Thursday 7 June 2007

နတ္ထိရဲ့ နိဂုံး


စိရံ တိဋ္ဌတု နိဗ္ဗင်္ကော၊
ဝင်္ကဓမ္မော ဝိနဿတု။

ကောက်ကျစ်မှုတွေ လွင့်ပါးပါစေ။
ဖြောင့်မတ်မှုတွေ ထင်ရှားပါစေ။

ယနေ့မှ စ၍ ဘလောဂ့်ကမ္ဘာမှ အပြီးအပိုင် ထွက်ခွာသွားတော့မည် ဖြစ်ပါကြောင်း အသိပေးပါသည်။ နွေးထွေးမှုကို ပေးခဲ့သော ဘလောဂ့််ဂါအပေါင်း ပျော်ရွှင်ပါစေကြောင်း ဆုမွန်တောင်းပါသည်။ အမှားအယွင်းများရှိခဲ့လျှင် ခွင့်လွှတ်ဖို့ရာ တောင်းပန်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

အမှတ်တရ ဘလောဂ့်လေးကို ထားခဲ့ပါရစေ။

နတ္ထိရဲ့ ခရီး (ကုသိနာရုံ)


ဝိဇိတဝိဇယ.မဓိဂတဖလသုခ.မိဓ၊
ဇဟိတမရဏဘယ.မရိယသမဏ.မထ။
ယဒိ ယမဝိသယ.မဓိဂတ.မဘိယဇသိ၊
တ၀ ဟဒယ.မမိတ.မမတ.မနုဘဝတိ။

