Saturday 31 March 2007

နတ္ထိရဲ့ ပဟေဠိ

ဝေဒါသာကု ကုသာဒါဝေ၊
ဒါယသာတ တသာယဒါ၊
သာသာဒိကု ကုဒိသာသာ၊
ကုတကုဘု ဘုကုတကု၊

“Code Is Poetry” လို့ ပြောကြတယ်။ အတော် ရသမြောက်ပါတယ်။ အခုက Programming နဲ့တော့ မဆိုင်ပါဘူး။ ပါဠိဂါထာလေးတစ်ပုဒ်ပါ။ Poetry Is Code လို့ ပြောရမလို ဖြစ်နေတယ်။ ပါဠိနဲ့ Coding လုပ်ထားတာလို့ ဒီဂါထာလေးကို အကဲခတ်မိပါတယ်။ တစ်ကြောင်း ၈ လုံး, ၄ ကြောင်း ဆိုတော့ ဂါထာ အသွင် ဆောင်ပါတယ်။ တစ်ကြောင်း ၈လုံးမှာ ရှေ့ ၄လုံးကို ပဋိလုံ ပြန်ပြီး နောက် ၄လုံးကို ရေးထားတယ်။ ရေးဖွဲ့ထားပုံ အတော် ပီပြင်ပါတယ်။
ပါဠိစာပေမှာ ပုဒ်ပါဌ်အက္ခရာတွေရဲ့ အနက်အဓိပ္ပါယ်ကို ကြံဆတဲ့အခါမှာ အသုံး ပြုဖို့ရာ ရှေးဆရာတို့က ဒီလို ရေးထားတယ်….
ပဌမံ ကရေ ပဒစ္ဆေဒံ ၊ သမာသာဒိ ံ တတော ပရေ၊
သမာသာဒိ ံ တတော ပစ္ဆာ ၊ အတ္ထံ ဇာနေယျ ပဏ္ဍိတော။
အဓိပ္ပါယ်က…ပါဠိစာကို တွေ့တာနဲ့ ပထမဆုံး ပုဒ်တွေကို ခွဲခြမ်းစိတ်ဖြာ ရမယ်။ ပြီးတော့ ပုဒ်တွေရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံကို သုံးသပ်ရမယ်။ ဒီလို ခွဲခြမ်းစိတ်ဖြာ သုံးသပ်လေ့လာပြီးရင် အနက်အဓိပ္ပါယ်ကို သိနိုင်ပါတယ်တဲ့။ ဒါက အခြေခံ နည်းစနစ်ပါ။ တစ်ခါတစ်လေ အဓိပ္ပါယ်က လျှို့ဝှက်တိမ်မြုတ်နေတဲ့ အခါမှာ အဲဒိစာကို ဖွင့်ဆို ရေးသားထားတဲ့ ကျမ်းများကို ကြည့်ရှုရပါတယ်။ ပါဠိစာပေမှာ ဒီလို အဖွင့်ကျမ်းများ မြောက်များစွာ ရှိပါတယ်။ အဋ္ဌကထာ, ဋီကာ , ယောဇနာ, ကဏ္ဌိ, ဝိဿဇ္ဇနာ, ဒီပနီ,ဝဏ္ဏနာ စတဲ့ ကျမ်းများစွာဟာ စာပေ လေ့လာသူတွေရဲ့ လက်စွဲများ ဖြစ်ပါတယ်။ အတ္တနောမတိ လို့ဆိုတဲ့ ကိုယ့်ဘာသာကိုယ် ကြံဆမှုဟာ အားနည်းချက်များ ရှိနေတတ်လို့ အဖွင့်ကျမ်းများကို အမှီသဟဲ ပြုရတယ်။ မြန်မာဘာသာနဲ့ နိဿယတွေဟာ ဒါမျိုးတွေပါ။ နောက်ပိုင်းမှာ ကိုယ်ရေးတဲ့ ပါဠိကို ကိုယ်တိုင် နိဿယ ရေးပါတော့တယ်။ စာဖတ်သူများ အခက်အခဲမတွေ့စေဖို့ ဖြစ်ပါတယ်။
