Wednesday 20 October 2010

အိပ်မက်နဒီ


ယော
ဝေလာဇလေ နိဗ္ဗုယှန္တော
ကုန္နဒိယာ ဂီတသဒ္ဒေန
ဝုဒ္ဓိံ ပတ္တော။
အာကာသံ ဥလ္လောကေန္တော
ပထဝိံ သမ္မုဿန္တော
၀ဏုပ္ပါဒံ ပုနပ္ပုနံ ပတ္တော။
အထ
ဇလပ္ပဝါဟသဒ္ဒေါ ဥစ္စနီစော
နဒီယာ အင်္ကန္တရံ
အာသင်္ကန္တော ပတ္တော။
တာရာပဘာ ပဇ္ဇောတာ
ရတ္တိယာ မဇ္စျိမော မဇ္စျိမော ယာမော
တေ သုပိနန္တိ မနသိ ကရောန္တော
ပကမ္ပိတဟဒယော ဥမ္မာဒံ ပတ္တော။
ပစ္ဆိမေ…
တရင်္ဂပ္ပဘာ၀မဟာသဒ္ဒါဘိဘူတော
နိက္ခိတ္တဗာဟာဗလော ဟာနိဘာဂီ
ပရာဇယံ ပတ္တော။
ယတ္ထ အာသင်္ဂေါ,
တဒင်္ဂသုညော အပရိပက္ကဘဝေါ…
သဗ္ဗရတ္တိံ အမနာပသုပိနေဟိ
နာနာနယေန ပီဠိတတ္တာ
အနိဒ္ဒါယနရတ္တီဟိ သံသဂ္ဂံ ပတ္တော။
ဥစ္စနီစမယာ လောကဓမ္မာ
ကိဉ္စိဒေ၀ အနာကင်္ခမာနော…
နိရာဗာဓော ဟဒယော…
ဝိ၀ဋင်္ဂဏောယေဝ
အနိဒ္ဒယန္တောပိ
ဒိဋ္ဌဒိဋ္ဌသုပိနေဟိ
ဝုဋ္ဌဟန္တော ပဗောဓံ ပတ္တော…။

မေဓာဝီရဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ကြည့်မိတာပါ။ မူရင်းကဗျာက ဒီမှာ...။

နိုးထချိန်
သူဟာ …
ဒီရေမှာ စီးမျောရင်း
ချောင်းငယ်ရဲ့ တေးသီချင်းနဲ့
ကြီးပြင်းလာခဲ့တယ်။
ကောင်းကင်ကို မော့ကြည့်ပြီး
မြေကြီးကို မေ့လျော့ကာ
ဒဏ်ရာတွေ အခါခါရခဲ့ဖူးတယ်။
ဒီလိုနဲ့ …
ရေစီးသံ တညံညံ
မြစ်ယံရဲ့ ရင်ခွင်ထဲ
မရဲတရဲ တိုးဝင်ခဲ့တယ်။
ကြယ်ရောင်တောက်ပ
ညနက်နက်တွေကို
အိပ်မက်လို စိတ်ကူး
ရင်ခုန်ရင်း ရူးခဲ့ဖူးတယ်။
နောက်ဆုံး …
လှိုင်းပုတ်သံ တဝုန်းဝုန်းအောက်
လက်မြှောက်ရင်း ကျဆုံး
အရှုံးလည်း ပေးခဲ့ရတယ်။
တွယ်တာစရာ
ဘယ်အရာမှမရှိတဲ့ ဘဝအရိုင်းပါကွယ် …
ညတိုင်းမှာ အိပ်မက်ဆိုးတွေက
မရိုးနိုင်အောင် နှိပ်စက်ကြလို့
အိပ်ပျက်ညတွေနဲ့ ယဉ်ပါးခဲ့ရတယ်။
ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း
ဘာတခုမှ မလွမ်းလောက်တော့တဲ့အခါ …
ရင်မှာနာကျင်ခြင်း ကင်း …
ဟင်းလင်းပြင် သက်သက်
မအိပ်စက်ပါဘဲလျက်
မက်မက်နေတဲ့ အိပ်မက်တွေက
နိုးထလာခဲ့ပါတယ် … ။

Saturday 9 October 2010

Horizontal နိယာမ



ပရိယန္တော ဥပ္ပလဝတိ။
ပါဒါ ဥဒ္ဓံ ဝါ အဓော ဝါ အစလိတွာန
စက္ခုဒဿနံ နိရန္တရံ အနုဓာ၀တိ။
ယော ပရိစ္ဆန္နပစ္စယေန ပစ္စယော။
ယော စ ဥပတ္ထမ္ဘပစ္စယေန ပစ္စယော။
ဒွိန္နံ တေသံ အန္တရေ
ဘူမိယံ သယိတွာ အာကာသံ ပဋိမုခံ ကတွာ
ဥဂ္ဂဏှာမိ။
အနန္တရေန အာယာမေန
သမံ ဥပမိတာပိ
န သက္ကာ သမဒိသာ ရေခါတိ ပညာပေတုံ။

ပါဠိဘာသာပြန်ကြည့်တာ။ မူရင်းကဗျာက ဒီမှာ...