မာရ်အပေါင်းကို အောင်တော်မူပြီးသော
အရဟတ္တဖိုလ်ချမ်းသာကို ရတော်မူပြီးသော
ကိသေသာအပူမှန်သမျှကို အကြွင်းမရှိ ငြိမ်းအေးစေပြီးသော
သေခြင်းမှ ကြောက်ရွံ့မှုကို ပယ်စွန့်တော်မူပြီးသော
သေမင်းပိုင်နက်ကို လွန်မြောက်တော်မူပြီးသော
မြတ်ဗုဒ္ဓကို မြတ်နိုးကော်ရော် ပူဇော်ပါလျှင်
သင့်ရဲ့ နှလုံးသားသည်
အနှိုင်းမဲ့ အမြိုက်အရသာကို ခံစားရနိုင်၏။
.
ဒီဂါထာကို “အစလဓိတိ”လို့ ခေါ်တယ်။ မတုန်လှုပ်သော တည်ကြည်ခြင်းလို့ ဆိုလိုတယ်။ တစ်ပါဒ တစ်ပါဒမှာ အက္ခရာ ၁၆လုံးပါတယ်။ အဲဒီ့အက္ခရာတွေ အားလုံး လဟုတွေပဲ။ လဟု ဆိုတာက အ, ဣ, ဥ ဆိုတဲ့ အသံ တိုတဲ့ သရတွေနဲ့ပဲ တွဲစပ်ထားတဲ့ ဗျည်းတွေပေါ့။ အာ ဤ ဥူ ဧ သြ ဆိုတဲ့ အသံရှည်သရတွေ မပါဘူး။ ဒါတွေနဲ့တွဲရင် ဂရု ဖြစ်သွားတယ်။ လဟုဆိုတာက ပေါ့တာ။ ဂရုဆိုတာ လေးတာ။ အသံပေါ့။ အသံလေး။ ဒါကို ပြောတာပါ။ ဒါတွေက ပါဠိသဒ္ဒါနဲ့ ဂါထာရေးထုံးတွေပါတဲ့ ဆန်းကျမ်းတို့ရဲ့ အနေအထားတွေပါ။ ဒီဂါထာကို ရေးခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ၁၀ နှစ်လောက် ရှိပြီ။ အတော် ကြာပြီပဲ။ ဘာ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာလဲ။ မြတ်ဗုဒ္ဓရဲ့ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို ပူဇော်တဲ့ အနေနဲ့ ရေးဖွဲ့ခဲ့တာ။ ခေါင်းစဉ်လေးတောင် ရှိသေးတယ်။ ဘာတဲ့…
အနုပါဒိသေသနိဗ္ဗာနဓာတုပူဇနပဋိသံယုတ္တာဘိမင်္ဂလကထာ
အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသဘောကို အလေးအမြတ်ထားခြင်းနှင့် သက်ဆိုင်သော မင်္ဂလာစကား
.
အဲဒီအချိန်တုန်းကတော့ စာပေအရသာကို အပြည့်အဝ ခံစားရင်း ရေးဖွဲ့ခဲ့တာ။ ကိုယ်တိုင်လဲ ကျေနပ်ကြည်နူးလို့လေ။ တစ်ခုထဲသော ရည်ရွယ်ချက်နဲ့ အရမ်းကို တက်ကြွနေခဲ့တာပေါ့။ ကောင်းပါတယ်။ ဒီလို အချိန်မျိုး ဘဝမှာ ကြုံတွေ့ခဲ့ရတာ တကယ် တန်ဖိုးရှိတယ်။ ဒါပေမယ့် အချိန်က အငြိမ်မနေပါ။ နောက်ပြန်မလှည့်သော ပြတ်သားမှုမျိုးနဲ့ ရှေ့သို့ ချီတက်နေတာ။ ယက်ကန် ယက်ကန်နဲ့ လိုက်လာတာ အခု အချိန်ကို မီးမောင်းထိုးပြရရင် အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ ပျိုမြစ်ခြင်းတို့ ဆိတ်သုန်းခဲ့ပြီ။ တက်ကြွမှုတို့ လျော့ပါးခဲ့ပြီ။ လေလွင့်စွာနဲ့ လမ်းခွဲမှာ တွေဝေနေလေပြီကော။ အဆုံးမဲ့ ခရီးသွား ရပ်နားခွင့် မကြုံခဲံလေပြီကော။ ငိုကြွေးမှုအာဟာရနဲ့ ကြွေလွင့်မယ့် အချိန်ကာလ မဝေးတော့ပြီ….။ တစ်ခုတော့ ရှိတယ်။ ပြုပြုသမျှတွေ သမိုင်းရေစီးကြောင်းမှာ အဖတ်ဆယ်လို့ ရမရ။ ဒါပဲ။ ဒါကိုတော့ မမေ့သင့်ဘူး။
.
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေခြင်း၏ အကြောင်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်း။
မမေ့လျော့သူတို့ မသေကြ။
မေ့လျော့သူတို့ သေကြ၏။

၂၀၀၇ ဖေဖော်ဝါရီ ၂၅ နေ့မှာ ကုသိနာရုံကို ရောက်ခဲ့တယ်။ နေရာ နှစ်ခု သွားကြည့်တယ်။ ပထမဦးဆုံး ဗုဒ္ဓသရီရ တေဇောဓာတ်လောင်ကျွမ်းတဲ့ နေရာ။ နောက်တစ်နေရာက ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်ရှိတဲ့ နေရာ။ ဘုရားလောင်း ဖွားမြင်တဲ့နေရာ ဘုရားဖြစ်တော်မူတဲ့နေရာ ဘုရားတရားဦးဟောတဲ့နေရာ သုံးခု ရောက်ခဲ့ပြီးသား။ အဲဒီနေရာတွေ ရောက်တုန်းက ခံစားမှုမျိုးနဲ့ မတူတဲ့ ဝေဒနာတစ်ရပ်ကို ကုသိနာရုံ ရောက်တော့ ခံစားမိတယ်။
.

အနိစ္စာ ၀တ သင်္ခါရာ၊
ဥပ္ပါဒါ၀ယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္စျန္တိ။
တေသံ ဝူပသမော သုခေါ။

သင်္ခါရတရားတို့သည် မမြဲ။
ဖြစ်ပြီး ပျက်တတ်၏။
ဖြစ်ပျက်တတ်သောသဘောတို့၏
ကင်းငြိမ်းခြင်းသည် ချမ်းသာခြင်းတည်း။
.