“ကျမ်းကြီး ပဋ္ဌာန်း, ကျမ်းငယ် ဆန်း”လို့ ခေါ်တဲ့ ဆန်းကျမ်းဟာ အလွန် သေးငယ်ပါတယ်။ ဒါပေမယ့် “ဉာဏ်စမ်း ဆန်းတက်”လို့ ဆိုရလောက်အောင် နက်နက်နဲနဲ ရေးထားတာ ဖြစ်လို့ ပါဠိစာပေမှာ အလွန် အရေးပါတဲ့ ကျမ်းငယ် တစ်စောင် ဖြစ်တယ်။ အဓိက ဂါထာ စီကုံးရေးဖွဲ့တဲ့ နေရာမှာ သုံးပါတယ်။ ဒီကျမ်းငယ်ကို ပါဠိပညာရှင်များ ခုံမင်စွာ လေ့လာ ကြတယ်။ အလွန် ကျွမ်းကျင်ကြပါတယ်။ ဆန်းကျမ်းမှာ လိမ္မာကျွမ်းကျင်မှု ရှိလာလေလေ ဂါထာအစီအကုံးအနှုန်းအဖွဲ့ ပိုင်နိုင်လာ လေလေ ဖြစ်ပါတယ်။ ဂါထာများကို အဆန်းတကြယ် စီရင်ကြတယ်။ ဉာဏ်ကွန့်မြူးပြီး နည်းအမျိုးမျိုးနဲ့ ရေးစပ်သီကုံးကြတယ်။ အခြေခံအားဖြင့် ပြောရရင် နားလည်လွယ်အောင် ရေးကြတယ်။ တစ်ချို့ကျတော့ အဆင့်မြင့်မြင့် ရေးကြတယ်။ တစ်ခါတစ်ရံ သင်္ကေတများနဲ့ ရေးကြတယ်။ မျိုးစုံပါပဲ။ မြန်မာပြည်ကို ပါဠိစာပေ ရောက်တဲ့ အချိန်က စပြီး ရေးလိုက်ကြတာ ယနေ့တိုင်ပါပဲ။
ပါဠိစာပေမှာ ပိဋကတ်တော် ဆိုတာ ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို စုစည်းထားတာပါ။ ပေစာ , ပုရပိုက်, ကျောက်စာများက စပြီး ပုံနှိပ်စာ, နောက်ဆုံး ဒဂျစ်တယ် အထိ မှတ်တမ်းများ ရှိထားပါတယ်။ ပိဋကတ်တော်မှ အပ တစ်ခြားသော ပါဠိစာပေများ လည်း ရှိပါတယ်။ ပိဋကတ်နွယ်တဲ့ စာတွေ ရှိသလို လုံး၀ မနွယ်တဲ့ စာတွေလည်း ရှိတယ်။ ဘာပဲပြောပြော ပါဠိစာပေ ပျံ့ပွားရေးမှာတော့ အထောက်အကူ ပြုပါတယ်။ အဲဒီမှာ အခြေခံအားဖြင့် “စကားပြေနဲ့ ဂါထာ” နှစ်မျိုး ရှိတယ်။ ဂါထာတွေက ရွတ်ဆိုရတာ လွယ်ကူတော့ အသုံးများတယ်။ ဘုရားရှိခိုးက စလို့ အင်းအိုင်လက်ဖွဲ့များအထိ ဂါထာများ စီကုံး အသုံးပြုကြတယ်။ ဥုံ ခံပြီး ရွတ်ရင် စွမ်းတယ်လို့ ပြောပြီး ရွတ်ဖတ်ကြတယ်။ အဓိပ္ပါယ် နားမလည်ပေမယ့် အသုံးပြုကြပါတယ်။
ဂမ္ဘီရတ္ထ…နက်နဲတဲ့ အနက်အဓိပ္ပါယ် ရှိတဲ့, ဂူဠှတ္ထ…လျှို့ဝှက်တဲ့ အနက်အဓိပ္ပါယ် ရှိတဲ့ ဂါထာများကို ဖတ်ရှုရတဲ့အခါ သမုဒ္ဒရာအလယ် ယုန်သူငယ် ခြေထောက်၍ မရသကဲ့သို့ ယက်ကန်ယက်ကန် ဖြစ်ရပါတယ်။ အခုလဲ “ဝေဒါသာကု”နဲ့ စတဲ့ ဂါထာလေးဟာ ပါဠိစာပေ ပညာရှင် မဟုတ်တဲ့ ဝါသနာအရ လေ့လာနေတဲ့ သူတစ်ဦးအတွက် အတော် ခက်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို အကြောင်းသင့်ပြီး နားလည်သဘောပေါက်မလဲ မသိပါ။ ပဟေဠိကို အဖြေညှိဖို့ အခွင့် ကြုံဦးမှာပါ။

