခွန်များ ကင်းလွတ်ခွင့် မပေးရင် ဘယ်လောက်တောင် ကောက်သလဲ မသိဘူးနော်။ ရှေးဘုရင်များက အခွန်အတုတ် ကြီးကြီး ကောက်ပုံရတယ်။ ဒါမှမဟုတ် အရင်ကောက်နေကျ ပုံမှန်အခွန်ရဲ့ ရှစ်ပုံ တစ်ပုံကိုပဲ ကောက်မယ်လို့ ပြောတာများလား၊ ကျွန်တော်တော့ သိပ်နားမရှင်းဘူး။

နတ္ထိ…
ပုထုဇဉ်…. “ဥဗလိကေ ကဋေ အဌ ဘာဂိယေ စ” ဆိုတာလေးက စိတ်ဝင်စားစရာပါဗျာ။ အသောကဘုရင် လက်ထက်တုန်းက အခွန် ကောက်ခံပုံနဲ့ ပတ်သက်ပြီး လုမ္ဗိနီက ကျောက်စာကို အခြေခံပြီး လေ့လာသုံးသပ်ထားတာတွေကို ဒီလမ်းကြောင်းမှာ ကြည့်ပါဦး။
http://www.lumbiniinteractive.org.np/contents/index.php?view=activity&&id=2
4. Reconsidering the Runnibdei inscription: correction and its grounds ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်ပါတယ်။

ပုထုဇဉ်…
ရှင်းပြထားတဲ့ လင့်ခ်ပေးထားတော ကျေးဇူးပါ။
"paying (only) an eighth share ([for a sixth share] of the produce.)"
ဆိုတော့… အရင်ပေးနေကျရဲ့ ရှစ်ပုံတစ်ပုံပဲ ကောက်တာပေါ့နော၊ အရင်ပေးနေကျက ခြောက်ပုံတစ်ပုံ၊ (သူ့ရဲ့ ရှစ်ပုံတစ်ပုံဆိုတော့) စုစုပေါင်း ထွက်တဲ့ ကုန်အားလုံးတန်ဖို့ရဲ့ ၄၈ပုံ တစ်ပုံဆိုတော့ အခုခေတ်အခေါ် ၂%လောက်ပဲ ဝင်ငွေခွန် ကောက်တဲ့သဘောပေါ့နော။ ကျွန်တော် အဓိပ္ပါယ်ကောက်တာ မှန်ရဲ့လား။ ဒါဆိုရင်တော့ အများကြီး သက်သာတယ်လို့ ပြောရမယ်။

နတ္ထိ…
ပုထုဇဉ်…အသောကဘုရင်ရဲ့ သဘောထားတွေကို လေ့လာနေဆဲပါခင်ဗျာ။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။ စစ်စည်စစ်မောင်းတွေ ရပ်စဲပစ်ပြီး တရားစည်တော်ကို တီးခတ်ခဲ့သူ တစ်ယောက်မှာ အလွန့်အလွန် ထူးခြားမှုတွေ ရှိမယ်လို့ ထင်ပါတယ်။



နတ္ထိရဲ့ ခရီး-ဗာရာဏသီ
(၂၀၀၇ မေ ၂၀ တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။

“ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။”
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။

၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။

ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ်အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။

ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။

ဆရာသမားတစ်ဦးရဲ့ မွေးနေ့အထိမ်းအမှတ်စာစောင်မှာ ရေးထားတာကို ပြန်ဖော်ပြထားတာပါ။