ဒီသဘောလေးကို ခံစားမိလို့လား။ ဟုတ်သလိုလိုပဲ။ သိမ်သိမ်မွေ့မွေ့လေး။ စိတ်ထဲမှာ။ နှလုံးသားထဲမှာ။ တစ်မျိုးကြီးပဲ။ အဲဒါ သံဝေဂ ဆိုတာလား။ တုန်လှုပ်နေတာလား။ ဟုတ်လား မဟုတ်ဘူးလား ဆိုတာတောင် ဝေခွဲမရတော့။ သွားပြီ။ အမြင်အာရုံတွေ ဝါးတားတား။ ဘာဖြစ်တာလဲ။ မသိဘူး။ ဒူးထောက်ကျသွားတယ်။ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းလို့ ခြေတော်အစုံ ကြာပဒုံကို ခိုလှုံဦးခိုက်မိခဲ့တယ်။
.
.
ရာဂါနတဗ္ဘုတသရောဇမုခံ ဓရာယ၊
ပါဒါ တိလောကဂုရုနော.ဓိကဗဒ္ဓရာဂါ။
အာဒါယ နိစ္စသရသေန ကရေန ဂါဠှံ၊
သဉ္စမ္ဗယန္တိ သတတာဟိတသမ္ဘမေန။

မြေလွှာမိန်းမပျိုရဲ့
တပ်မက်ဖွယ်ရာ ညွတ်ကျလာသော
အံ့သြဖွယ်ရာ ပဒုမာကြာပွင့်မျက်နှာကို
သုံးလောကထွတ်ထား မြတ်ဘုရားရဲ့
တပ်မက်စွဲငြိနေသည့် ယောကျင်္ားပျိုခြေတော်အစုံက
အမြဲတမ်း တမ်းတနေသည့် လက်နဲ့
အားပါးတရ ပွေ့ဖက်ပြီး
အစဉ်ထာ၀ရ မြတ်နိုးတွယ်တာမှုနဲ့
နမ်းရှုိုက်လေပြီတကား…။

Tuesday 5 June 2007

နတ္ထိရဲ့ ကဗျာဗေဒ

ပန်ဒိုရာ က ကဗျာဆိုတဲ့ စကားလုံးရဲ့ အနေအထားလေးတွေကို သိချင်တယ်လို့ ကွန့်မန့် ထဲမှာ ပြောသွားလို့ ကိုယ်လဲ စပ်စပ်စုစုနဲ့ စမ်းတဝါးဝါး လေ့လာကြည့်လိုက်တယ်။ အဓိကအနေနဲ့ ပါဠိစာပေကို အခြေခံပြီး ကိုးကားချက်လေးတွေ စုစည်းထားပါတယ်။

သဒ္ဒါကျမ်းများ၏ အဆို

ပုဂံခေတ်က ရေးခဲ့တဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းက အဆိုအမိန့်လေးကို ဒီနေရာမှာ သက်ဆိုင်တယ်လို့ ထင်ပြီး ကိုးကားချင်တယ်။

မနောဟရတာယ အဝဿံ ကုယျတိ ပဏ္ဍိတေဟီတိ ကဗ္ဗံ။ ကာဝိယံ။ ကာဝေယျံ။

စိတ်မနောကို စွဲငြိတတ်လို့ မလွဲမမှားအောင် ပညာရှိတို့ ရွတ်ဖတ်ရသည်။
ထို့ကြောင့် ကဗ္ဗ-ကဗျာ ဟု ခေါ်၏။
ကာဝိယ, ကာဝေယျ လည်း ထို့အတူ ဖြစ်၏။

အညတြ ပန ကဝီနံ ဣဒန္တိ ကဗ္ဗန္တိ တဒ္ဓိတ၀သေန အတ္ထော ဂဟေတဗ္ဗော။

တခြားသောနေရာ၌ “ကဗျာဆရာတို့၏ ဥစ္စာသည်” “ကဗ္ဗ-ကဗျာ” ဖြစ်၏ ဟု သဒ္ဒါသဘောအရ အဓိပ္ပါယ်ကို မှတ်ယူရ၏။