(ဒီဂါထာကို ကြားဖူးသူတွေကိုတော့ တွေ့နေရပါပြီ။ သူတို့လဲ ထူးထူးခြားခြား မသိကြပါ။ ဒါကြောင့် ဆက်လက် မေးမြန်းနေရပါတယ်။ အဓိပ္ပါယ် သိနားလည်သူများ ရှိရင် ပြောနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

Friday 30 March 2007

နတ္ထိရဲ့ ဓမ္မပဒ

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ပါဠိစာပေဟာ လေးနက်တဲ့ အဓိပ္ပါယ်ပြည့်၀တဲ့ လောကကောင်းကျိုးရှေ့ရှုတဲ့ စာကောင်း ပေမွန် တစ်ခုပါ။ ဖတ် မှတ် လော့လာရုံနဲ့ သိသာပါတယ်။ မိမိ သူတပါးကို တစ်စိုးတစ်စိမျှ ထိပါးခြင်း မရှိဘဲ မိမိရဲ့ ကျင့်ကြံကြိုးကုတ်မှုအပေါ် မူတည်ပြီး အကျိုးအမြတ်ကောင်းများ ရနိုင်ပါတယ်။ မျက်ကန်း ယုံကြည်မှုကို ဖယ်ရှားပြီး မိမိရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ လွပ်လပ်သော အတွေးအခေါ် အယူအဆများကို ကိုင်စွဲကာ ဘဝရဲ့ ဒုက္ခများကို မရှောင်တမ်း ရင်ဆိုင် နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ အမြင်များနဲ့ လောကရဲ့ မညီညာမှုတွေ အပြောင်းအလဲတွေ အရှုပ်အထွေးတွေကြားမှာ ငြိမ်းအေးစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
တိတိကျကျ ပြောရရင် ၁၉၈၆/၈၇ မှာ။ ၉တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ပျော်စရာအတိပါ။ ပူပင်စရာ မရှိ။ ကျောင်းသွား ကျောင်းပြန် စာမှန်မှန်ကျက် ဒါပဲ( ဟိုဟိုဒီဒီ အလေလိုက်ချင်တဲ့ စိတ် တဖြည်းဖြည်း ရင့်လာတာလေးတော့ ရှိတာပေါ့)။ ကျောင်သားတစ်ယောက်ရဲ့ ဘဝ ပြန်တွေးကြည့်ရင် လွမ်းမောစရာထက် မတည်ငြိမ်သေးတဲ့ သဘောတွေ ရှိနေတာကို တွေ့ရမှာပါ။ ဒီအထဲက တစ်ခုကို ပြောချင်လို့ပါ။ ကျောင်းတက်နေတုန်းမှာ အတန်း အကူးအပြောင်းမှာ ဆရာ မလာတဲ့ အချိန်များ ရှိတတ်ပါတယ်။ အလွန် ပျော်ပေါ့။ အဲဒီလို အချိန်လေးမှာပေါ့….။
ဟိန်း….အသံကြီးတစ်ခု ကြားလိုက်ရပါတယ်။ သိလိုက်ပါပြီ။ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင် သံစဉ် တစ်ခု ဖြစ်ပါတယ်။ ကျောင်းဝန်းထဲမှာ ဒီလို အသံမျိုး ကြားလို့ကတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့။ ပြေးစမ်း။ ဟုတ်တယ်။ ကျောင်းအုပ်ကြီးနဲ့ ရင်ဆိုင်တိုးမိရင် မလွယ်ပါ။ အနည်းဆုံး တစ်ချက်တော့ အတီးခံရမှာ သေချာတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး တီးပါတယ်( သားရေကွင်း လက်မှာ ပတ်ထားသည်ကို တွေ့၍ အရိုက်ခံရဘူးပါသည်)တမတ်စေ့အောက် မရော့့သော လုံးပတ် ရှိတဲ့ ကြိမ်လုံးကို လက်ထဲက မချပါ( မတ်စေ့ မမြင်ဘူး သူများ ခွင့်လွှတ်ပါ)။ သူ့ အတီးကလည်း စိန်ဗေဒါ ထက် ပြင်းပါတယ်။
အခုလည်း တုတ်ကြီးကိုင်ပြီး စာသင်ခန်းထဲ ဝင်လာပါတယ်။ သေချာပြီ။ အတန်းမှာ ဆရာ မရှိတုန်း သူကိုယ်တိုင် ဝင်ပြီး သင်မယ်ပေါ့။ ဒါမျိုး မကြာခဏ လုပ်တတ်ပါတယ်။ သင်တော့လဲ သင်ခန်းစာနဲ့ ပတ်သက်တာ သင်ခဲပါတယ်။ သင်ချင်တာ သင်ပြီး ဆိုခိုင်းတော့တာပဲ။ သူ ပါးစပ်ကြီး ဟဟပြီး ဆိုတဲ့အတိုင်း လိုက်ဆိုရပါတယ်။ သူ့ ပုံက အလွန် ရယ်ဖွယ် ဖြစ်ပါတယ်။( အခု စာရိုက်နေရငး် မျက်လုံးထဲ ပြန် မြင်ယောင် နေမိပါတယ်) ရီလို့ မရပါ။ သူ့ရှေ့့မှာ ရီဖူးသူများ လွမ်းလောက်အောင် အတီးခံရဘူးပါတယ်။ အဲဒီနေ့မှာတော့ စာတစ်ပုဒ် သင်ပါတယ်။ ဖတ်ပြတယ်။ လိုက်ဆိုရတယ်။ အဓိပ္ပါယ် ပြောခဲ့သလား မမှတ်မိတော့ပါ( သူငယ်ချင်းများထဲက မှတ်မိသူများ ရှိမလား မသိပါ)။ အတန်းပြောင်း ခေါင်းလောင်းခေါက် နောက်ဆရာ တစ်ယောက်လာ ကျောင်းအုပ်ကြီးလည်း သွားရော ပြီးသွားတာပါပဲ။
နောက် (၈)နှစ်လောက် အကြာမှာ ကျောင်းအုပ်ကြီး သင်ခဲ့တဲ့ စာတစ်ပုဒ်ကို ပြန်လည် သင်ကြားရပါတယ်။

