Monday 31 March 2008

Blogအက္ခရသညာတော

စာတစ်စောင်ပေတဖွဲ့ ဘယ်အရွယ်မှာ စရေးခဲ့ဘူးသလဲတော့ မမှတ်မိတော့။ တစ်ကြောင်း တစ်ပါဒလေးမျှပင် မှတ်တမ်းမှတ်ရာ မရှိ။ ဒီတော့ အတိတ်က အရိပ်တွေကို ထားလိုက်ပါ။ ရာစုသစ်မှာ ရှင်သန်နေတဲ့ အကြောင်းပဲ ပြောမယ်။ အိုင်တီခေတ်ရဲ့ သွေးဆောင်မှုကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်တိုင်ရေးပုံတူတစ်ခု ခြယ်မှုန်းမိခဲ့တယ်။ ၂၀၀၇ မတ်လထဲမှာ စခဲ့တာ။ လမ်းကြောင်းက နတ္ထိ၂၂
gmail accountရှိသူတိုင်း ဖန်တီးလို့ရတဲ့ blog့ဆိုတာပေါ့။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရေးချင်တာ ရေးနေကြတဲ့ bloggerတွေကလဲ အများကြီး။ သူ့ဘလောဂ့် ကိုယ့်ဘလော့ဂ် အပြန်အလှန် ဖတ်ကြ အားပေးကြ ကူညီကြ ညှိနှုိုင်းကြ ဝေဖန်ကြ။ ကူးလူးဆက်ဆံမှုကတော့ တကယ် လွမ်းစရာ။ virtual world လား small world လား မသိနိုင်ပေမယ့် dream world မဟုတ်, happy world တစ်ခုလို့ ခံစားရတယ်။ ပျော်ရွှင်စရာ ဘလောဂ့် ကမ္ဘာလေးတစ်ခုပေါ့။ မျက်မှောက်ခေတ်မှာတော့ ဘလောဂ်တွေရဲ့စီးမြောမှုတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ အကောင်းအဆိုး ကွဲပြားပေမယ့် အကျိုးသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိိပါပဲ။

ကိုယ်တိုင်က ပါဠိcrazyဆိုတော့ ပါဠိနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဦးစားပေး ရေးဖြစ်တယ်။ အထူးသဖြင့် ကိုယ်တိုင်ရေးထားတဲ့ ပါဠိဂါထာတွေ မျှဝေဖြစ်တယ်။ ဒါပေမယ့် ဘလောဂ့်ရေးတာကို ဇွန်လမှာ ရပ်လိုက်တယ်။ အဲဒီ့လေးလအတွင်းမှာတော့ မြင်တွေ့ ကြားသိတာလေးတွေကို ရေးဖွဲ့မိခဲ့တယ်။ ဒီအထဲမှာ ခရီးသွားမှတ်တမ်းတွေ လဲပါတယ်။ သံဝေဇနိယ ၄-ဌာနထဲက လုမ္ဗိနီနဲ့ ဗာရာဏသီမှာ အသောကကျောက်စာတိုင်တွေ ရှိတယ်။ ဒါတွေကို အမှတ်တရအနေနဲ့ ဘလောဂ့်မှာ ရေးဖြစ်တယ်။ ဘီစီ ၃ရာစုက ဇမ္ဗူဒိပ်ရဲ့ မှတ်တမ်းတွေဖြစ်တဲ့ အသောကကျောက်စာတွေကို အေဒီ ၂၁ရာစုသစ်က ခေတ်သစ်နည်းပညာနဲ့ ဘလော့ဂ်မှာ ပုံဖော်လိုက်ရာ ကြည်နူးစရာပါ။ တစ်ခုတော့ ရှိတယ်။ ဘလောဂ့်သက်တမ်းက ကျောက်စာသက်တမ်းကို မှီမမှီဆိုတာတော့ မပြောနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျောက်ထက်အက္ခရာ တင်ထားတာတွေကို ဘလောဂ့်ထက် အက္ခရာတင်လိုက်ရတာပါပဲ။ ဟုတ်တယ်နော။ “အက္ခရာတို့ဖြင်သာ ကောင်းစွာ သိအပ်၏”တဲ့။

နတ္ထိရဲ့ ခရီး-လုမ္ဗိနီ
(၂၀၀၇ ဧပြီ ၂၇တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန်ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာလွင့်ပျံ့နေဆဲပါ။