ကေစိ တု ကာဗျန္တိ သဒ္ဒရူပံ ဣစ္ဆန္တိ၊

တစ်ချို့က “ကာဗျ” ဟူသည့် ပုဒ်ကို ကြိုက်ကြ၏။

န တံ ပါ၀စနေ ပမာဏံ သက္ကဋဘာသာဘာ၀တော။

ဤပုဒ်သည် သက္ကဋဘာသာစကားဖြစ်၍ ဗုဒ္ဓဒေသနာတော်၌ အရေးမပါ။

သက္ကဋဘာသာတောပိ ဟိ အာစရိယာ နယံ ဂဏှန္တိ။

သို့သော် ဆရာတို့သည် သက္ကဋဘာသာစကားမှလည်း နည်းစနစ်ကို ရယူကြသည်။

လန်ဒန်က Pali Text Societyက ထုတ်တဲ့ Pali English dictionary ကတော့ ဒီလို ဆိုထားတယ်….

ကာဝေယျ….(1) poetry, the making of poems, poetry as business, one of the forbidden occupations
(2) Poetry, song, poem.

ကဗ္ဗ…a poem, potential composition, song

ကဗျ=ကဗ္ဗ…alankara composing in beautiful verses, a beautiful poem


ဒါဆိုရင် ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီး ရှင်းသွားပါပြီနော်။

ကဝီနံ ဣမံ ကဗျံ ယံ ဂီတန္တိ ဝုစ္စတိ

“ကဗျာဆရာတို့ရဲ့ ဥစ္စာသည် ကဗျ” မည်၏။ “သီချင်း” ဟု ခေါ်၏။

ကဝိမှိ ဘဝံ ကဗျံ ကဝီနံ အယံ ဝါ ကဗျာ

ကဗျာဆရာ၌ ဖြစ်ပေါ်၏။ထို့ကြောင့် “ကဗျ” ဟု ခေါ်၏။
တနည်းအားဖြင့် ဆိုရလျှင် ကဗျာဆရာတို့၏ ဖန်တီးမှုသည် ကဗျာ ဟု ခေါ်၏။

ဒီစကားတွေကိုတော့ အကုန်လုံး မတွေ့ဖူးဘူး။ ကဝိမှိ ဘဝံ ကဗျံ ဆိုတဲ့ စကားလေးကိုပဲ ရူပသိဒ္ဓိလို့ ခေါ်တဲ့ သီရိလင်္ကာသဒ္ဒါကျမ်းမှာ တွေ့မိတယ်။ အခု လက်ထဲမှာ အလွယ်တကူ ရှိနေတဲ့ သဒ္ဒါကျမ်းတွေကိုပဲ ကြည့်နိုင်တယ်။ မြန်မာပြည်မှာလို စာအုပ်စုံစုံ ရှိရင်တော့ ပိုပြီး ပြောနိုင်မလားပဲဗျာ။




ပိဋကတ်တော်၏ အဆို

ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ဗြဟ္မဇာလသုတ် မဟာသီလအဖွင့်မှာ ဒီလို ပြောတယ်။

ယထာ ဝါ ပနေကေ ဘောနေ္တာ သမဏဗြာဟ္မဏာ သဒ္ဓာဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧ၀ရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ …….ကာဝေယျံ၊ ……. ဣတိ ဝါ ဣတိ ဧ၀ရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရတော သမဏော ဂေါတမောတိ။

ရဟန်းပုဏ္ဏားတို့သည် သဒ္ဓာတရားဖြင့် ပေးလှူထားသော ဘောဇဉ်တို့ကို သုံးဆောင်းရင်း …………………………..တိရိစ ္ဆာန်အတတ်ပညာများဖြင့် ယုတ်မာစွာ ရှင်သန်ကြ၏။ ဗုဒ္ဓသည် ၄င်းတို့ကို ဘယ်တော့မှ မလုပ်။
အဲဒီထဲမှာ ကာဝေယျပါတယ်။ သီချင်းကဗျာရေးဖွဲ့ခြင်း။