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ဒီစာပိုဒ်ပါ။ ငယ်စဉ်က ဒါဟာ ပါဠိဂါထာ(ကဗျာ), ဗုဒ္ဓဒေသနာလို့ မသိခဲ့ပါ။ သိတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကို အလွန် သတိရပါတယ်။ ဒါပေမယ့် သူ ကွယ်လွန်ခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ။ Erich Segalရဲ့ The Classကို မြသန်းတင့်က လွမ်းမောခဲ့ရသော တက္ကသိုလ် နွေဦးညများ လို့ ဘာသာပြန်တယ်။ အခုက တက္ကသိုလ်မဟုတ်ပါ။ အထက်တန်းကျောင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော လွမ်းတော့ လွမ်းရပါတယ်။
ဒီကဗျာရဲ့ အဓိပ္ပါယ်က အတော် မြင့်ပါတယ်( ကျောင်းအုပ်ကြီးက သူ့တပည့်များကို အတော် အထင်ကြီးပုံ ရပါတယ်)။ ဆရာတော် အရှင် သေဋ္ဌိလရဲ့ မြန်မာပြန်က ဒီလိုပါ….

“မြေတပြင်လုံးကို အစိုးရသော စကြာ၀တေးမင်း အဖြစ်ထက်လည်းကောင်း၊
နတ်ပြည် ဗြဟ္မပြည်သို့ သွားရသည်ထက် လည်းကောင်း
သောတာပတ္တိဖိုလ်ကို ရခြင်းသည် မြတ်၏။”

မြတ်ဗုဒ္ဓရဲ့ ဒေသနာထဲမှာ “ဓမ္မပဒ”လို့ အမည်ရတဲ့ စာစုထဲက ဖြစ်ပါတယ်။ ဆရာတော် အရှင် သေဋ္ဌိလကပဲ “လူအမျိုးမျိုးတို့၏ စိတ်သဘော အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verses) တရားတော် ညွှန့်ပေါင်းကျမ်း ဖြစ်ပါသည်” ဟု “ဓမ္မပဒ”ကို အဓိပ္ပါယ် ဖွင့်ပါတယ်။ အဲဒီထဲက တစ်ဂါထာဟာ အခုထိ ရင်ထဲမှာ ရိုက်ခတ်နေဆဲပါ။

ဆရာကြီးအား ဤစာတိုပေစဖြင့် ပူဇော်ပါသည်။

Thursday 29 March 2007

နတ္ထိရဲ့ လောကနီတိ ( ၂ )

စန္ဒနံ သီတလံ လောကေ၊
တတော စန္ဒံ.၀ သီတလံ။
စန္ဒစန္ဒနသီတမှာ၊
သာဓု ဝါကျံ သုဘာသိတံ။

လောကတွင် စန္ဒကူးသည် အေးမြ၏။
ထို့ထက် လမင်းသည် ပို၍ အေးမြ၏။
လမင်းနှင့် စန္ဒကူးထက်
ကောင်းသော စကားသည် ပို၍ အေးမြ၏။

နတ္ထိရဲ့ ပရိတ်

မာ မံ အပ္ပါဒကော ဟိ ံသိ၊
မာ မံ ဟိ ံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိ ံသိ၊
မာ မံ ဟိ ံသိ ဗဟုပ္ပဒေါ။

ခြေမရှိသောသူ…ကျွနုပ်အား မညှင်းဆဲပါနဲ့။
ခြေနှစ်ချောင်းရှိသောသူ… ကျွနုပ်အား မညှင်းဆဲပါနဲ့။
ခြေလေးချောင်းရှိသောသူ…ကျွနုပ်အား မညှင်းဆဲပါနဲ့။
ခြေများစွာရှိသောသူ… ကျွနုပ်အား မညှင်းဆဲပါနဲ့။

နတ္ထိရဲ့ လောက

“လောကော သတ္တာန.မာစေရော”

သတ္တဝါတို့ရဲ့ ဆရာသည် လောက။

နတ္တိရဲ့ လောကနီတိ ( ၁ )

နတ္ထိ ဝိဇ္ဇာသမံ မိတ္တံ။
န စ ဗျာဓိသမော ရိပု။
န စ အတ္တသမံ ပေမံ။
န စ ကမ္မသမံ ဗလံ။

အတတ်ပညာနှင့် တူညီသော မိတ်ဆွေ မရှိ။
အနာရောဂါနှင့် တူညီသော ရန်သူ မရှိ။
မိမိကိုယ်နှင့် တူညီသော ချစ်သူ မရှိ။
ကံနှင့် တူညီသော ခွန်အား မရှိ။