The Horizontal Rule

အကန့်အသတ်ဟာ ပေါလောမျောပါသွားတယ်
ခြေထောက်တွေ အထက်အောက် မရွေ့ဘဲ
အမြင်အာရုံက မရပ်မနား လိုက်ပြေးနိုင်ခဲ့
အုပ်မိုးလွှမ်းခြုံခြင်းဖြင့် ကျေးဇူးပြုတယ်
ခင်းကျင်းထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုတယ်
အဲဒီ အလွှာနှစ်ထပ်အလယ်မှာ
မြေကိုကျောခင်း မိုးနဲ့မျက်နှာချင်းဆိုင်ရင်း
ငါ သင်ယူနေတာပေါ့
အဆုံးအစမဲ့ အလျားချင်း
ရေပြင်ညီ ယှဉ်လိုက််ကြရုံနဲ့
အပြိုင်မျဉ်းတွေလို့ ပညတ်စရာ မလိုအပ်တဲ့အကြောင်း။

Saturday 2 October 2010

Neoနမက္ကာရ



ဘယ်အရွယ်မှာ ဘယ်လို စပြီး ဘုရားရှိခိုးဖြစ်သလဲ မမှတ်မိတော့ဘူး။ အရွယ်ရောက်လာတော့ ဘုရားရှိခိုး အမျိုးမျိုးတွေ ရွတ်ဖတ်သရဇ္စျယ်ပြီး ဂုဏ်တော်ထုံမွှန်း ပုံတော်မှန်းပြီး ဗုဒ္ဓာနုဿတိဘာ၀နာပွားများရတာ အမော။ ဂါထာရေးဖွဲ့တတ်လာတဲ့အခါ ဉာဏ်မှီသလောက် ဘုရားဂုဏ်တော်ဖွဲ့တွေ သီကုံးပူဇော်ဖြစ်ခဲ့တယ်။ အနှစ်သက်ဆုံး ရေးဟန်ကတော့ စင်္ကြာဂါထာတွေပဲ။ စတွေ့တဲ့ ပုံစံက စက်ဝန်း။ ဒါကို နည်းယူပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဗောဓိညောင်ရွက်နဲ့ စင်္ကြာပုံဖော်, ဂါထာရေးထည့်ပြီး စွဲစွဲမြဲမြဲ ပူဇော်ဖြစ်တယ်။ တိုတိုနဲ့ လိုရင်းပဲ အာရုံပြုချင်တဲ့အခါမျိုးပေါ့။ ကိုယ်တိုင်ရေးတဲ့ ပါဠိကဗျာ ဂါထာတွေနဲ့ ဘုရားရှိခိုးရတာ အတော် အရသာရှိတယ်လို့ ပြောမိတော့ သမိုင်းဆရာတစ်ဦးကတော့ မှတ်ချက်ပေးတယ်။ ရှေးဆရာတော်တွေရဲ့ နမက္ကာရတွေမှ အားမနာတဲ့။

ပုံထဲက ဂါထာစာသားနဲ့ မြန်မာစကားပြေကို ဒီမှာ တင်ထားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ခန့်က ဒီဂါထာလေး ရေးဖြစ်ခဲ့တာ။ အဲဒီတုန်းက အရှင်ဗုဒ္ဓဃောသမထေရ် နမက္ကာရပါဠိကို မဖတ်ဘူးသေးဘူး။ အခု ပိုစ့်တင်ခါနီးမှ ဖတ်ဖြစ်တယ်။ ကိုယ်ရေးသားပူဇော်ထားတဲ့ ဂုဏ်တော်ကို နမက္ကာရထဲမှာ ရှာတွေ့တော့ အတော် ကြည်နူးမိတယ်။ အာစရိယပရမ္ပရ, သိဿာနုသိဿ အစဉ်အဆက် ဒီလိုပဲ ဗုဒ္ဓဂုဏ်တော်ဘွဲ့တွေ ဖွဲ့သီပူဇော်ခဲ့ကြတာနေမှာ။

ယော ဗုဒ္ဓော သုမတိ ဒိဝေ ဒိဝါကရော၀၊
သောဘန္တော ရတိဇနနေ သိလာသနမှိ။
အာသီနော သိ၀သုခဒံ အဒေသိ ဓမ္မံ၊
ဒေဝါနံ တမသဒိသံ နမာမိ နိစ္စံ။

ဒီဂါထာက အရှင်ဗုဒ္ဓဃောသမထေရ် ရေးသားပူဇော်ခဲ့တဲ့ နမက္ကာရထဲက ဂါထာတစ်ပုဒ်ပါ။ ကိုယ်တတ်သမျှ မြန်မာပြန်ထားတာက ဒီလိုပါ…

သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဗုဒ္ဓသည်
နေမင်းသဖွယ် ထွန်းလင်းတင့်တယ်တော်မူလျက်
မွေ့လျော်ဖွယ်ရာ ပဏ္ဍုကမ္ပလာမြကျောက်ဖြာထက်၌ သီတင်းသုံးတော်မူကာ
မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား
နိဗ္ဗာန်ချမ်းသာကို ပေးတတ်သော အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူခဲ့လေပြီ။
အတုမရှိ မြတ်ဗုဒ္ဓကို အမြဲမပြတ် ရှိခိုးပူဇော်ပါ၏။

*** ကျီးသဲလေးထပ်ဆရာတော် ရေးသားစီရင်ခဲ့တဲ့ ပကိဏ္ဏက-နမက္ကာရ-အစိနေ္တယျဘုရားရှိခိုးကို ကိုယ်တိုင်လဲ ရွတ်ဖတ်ပူဇော်, သူတပါးကိုလဲ တိုက်တွန်းတတ်တဲ့ အဘိုးကို လွမ်းမိလေရဲ့…။