ဒီပါဠိကို ဖွင့်ဆိုတဲ့ အဖွင့်ကျမ်းကတော့ ကာဝေယျမှာ ကဝိ လေးမျိုး ပြထားတယ်။

ကာဝေယျန္တိ စတ္တာရောမေ၊ ဘိက္ခဝေ၊ ကဝီ။ ကတမေ စတ္တာရော။ စိန္တာကဝိ၊ သုတကဝိ၊ အတ္ထကဝိ၊ ပဋိဘာနကဝီတိ…….ဇီ၀ကတ္ထာယ ကဗျကရဏံ။

ကိုယ်တိုင် ကြံစည်ပြီး ရေးတဲ့ ကဗျာဆရာ
ပြောတာ ကြားပြီး ရေးတဲ့ ကဗျာဆရာ
အဓိပ္ပါယ်ကို ရေးတဲ့ ကဗျာဆရာ
အကြောင်းညီညွတ်တဲ့ခါ ဖြတ်ထိုးဉာဏ်နဲ့ ရေးတဲ့ ကဗျာဆရာ

ပြီးတော့မှ ကာဝေယျကို အဓိပ္ပါယ် ရှှုင်းပြတယ်။
အသက်မွေးဝမ်းကြောင်းအတွက် ကဗျာရေးတာပါတဲ့။


သံယုတ္တနိကာယ် သဂါထာဝဂ္ဂ မာရသံယုတ် ဒုတိယဝဂ္ဂ သကလိကသုတ်မှာ မာရ်နတ်က ဗုဒ္ဓကို ဒီလို မေးတယ်….

မန္ဒိယာ နု ခေါ သေသိ ဥဒါဟု ကာဝေယျမတ္တော၊
အတ္ထာ နု တေ သမ္ပစုရာ န သန္တိ။
ဧကော ဝိဝိတ္တေ သယနာသနမှိ၊
နိဒ္ဒါမုခေါ ကိမိဒံ သောပ္ပသေ ဝါတိ။

တွေဝေငေးမောလျက် အိပ်နေသလား။ ဒါမှမဟုတ် ကဗျာဆရာတစ်ယောက်လို ကဗျာရေးဖွဲ့တာ မြတ်နိုးနေသလား။ နိဗ္ဗာနဓာတ် သင့်မှာ ကောင်းကောင်း ရှိပုံ မရ။ ဆိတ်ငြိမ်ရာအရပ်မှာ တစ်ယောက်ထဲ အိပ်ရာထဲမှာ အိပ်နေလို့ ဘာလုပ်မှာလဲ။

ဗုဒ္ဓက ဒီလို ဖြေတယ်….

န မန္ဒိယာ သယာမိ နာပိ ကာဝေယျမတ္တော၊
အတ္ထံ သမေစ္စာဟမပေတသောကော။
ဧကော ဝိဝိတ္တေ သယနာသနမှိ၊
သယာမဟံ သဗ္ဗဘူတာနုကမ္ပီ။

တွေဝေငေးမောပြီး မအိပ်ပါ။ ဒါမှမဟုတ် ကဗျာရေးဖွဲ့တာကို မြတ်နိုးမှု မရှိပါ။ နိဗ္ဗာနဓာတ်ကို သက်ဝင်ပြီး သောက ကင်းကင်းနဲ့ ဆိတ်ငြိမ်ရာမှာ တစ်ယောက်ထဲ သတ္တဝါအားလုံးအပေါ် ကြင်နာသနားလျက် အိပ်ရာထဲမှာ ငါ လဲလျောင်းနေတာပါ။


နောက်တစ်ခုက သံယုတ္တနိကာယ််ထဲကပဲ ဝင်္ဂ ီသ သံယုတ် ဝင်္ဂ ီသသုတ်ထဲမှာ အရှင်ဝင်္ဂ ီသရဲ့ စကားလေးတွေ….