နတ္တိရဲ့ မီးလျှံ

သတ္တာဒိစ္စုပ္ပန္နေ၊ ဗဟိ ဒိဿတိ နေဝ မသိပိ လောကာနံ။
လောကာနံ အဇ္စျတ္တေ၊ အဟော န ဇာလာ ဒသုပ္ပန္နေ။

နေ ခုနှစ်စင်း အပြိုင်လင်းတဲ့အခါ
လောကဓာတ်ခွင် တပြင်လုံးမှာ
ပြာမှုန်လေးမျှ မကျန်ရစ်ပါ။
လောကသားတွေရဲ့ အဇ္ဈတ္တမှာ
မီးဆယ်စင်း လောင်မြိုက်နေတာ
မီးတောက်လေးတောင် မတွေ့ရပါလား…။

နတ္တိရဲ့ ဝေါဟာရ

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစရှိတဲ့ ဗုဒ္ဓကျမ်းစာစု ရေးထွင်းထားတဲ့ ရွှေပြားချပ် နှစ်ခုကို သရေခေတ္တရာ မြို့ဟောင်းမှာ တူးဖော်ရရှိခဲ့တယ်။ အေဒီ ၅ရာစုလက်ရာ တစ်ခုပါ။ Languageက ပါဠိ , scriptက ဗြဟ္မဏီ ဖြစ်တယ် (အက္ခရာဖြစ်ပေါ် လာပုံနှင့် အက္ခရာ အဆင့်ဆင့် ပြောင်းလဲပုံကို သီးခြား လေ့လာနိုင် ပါတယ်)။ ဒါဟာ မြန်မာနိုင်ငံ ပါဠိစာပေရဲ့ သမိုင်းဦးပါ။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာနှင့် အတူ ပါဠိစာပေ ခရီးရှည်ကြီးကို မြန်မာနိုင်ငံမှာ ယနေ့အထိ လျှေက်လှမ်းနေဆဲပါ။
ပါဠိဝေါဟာရဟာ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေခဲ့တယ်။ ငယ်စဉ်က ကိုယ့်နာမည်ကို စတင် သိတဲ့အချိန်မှာ ပါဠိသက်ဝေါဟာရတစ်ခုနှင့် မြန်မာစာလုံးကို ပေါင်းစပ်ထားတာလို့ မသိခဲ့ပါ (နာမည်ကိုတော့ မပြောလိုတော့ပါ)။ ကျောင်းမှာ မြန်မာစာ ဆရာမက နာမည်ကို “အေးမြခြင်း”အဓိပ္ပါယ်ရတယ်လို့ ရှင်းပြပေးတာကို မှတ်သား ရတယ်။ အမှန်ကတော့ “နှစ်သက်ခြင်း” လို့ ဆိုလိုတာကို နောက်မှ သိရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ ပါဠိဝေါဟာရတွေ နေရာအနှံ့ အသုံးပြုနေတာကို သိကြမှာပါ။ ပါဠိစာပေဟာ မြန်မာပြည်ဖြစ် မဟုတ်ပါ။ သို့သော် “စာတစ်လုံး ဘုရားတစ်ဆူ” ဆိုပြီး တန်ဖိုးထားတတ်ကြတယ်။ ပါဠိစာပေနဲ့ တည်ဆောက်ထားတဲ့ ဗုဒ္ဓဒေသနာတော်ကို သင်ယူလေ့လာ ကျင့်ကြံအားထုတ် ကြတယ်။ “မင်္ဂလာပါ” ဆိုတဲ့ စကားကို ကိုယ်ပိုင်ဝေါဟာရတစ်ခု အဖြစ် မှတ်ယူ ကြတယ်။
စကားလုံးတွေကို ရေးသားတဲ့အခါပဲ ဖြစ်ဖြစ် ပြောဆိုတဲ့အခါပဲ ဖြစ်ဖြစ် အခြေခံအားဖြင့် စည်းမျဉ်းစည်းကမ်း လေးတွေရှိကြတယ် (တကယ်တော့ စည်းကမ်းတွေက အလွန်များတာပါ)။ ပါဠိစာပေမှာဆိုရင် တိကျ ပြတ်သားတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒါပေမယ့် နိုင်ငံအလိုက် အနည်းငယ် ကွဲပြားတဲ့ လေယူလေသိမ်းတွေ ရှိတယ်။ ဥပမာ နိုင်ငံတကာ အသိအမှတ် ပြုထားတဲ့ စံနှုန်းတွေ ရှိပေမယ့် သီရိလင်္ကာမှာ ပရိတ် ရွတ်တဲ့အခါ မြန်မာနဲ့ တူဖို့ မလွယ်ပါ။ ပစ်စလက်ခတ် လုပ်နေတာလို့ မဆိုလိုပါ။ ပါဠိဘာသာစကား တူပေမယ့် သီးခြားအက္ခရာတွေ ရှိသလို သီးခြား လေသံ ရှိတယ်။ မတူညီတဲ့ စာမူတွေလည်း ရှိတယ်။ ဒီတော့ ဘယ်လို လုပ်မလဲ။ “နှုတ်တစ်ရာ စာတစ်လုံး”ဆိုတာကနေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားလေရော။
