Thursday 31 July 2008

ခလုတ်ထိမှ



ဝရညူ ဒေဝပါမောက္ခေါ၊
ဝဉ္စီနံ ဒေဝဓီတာနံ။
ဝသမ္ပိ နေဝ အာပန္နော၊
ဝန္ဒေ ဗုဒ္ဓံ ဝသိပ္ပတ္တံ။

မာယာများသည့် မာရ်နတ်သမီးပျိုတို့၏
အလိုဆန္ဒကို မလိုက်လျောခဲ့သော
နတ်တို့၏ အကြီးအမှူးဖြစ်သော
အလိုရှိတိုင်း ပြီးပြည့်စုံသော
သမ္မာသမ္ဗုဒ္ဓကို
ဦးခိုက်ပါ၏။

ဒီစကြာဂါထာလေးကို ရေးဖြစ်ခဲ့တာ ကြာလှပါပြီ။ မဟာဗုဒ္ဓဝင်ထဲက အနှစ်သက်ဆုံး ဖြစ်တော်စဉ်တစ်ခုကို အာရုံယူပြီး ရေးထားတာ။ အခုအချိန်မှာ ဒါကို သတိပြန်ရလာတဲ့ အကြောင်းကလဲ ရှိနေတယ်။ ဒုက္ခစိတ်နဲ့ ဒွိဟလူတစ်ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည် ဝါးတားတားဖြစ်နေချိန်မှာ ဘုရားတတဲ့ သဘောမျိုးများ ဖြစ်နေလားတော့ မသိဘူး။ ပရိတ်ကြီး ဓဇဂ္ဂသုတ်ထဲက “မမေဝ တသ္မိံ သမယေ အနုဿရေယျာထ”ဆိုတဲ့ မြတ်ဗုဒ္ဓအလိုတော်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းရင်း…။

Saturday 26 July 2008

မထုရာမှ ပုံရိပ်လွှာ

ဇမ္ဗူဒိပ်မှာ မြတ်ဗုဒ္ဓ နှစ်ကြိမ်နှစ်ခါ ပွင့်တော်မူခဲ့တယ်။ ဘီစီ ၆ရာစုမှာ ပထမအကြိမ်အနေနဲ့ ဗုဒ္ဓဂယာမှာ သမ္မာသမ္ဗုဒ္ဓ ပွင့်ထွန်းခဲ့ပြီး အေဒီ ၁ရာစုမှာ ဒုတိယအကြိမ်အနေနဲ့ မထုရာမှာ ဗုဒ္ဓရုပ်ပွားတော် စတင် ပေါ်ပေါက်ခဲ့တာ။ တကယ်တမ်းကျတော့ သုံးကြိမ် ပွင့်တယ်လို့တောင် ပြောရင်ရတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ပါကစ္စတန် အနောက်မြောက်ဒေသဖြစ်တဲ့ ဂန္ဓာရဟာ မထုရာနဲ့ ခေတ်ပြိုင်ပဲ။ အဲဒီက လက်ရာတွေက ဂရိနွယ်တယ်။ မထုရာကတော့ အိန္ဒိယရိုးရာဟန်ပဲ။ ဒါပေမယ့် ဒီဒေသနှစ်ခုကတော့ အပြန်အလှန် လွှမ်းမိုးသက်ရောက်မှုတွေ ရှိကြတယ်။



မထုရာမြို့ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်တော်မူခဲ့ဖူးတယ်။ အဲဒီတုန်းက မြို့နာမည်က မဓုရာတဲ့။ လမ်းကြမ်းတယ်။ ဖုန်ထူတယ်။ ခွေးဆိုး ပေါတယ်။ ဘီလူးကြမ်းတွေ ရှိတယ်။ ဆွမ်းကွမ်း ရှားတယ်လို့ မြတ်ဗုဒ္ဓက ဒီမြို့ရဲ့ အပြစ်တွေကို ဟောခဲ့ဖူးတယ်။




ဒီမြို့လေးကို နှစ်ကြိမ် ရောက်ဖူးတယ်။ အိန္ဒိယရောက်ခါစ ၂၀၀၅ ဇူလိုင်လနဲ့ ဒီနှစ် ဖေဖော်ဝါရီလတုန်းကရယ်။ ဖာဟီယန်တို့ ရွှင်ဆန်တို့ကတော့ နှစ် ၁၆၀၀လောက် စောပြီး ရောက်ခဲ့ကြပြီးပြီ။ အဲဒီကို သွားခဲ့တဲ့ အဓိက ရည်ရွယ်ချက်က မထုရာပြတိုက်ကို သွားကြည့်တာ။ Aniconic ခေတ်ကနေ Iconicကာလ အပြောင်းအလဲ ပုံရိပ်တွေဖြစ်တဲ့ ဗုဒ္ဓရုပ်ပွားတော် အတော်များများ စုဆောင်းထားတဲ့ ပြတိုက်တစ်ခုပါ။ “ဗာတိံသ လက္ခဏူပေတာ-သီတာနုဗျဉ္ဇနာဓရာ”ဆိုတဲ့ ဂါထာအပိုင်းအစလေးတစ်ခု ရင်ထဲမှာ စွဲနေတာ ကြာလှပြီပေါ့။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နဲ့ စုံလင်ပြည့်ဝတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ကိုယ်စားရုပ်ပွားတော်ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး စတင်ဖန်တီးခဲ့သူများရဲ့ စွဲလမ်းသက်ဝင်ယုံကြည်ချက်အတွေးမျှင်တွေကို ရော်ရမ်းမှန်းဆရင်း မထုရာမြို့လေးကို နောက်တစ်ကြိမ် သွားခွင့်ရဖို့ စောင့်ဆိုင်းနေမိတယ်။

Tuesday 22 July 2008

အက္ခရာမဲ့ ဝေဒနာ

ယမုနာ မြစ်ကမ်းနဘေးက
အဖြူရောင်နွဲ့နွဲ့ တေးတစ်ပုဒ်
စာသားမဲ့နေဆဲ…။



ခရီးထွက်ဖြစ်တယ်။ ခရီးလမ်းက လွမ်းမောစရာလား…ရင်မောစရာလား…မိန်းမောစရာလား… မက်မောစရာလား…ရယ်မောစရာလား…ဆိုတာ ဝေခွဲလို့မရနိုင်ပေမယ့် မောတော့မောတယ်။
သွားတာက တစ်နေရာ။ ဒါပေမယ့် ဆက်စပ်သလိုလို ရှိတယ်လို့ ထင်မိတာနဲ့ ဒီနှစ်ဆောင်းနှောင်းပိုင်းတုန်းက သွားဖြစ်ခဲ့တဲ့ နေရာလေးကို သတိရမိတယ်။ “တာ့ဂ်ျမဟာ” ပါ။ အဲဒီနေရာကို ရောက်တော့ ဘာပြောရမှန်း မသိနိုင်လောက်အောင် ခံစားရတယ်။ အင်း…မောနေလို့လားမသိ။