ကာဝေယျမတ္တာ ဝိစရိမှ ပုဗ္ဗေ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
အထဒ္ဒသာမ သမ္ဗုဒ္ဓံ၊ သဒ္ဓာ နော ဥပပဇ္ဇထ။


ဟိုတုန်းကတော့ သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။ အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု ဖြစ်လာတယ်။

သံယုတ္တနိကာယ် နိဒါနဝဂ္ဂ သြပမသံယုတ် အာဏိသုတ်မှာတော့…

ယေ ပန တေ သုတ္တန္တာ ကဝိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာ၀ကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊

ကဗျာဆရာတို့ စီရင်ဖန်တီးထားသော ဆန်းကြယ်သော ဗျည်းအက္ခရာရှိသော သာသနာတော်၏ အပြင်ပဖြစ်သော တခြားသော တပည့်များ ပြောကြားသော သုတ်များကို နားထောင်ကြလိမ့်မည်။

အင်္ဂုတ္တရနိကာယ ဒုကနိပါတ ပဌမပဏ္ဏသတ သမစိတ္တဝဂ်မှာ ဆိုထားတဲ့

“ယေ ပန တေ သုတ္တန္တာ ကဝိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာ၀ကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊” စကားရပ်မှာ ပါတဲ့ “ကဝိတာ” ကို ဒီပါဠိရဲ့ အဖွင့်ကျမ်းက…

ကဝိတာတိ ကဝီဟိ ကတာ။ ဣတရံ တဿေ၀ ဝေ၀စနံ။

ကဝိတာ ဆိုတာဟာ ကဗျာဆရာတို့ စီရင်ထားသော ကဗျာသီချင်း။ နောက်တစ်ပုဒ်ဖြစ်တဲ့ “ကာဝေယျ” ဒီ ကဝိတာနဲ့ တူတူပဲ။

အဲဒီ အဖွင့်ကျမ်းကို ထပ်ဖွင့်တဲ့ ကျမ်းက ဒီလို ပြောတယ်…

ဣတရန္တိ ကာဝေယျာတိ ပဒံ၊ ကာဗျန္တိ ဝုတ္တံ ဟောတိ။ ကာဗျန္တိ စ ကဝိနာ ဝုတ္တန္တိ အတ္ထော။ တေနာဟ တဿေ၀ ဝေ၀စနံ။

နောက်တစ်ပုဒ်ဆိုတဲ့ စကားက ကာဝေယျကို ပြောတာပါ။ ကာဗျလို့ ဆိုလိုတယ်။ ကဗျာဆရာတို့ ရွတ်ဆိုသော ကဗျာသီချင်းလို့ အဓိပ္ပါယ်ရတယ်။



ခုဒ္ဒကနိကာယ် ဥဒါနပါဠိ နန္ဒဝဂ္ဂ သိပ္ပသုတ်မှာလဲ ဒီလို ဆိုထားသေးတယ်….

ရဟန်းတွေ အချင်းချင်း မေးကြမြန်းကြတဲ့အခါ အတတ်ပညာတွေထဲမှာ ဘယ်အတတ်ပညာက အမြင့်ဆုံးလဲလို့ မေးခွန်းကို တစ်ချို့က…

ကာဝေယျသိပ္ပံ သိပ္ပါနံ အဂ္ဂံ။

သီချင်းကဗျာရေးးဖွဲ့ခြင်းအတတ်ပညာသည် အမြင့်ဆုံး လို့ ဖြေကြတယ်။
ဒီစကားတွေကို ဗုဒ္ဓကို လျှောက်ထားကြတော့ ဗုဒ္ဓက ပြတ်ပြတ်ပဲ ပြန်ပြောတယ်။

န ခွေတံ၊ ဘိက္ခဝေ၊ တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧ၀ရူပိ ံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ၊ ဘိက္ခဝေ၊ ဒွယံ ကရဏီယံ ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါတိ။

ရဟန်းတို့ ယုံကြည်သက်ဝင်မှုဖြင့် အိမ်ရာစွန့်ပြီး ရဟန်းဝတ်လာတဲ့ အမျိုးကောင်းသားတွေ အတွက် ဒီစကားမျိုး ပြောတာ မသင့်ပါ။ ရဟန်းများ စည်းဝေးတဲ့အခါ အလုပ် နှစ်မျိုးပဲ လုပ်ရမယ်။ တရားစကား ပြောရင်ပြော။ ဒါမှမဟုတ် မြင့်မြတ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေ။
ဆက်ပြောသေးတယ်…။