“နမော တဿ”အစရှိတဲ့ ဘုရားရှိခိုးကို ဘယ်အချိန်က စသင်ခဲ့သလဲဆိုတာ မမှတ်မိတော့ပါ။ ငယ်စဉ်က ကျိုက်ထီးရိုးအသွား တောင်ပေါ်မှာ မြွေတစ်ကောင်နဲ့ ရင်ဆိုင်တိုးမိတော့ ကြောက်လန့်ပြီး ခန္ဓပရိတ်တော်ကို သင်ယူမိတာ အမှတ်တရပါ (အဖိုးနှင့် ညီတို့က စွမ်းတယ်လို့ ပြောလို့ပါ)။ အရွယ်ရောက်တဲ့အခါ လူငယ်သဘာဝ ချစ်တဲ့ကြိုက်တဲ့ သဘောကို မေတ္တာ, ကရုဏာနဲ့မှားပြီး မေတ္တာပရိတ်တော်ကို အသေအချာ ကျက်ပြီး မန္တန်တစ်ခုလို သုံးမိပါသေးတယ်( အဓိပ္ပါယ် လုံး၀ မသိပါ)။ အိမ်မှာ အလှူဆွမ်းကျွေး ရှိတဲ့အခါ သံဃာတော် များက ပရိတ်တရား ချီးမြှင့်တော့ မေတ္တာသုတ်ရောက်ရင် နောက်က harmonyလိုက်မိပါတယ်။ (ဘုရားစင်မှာ ပန်း, ရေချမ်း, ဆီမီး ကပ်လှူ,ဘုရားရှိခိုး မေတ္တာပို့ ကြေးစည်ခေါက်ပြီး အမျှဝေတတ်တဲ့ သူငယ်ချင်းတစ် ယောက်ကိုတော့ မမှီပါ)။ ဒါက ဆယ်ကျော်သက် အရွယ်မှာ စတင် absorb ဖြစ်တဲ့ သဘာဝပါ။ ဒါပေမယ့် academic မဖြစ်ပါ။
ပါဠိစာပေမှာ အခြေခံGrammarရှိတယ်။ အင်း ဒီနေရာရောက်ရင် နည်းနည်း လန့်တယ်။ ငယ်စဉ်က ကျောင်းမှာ မြန်မာစာ သင်တော့ သဒ္ဒါသင်ရမယ်ဆိုရင် အတော် ပျင်းတာကိုး (ဘာတွေလဲ မသိဘူးလို့ ပြောဖြစ်တယ်)။ မြန်မာဖြစ်လို့ပေါ့။ မိခင်ဘာသာစကား မဟုတ်ရင် Grammarကို ကျော်လို့ ရမယ် မထင်ဘူး။ ဖြတ်သန်းတဲ့အခါ dry subject တစ်ခုမို့ စိတ်ညစ်စရာ မလိုဘဲ သိချင်တာလေးတွေ သိခွင့် ကြုံလာပြီမို့ ဝမ်းသာစရာပါ။ ပါဠိကိုလဲ သင်ပုန်းကြီးက စသင်ရပေမယ့် ငယ်စဉ်ကလို ပျင်းဖို့ မလိုပါ။
ဥပမာတစ်ခုလောက်နဲ့ ပြောရင်း သင်ကြည့်ရအောင်။ ပါဠိအက္ခရာတွေကို အသံ ထွက်တဲ့ နေရာမှာ မြန်မာအသံနဲ့ တူတာတွေ ရှိသလို မတူတာတွေလဲ ရှိတယ်။ ပါဠိအက္ခရာ “က”ကို မြန်မာက “က” လို့ အသံထွက်တာ နိုင်ငံတကာစံနှုန်းတွေနဲ့ တူတယ်။ ပါဠိအက္ခရာ “စ” ကို “စ”လို့ ဆိုတာ မြန်မာပါ။ “ကျ”လို့ အသံထွက်တာ နိုင်ငံတကာစံပါ။ ပါဠိသဒ္ဒါကျမ်း များက အခြေခံအားဖြင့် ဒီလို ဆိုကြတယ်… “အာခေါင်ကို လျှာအလယ်ပိုင်းနဲ့ ထိပြီး စ”ကို အသံထွက်မယ်ဆိုရင် “စ”လို့ မထွက်ပါ။ “ကျ”လို့ အသံ ထွက်တယ်။ ဒီလို ကွဲလွဲမှုတွေ ရှိတယ်။ လည်ချောင်းနဲ့ အာခေါင်စောက်တို့ကို သူ့နေရာနဲ့သူ ဖွင့်ပြီး ပါဠိအက္ခရာ“ဧ”ကို အသံထွက်တော့ “အေ” လို့ ထွက်တယ်။ “အေး”လို့ ထွက် မလာပါ။ ပါဠိစာပေမှာ မြန်မာလို “း” အသံ မရှိပါ။ ပါဠိနှင့် မျိုးနွယ်တူ Sanskrit ဘာသာစကားမှာ ရှိတယ်။ ဒီဘာသာက ပါဠိလို Dead language မဟုတ်တဲ့ အပြင် မြန်မာစာပေ အပေါ်မှာ သက်ရောက်မှုတွေ ရှိထားပါတယ်။ Sanskrit အသံနဲ့ ပါဠိကို ဖတ်ရင် “ဧ”ကို “အေး”လို့ အသံထွက်သွားနိုင်ပါတယ်။( မြန်မာလို စာလုံးနဲ့ အသံထွက် နမူနာ ပြထားတာ အတိအကျလို့ မဆိုလိုပါ)။ ဒီလို လေယူလေသိမ်းတွေ မတူတာကတော့ ဟာသလို ဖြစ်နေတတ်တယ်။
ပါဠိဟာ မြန်မာစာ မဟုတ်ပါ။ ဘာသာစကား အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ရှိပေမယ့် အတိအကျ နှိုင်းယှဉ်ဖို့ရာ ခက်ခဲပါတယ်။ အပြောင်းအလဲ မရှိဘဲ ယူသူံးနေတာတွေ ရှိသလို့ အသွင်ပြောင်းပြီး အသုံးပြုနေတာတွေ ရှိတယ်။ အခုလို Globalizeဖြစ်တဲ့အခါ အလွန့် အလွန် ကူးလူးဆက်ဆံမှုတွေ ရှိတယ် (Star War ရုပ်ရှင်ထဲမှာပါတဲ့ “C3PO”ဆိုတဲ့ စက်ရုပ်က ဘာသာစကားပေါင်း သန်းချီပြီး တတ်သတဲ့)။ ဘာသာစကား သုံးစွဲမှု အပြန်အလှန် ရွေ့လျောမှု စတဲ့ ဖြစ်စဉ် တွေမှာ Copy Right ရှိသလားတော့ မသိပါ။ ဘာပဲဖြစ်ဖြစ် တိကျမှု ရှိအောင် ဆိုင်ရာဆိုင်ရာက အစွမ်းကုန် ကြိုးစားနေကြတာပါ။
ကဲဗျာ… မေးတဲ့သူက မေးတယ်။ ဒီကလဲ ပြောချင်တာတွေ ပြောမိတယ်။ အဆင်မသင့်ရင် ခွင့်လွှတ်ပါ။