ဒီလို ဘလော့ဂ်မှာ ရေးလိုက်တာနဲ့ လာဖတ်တဲ့သူတွေရဲ့ တုန့်ပြန်မှုလေးတေွေကိုလဲ မှတ်တမ်းတစ်ခုအနေနဲ့ တွေ့နိုင်တယ်။ ပုထုဇဉ်ဆိုတဲ့ ဘလော့ဂ်ဂါတစ်ဦးက အသောကရဲ့ အခွန်ကင်းလွတ်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောတော့ ကိုယ်ကလဲ ကိုယ်နားလည်သမျှ ပြန်ပြောဖြစ်တယ်။ ဒါမျိုးကို ဘလော့ဂ်ရဲ့ ရသတစ်မျိုးလို့ ဆိုနိုင်တယ်။

ပုထုဇဉ်…
"ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။"
အခွန်ကင်းလွတ်ခွင့် ပေးတာတောင်မှ ရှစ်ဖို့ တစ်ဖို့ (၁၂.၅%) ပေးရသေးလား၊ ဒါဆို အခွန်များ ကင်းလွတ်ခွင့် မပေးရင် ဘယ်လောက်တောင် ကောက်သလဲ မသိဘူးနော်။ ရှေးဘုရင်များက အခွန်အတုတ် ကြီးကြီး ကောက်ပုံရတယ်။ ဒါမှမဟုတ် အရင်ကောက်နေကျ ပုံမှန်အခွန်ရဲ့ ရှစ်ပုံ တစ်ပုံကိုပဲ ကောက်မယ်လို့ ပြောတာများလား၊ ကျွန်တော်တော့ သိပ်နားမရှင်းဘူး။

နတ္ထိ…
ပုထုဇဉ်…. “ဥဗလိကေ ကဋေ အဌ ဘာဂိယေ စ” ဆိုတာလေးက စိတ်ဝင်စားစရာပါဗျာ။ အသောကဘုရင် လက်ထက်တုန်းက အခွန် ကောက်ခံပုံနဲ့ ပတ်သက်ပြီး လုမ္ဗိနီက ကျောက်စာကို အခြေခံပြီး လေ့လာသုံးသပ်ထားတာတွေကို ဒီလမ်းကြောင်းမှာ ကြည့်ပါဦး။
http://www.lumbiniinteractive.org.np/contents/index.php?view=activity&&id=2
4. Reconsidering the Runnibdei inscription: correction and its grounds ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်ပါတယ်။

ပုထုဇဉ်…
ရှင်းပြထားတဲ့ လင့်ခ်ပေးထားတော ကျေးဇူးပါ။
"paying (only) an eighth share ([for a sixth share] of the produce.)"
ဆိုတော့… အရင်ပေးနေကျရဲ့ ရှစ်ပုံတစ်ပုံပဲ ကောက်တာပေါ့နော၊ အရင်ပေးနေကျက ခြောက်ပုံတစ်ပုံ၊ (သူ့ရဲ့ ရှစ်ပုံတစ်ပုံဆိုတော့) စုစုပေါင်း ထွက်တဲ့ ကုန်အားလုံးတန်ဖို့ရဲ့ ၄၈ပုံ တစ်ပုံဆိုတော့ အခုခေတ်အခေါ် ၂%လောက်ပဲ ဝင်ငွေခွန် ကောက်တဲ့သဘောပေါ့နော။ ကျွန်တော် အဓိပ္ပါယ်ကောက်တာ မှန်ရဲ့လား။ ဒါဆိုရင်တော့ အများကြီး သက်သာတယ်လို့ ပြောရမယ်။

နတ္ထိ…
ပုထုဇဉ်…အသောကဘုရင်ရဲ့ သဘောထားတွေကို လေ့လာနေဆဲပါခင်ဗျာ။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။ စစ်စည်စစ်မောင်းတွေ ရပ်စဲပစ်ပြီး တရားစည်တော်ကို တီးခတ်ခဲ့သူ တစ်ယောက်မှာ အလွန့်အလွန် ထူးခြားမှုတွေ ရှိမယ်လို့ ထင်ပါတယ်။



နတ္ထိရဲ့ ခရီး-ဗာရာဏသီ
(၂၀၀၇ မေ ၂၀ တုန်းက ဘလော့ဂ်မှာ မှတ်တမ်းတင်ခဲ့တယ်)
ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။

“ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။”
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။

၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။

ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ်အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။

ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။

ဆရာသမားတစ်ဦးရဲ့ မွေးနေ့အထိမ်းအမှတ်စာစောင်မှာ ရေးထားတာကို ပြန်ဖော်ပြထားတာပါ။