အသိပ္ပဇီဝီ လဟု အတ္ထကာမော၊
ယတိန္ဒြိယော သဗ္ဗဓိ ဝိပ္ပမုတ္တော။

ရဟန်းဆိုတာ တပ်မက်မှုကို ပယ်ဖြတ်ပြီးလို့ ပစ္စည်းဥစ္စာတွေကို မစွဲလမ်းတော့ပဲ အတတ်ပညာ တစ်စုံတစ်ရာကိုမှ မှီခိုပြီး အသက်မွေးဝမ်းကြောင်း မလုပ်တော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သတ္တဝါတို့ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်ထားရှိတယ်။ ဣနြေ္ဒသိက္ခါကို စောင်းစည်းပြီး ဘဝအားလုံးမှ လွတ်မြောက်သူ ဖြစ်တယ်။

အင်း….ပြောတာတွေ များသွားပြီ။ ရှုပ်နေလား မသိဘူးနော်။ ဒါတောင် လက်လှမ်းမမှီတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ မပြည့်စုံတာကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပါ။ အတိိုင်းအတာတစ်ခုအနေနဲ့ နားလည်ပေးမယ်ဆိုရင်တော့ ဝမ်းသာမိမှာပါ။

Sunday 3 June 2007

နတ္ထိရဲ့ လရောင်ခြည်

စန္ဒိကာ မန္ဒဟာသာ တေ၊
မုနိန္ဒ ၀ဒနိန္ဒုနော။
ပဗောဓယတျ.ယံ သာဓု-
မနောကုမုဒကာနနံ။


အို…မြတ်ဗုဒ္ဓ
သင့် မျက်နှာတော်လပြည့်ဝန်းရဲ့
အပြုံးနုနုရောင်ခြည်တွေကြောင့်
သူတော်ကောင်းတို့ရဲ့
မနောပဒုမာကြာရုံတော
ဖူးပွင့်ဝေဆာလာလေပြီကော….။

Saturday 2 June 2007

နတ္ထိရဲ့ နှုတ်ခမ်းပွင့်လွှာ

အလင်္ကရောန္တာ ၀ဒနံ၊
မုနိနော.ဓရရံသိယော။
သောဘနေ္တ.ရုဏရံသီ.၀၊
သမ္ပတန္တာ.မ္ဗုဇောဒရေ။

ပွင့်လုဆဲဆဲ
ပဒုမာကြာငုံအပေါ်
ဖြာကျနေတဲ့
နေခြည်နုနု
တောက်ပစိုပြေနေသလို
မြတ်ဗုဒ္ဓရဲ့
ချိုမြမြ မျက်နှာတော်ကို
တင့်တယ်စံပယ်အောင်
ခြယ်မှုန်းနေတဲ့
နှုတ်ခမ်းတော်ကနေ
ရောင်ခြည်တော်တွေဟာ
ကွန့်မြူးတောက်ပနေလေရဲ့…။

Friday 1 June 2007

နတ္ထိရဲ့ ပန်းလက်နက်

မာရာရိဗလဝိဿဋ္ဌာ၊
ကုဏ္ဌာ နာနာဝိဓာယုဓာ။
လဇ္ဇမာနာ.ညဝေသေန၊
ဇိန ပါဒနတာ တ၀။

အို..မြတ်ဗုဒ္ဓ…
မာရ်စစ်သည်အပေါင်းက
ပစ်လွှတ်လိုက်တဲ့
လက်နက်ယန္တရားတွေဟာ
အသုံးမဝင်တဲ့အတွက်
ရှက်လွန်းလို့
ပန်းပွင့်အသွင်ပြောင်းပြီး
သင့်ရဲ့ ခြေတော်ရင်းမှာ
ဝပ်စင်းခစားနေကြလေရဲ့။