နတ္တိရဲ့ လဝန်း

နက္ခတ္တရညေ ဟသိတံ ကရောန္တေ၊
သြဒါတဝဏ္ဏော သကလော ပဒေသော။
ဒုဗ္ဗဏ္ဏရူပေါ ပန ရောဒမာနေ၊
နေဝမ္ပိ ဟာသံ ကရိ သဗ္ဗဒါ သော။

လပြည့်ဝန်း
ပြုံးရယ်တဲ့အခါ
လောကတစ်ခွင်လုံး
ငွေရောင်စဉ်
ယှက်သန်းနေလေရဲ့…။
ငိုကြွေးတဲ့အခါမှာ
မလှမပ ဖြစ်ရော…။
ဒါပေမယ့်
သူ
အမြဲတမ်း
မရယ်ဘူးနော်။

နတ္တိရဲ့ လင်းတ

ဝသန္တိ ဝါတံ ကိရ ဘက္ခယန္တာ၊
ကုလာဝကေယေဝ ဇိဃစ္ဆမာနာ။
မရန္တိ ဧဝမ္ပိ န ခုဒ္ဒဂိဇ္စျာ၊
အဟော ပိပါသာယ.ဓိဝါသနတ္တံ။

လင်းတပေါက်စလေးတွေ
လေကိုသာ စားပြီး
အသိုက်ထဲမှပဲ နေရရှာသတဲ့။
ဒါတောင်…
သေကံမရောက် သက်မပျောက်ဘဲ
မွတ်သိပ်မှုဒဏ်ကို
ခံနိုင်ရည်ရှိပုံကတော့
အံ့သြလောက်ပါရဲ့…။

နတ္ထိရဲ့ နတ္ထိ

ရှိုခြင်းနဲ့ မရှိခြင်းတို့ရဲ့ အခြားတစ်ဖက်ဆိုတာ ဘယ်မှာလဲ။ ရှာကြည့်ရအောင်။
“နတ္ထိ” ဒီစကားလုံးက အခြေခံအားဖြင့် ပါဠိlanguageက လာတာ။ Grammar အနေအထားအရ ပြောရရင် န ရယ် အတ္ထိ ရယ်, စကားလုံး နှစ်ခုကို ပေါင်းစပ် ထားတာ။ negativeကို ညွှန်းဆိုတဲ့ “န” နဲ့ possessiveကို ပြတဲ့ “အတ္ထိ” တို့ ပေါင်းလိုက်တော့ နတ္ထိ ဖြစ်ရော။ အဓိပ္ပါယ်က “မရှိ” ပေါ့။မြန်မာပြည်မှာ ပါဠိစာပေကို ဘုန်းကြီးစာလို့ ခေါ်ကြတယ်။ Oriental Studyလို့လဲ ဆိုနိုင်တယ်။ ဘာသာဗေဒ ရှုထောင့်က ကြည့်ရင် ပါဠိဟာ Dead languageပါ။ တစ်ဖက်ကတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ပါဠိlanguageနဲ့ recordလုပ်ထားတာကြောင့် သုတ ရသ မြတ်နိုးသူတို့ အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ ဘာသာစကား တစ်ခု ဖြစ်နေပြန်တယ်။ မြန်မာ့ယဉ်ကျေးမှု ဖြစ်စဉ်တွေမှာ ပါဠိစာပေရဲ့ သြဇာသက်ရောက်မှု အကြီးအကျယ် ရှိပါတယ်။ (ဘာသာရေးအမြင်များနဲ့ ဘာသာစကားဆက်နွယ်မှုတို့ comparative study တစ်ခု အနေနဲ့ လေ့လာနိုင်ပါတယ်)။ ကိုယ့်အပေါ် ဘယ်လို သက်ရောက်တယ် ဆိုတာကိုပဲ ပြောချင်တယ်။ပါဠိစာပေမှာ ကဗျာတွေ ရှိတယ်။ (ဒီနေရာမှာ ကဗျာရေစီးကြောင်းထဲက pre တွေ post တွေ ultra တွေ မရေးချင်ပါ) ။ ပါဠိဘာသာနဲ့ ကဗျာကို ဂါထာလို့ ခေါ်တယ်။ အထူးသဖြင့် မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေထဲမှာ တိကျ ပြတ်သားတဲ့ ရေးဖွဲ့မှု စနစ်တွေနဲ့ လေးနက် တည်ကြည်တဲ့ အနက်အဓိပ္ပါယ်တွေပါတဲ့ ကဗျာတွေ မြောက်များစွာ ရှိတယ်။ လူတစ်ဦးရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။ (ကြုံတဲ့အခါ ဒီကဗျာတွေကို ခံစားနိုင်အောင် တင်ပြဦးမယ်)။ အပြုသဘောဆောင်တဲ့ အမြင်နဲ့ ပြောရရင် “အလွန် အသုံးတည့်တယ်”ပေါ့ဗျာ။ လောကမှာ အချမ်းသာဆုံးသော ရသကို ပေးနိုင်တယ်လို့ ပြောရင် ပိုထိရောက်တယ်။ပါဠိlanguageကို သင်ယူလာတာ အတော် ကြာနေပါပြီ။ အသက် ၂၂နှစ်ပြည့်တဲ့ အချိန်မှာ ကကြီး ခကွေး ကနေ စသင်ခဲ့တာ။ (ဒီတော့ နတ္ထိ၂၂ (natthi22) ဆိုတာ ရှင်းပါတယ်)။ အခြေခံက စပြီး သင်ပေမယ့် အဆုံး အထိတော့ မရောက်သေးပါဘူး။ ချီတက်ဆဲပေါ့။ တစ်ခါတစ်လေကျတော့ အရမ်း ပျော်တယ်။ တစ်ခါတစ်လေ အခက်အခဲတွေ ကြားမှာ အတော် မောတယ်။ ထိထိခိုက်ခိုက် ဖြစ်တာလေးတွေကိုတော့ မှတ်တမ်းတင်ချင်တာပေါ့။ ဒီလိုနဲ့ စာတိုပေစလေးတွေ မတတ်တတတ်နဲ့ ရေးဖြစ်တယ်။ အမှတ်တရပါ။ ကဗျာတွေ များတယ်။ဒါတွေကို Onlineပေါ်မှာ exhibition ဒါမှမဟုတ် exploration တစ်ခု အနေနဲ့ လုပ်လိုက်တာပါ။ နှစ်သက်စွာ ခံစားနိုင်ဖို့ မျှော်လင့်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့

လုပ်ချင်တာ လုပ်ရရင် ကျေနပ်ကြတာပဲ။
အခုလဲကြည့်….
ရေးချင်တာရေး, ပြောချင်တာပြောဖို့ ကြိုးစားနေတယ်။
ရင်တွင်းဖြစ်လား ရင်ခုန်သံတွေလား မသိပါဘူး။
တစ်ဦးတစ်ယာက်ကိုမျှ မထိခိုက်စေရပါဘူးလို့ ယုံကြည်တယ်ဗျာ။
တစ်ခုတော့ ရှိတယ်။
ITလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ဘာမှ မသိဘူး ဆိုတာပါပဲ။
အဆင်မပြေတာတွေ ရှိနေရင် ကျွမ်းကျင်သူများ နားလည်ပေးကြပါဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။