Monday 31 October 2011

ရင်ထဲကနွယ်

ဒေဝိ... အဘိရူပ... ပိယ...!
သစေ အဘိဘူတော သီတေန တဝ ဟဒယော၊
ပဋိစ္ဆာဒေယျာသိ တနုရတ္တဝတ္ထကေန။
အို… Venusနတ်ဘုရားမ
သင့် အသည်းနှလုံး ချမ်းရှာရော့မယ်…
ပန်းနုရောင် ဖဲပဝါလေး ခြုံထားပါကွယ်…။

Wednesday 26 October 2011

Neoနမက္ကာရ - ၂


“နမော တဿ” ဘုရားရှိခိုးကို တစ်ထောင်ပြည့်အောင် အနက်ပေး ဘာသာပြန်ထားတဲ့ စာအုပ်လေးကို သတိရမိတယ်။ စာအုပ်နာမည်တော့ အတိအကျ မမှတ်မိတော့ဘူး။ “နမော တဿ အနက်တစ်ထောင်”လို့ ထင်တာပဲ။ အံ့သြဖွယ်ရာပါပဲ။ ပါဌ်တစ်ချက် အနက်ဆယ်ထွေဆိုတဲ့ စကားလဲ ရှိနေတာတော့ ဟုတ်ပါတယ်။ ကိုယ့်အနေအထားနဲ့ တွေးကြည့်တော့ အတော့်ကို ခက်ခဲနေတာကို တွေ့ရတယ်။ ပါဠိဝေါဟာရတစ်ခုကို မြင်တဲ့အခါ အနက်ကို အခြေခံအားဖြင့် နားလည်မိပေမယ့် ဘာသာပြန်ဖို့ကို အတော်လေး လက်တွန့်နေမိတယ်။ ဘာသာပြန်လိုက်တိုင်း မူရင်းပါဠိရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို လျော့ချလိုက်သလို ဖြစ်ဖြစ်သွားတတ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်လို့ပဲ ဆိုရမှာပါ။ မြန်မာဝေါဟာရပိုင်းမှာ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတဲ့ အနေအထားပါပဲ။ အခုလည်း ကိုယ်တိုင်ရေးထားတဲ့ ဂါထာတစ်ပုဒ်ကို ဘာသာပြန်ဖို့ မဝံ့မရဲဖြစ်နေတယ်။ ဂါထာက ဒီလိုပါ…
ဝန္ဒေ ဝိဘဇ္ဇဝါဒိံ၊ သမန္တပဋ္ဌာနဒေသကံ ဗုဒ္ဓံ။
သုဝိစိတ္တပစ္စယနယာ၊ စတုဝီသတိ အစ္ဆရိယဓမ္မာ။

ဒီဂါထာလေးကို စပြီး ရေးဖြစ်တာ ကြာပါပြီ။ ပဋ္ဌာန်းကို စပြီး လေ့လာတဲ့ အချိန်ပိုင်းမှာပါ။ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ။ ပထမဆုံးဗားရှင်းက ဒီလို မဟုတ်ပါဘူး။ နောက်မှ တဖြည်းဖြည်း မွမ်းမံရင်းနဲ့ ခုဂါထာလေး ဖြစ်လာတာ။ စရေးပြီးတဲ့ အချိန်ကနေ ခုထိ အမြဲရွတ်ဖတ်ပူဇော်ဖို့ အခွင့်ကြုံတယ်။ ပဋ္ဌာန်းပစ္စယုဒ္ဒေသဖြစ်ဖြစ် နိဒ္ဒေသဖြစ်ဖြစ် ပူဇော်အပြီး  အသိမ်းဂါထာအနေနဲ့ပါ။
ဂါထာ အမျိုးအစားက ပထျာအရိယာဂါထာမျိုးပါ။ အင်မတန် လှပတဲ့ ရေးဟန်နဲ့ သီဖွဲ့ထားတဲ့ ဂါထာမျိုး။ ဒီဂါထာကို ရေးဖွဲ့တဲ့အခါ နမူနာအဖြစ် နည်းယူရတဲ့ ဂါထာက “ဂရုဏာသီတလဟဒယံ” အစချီတဲ့ ဂါထာပါ။ ဒီဂါထာကိုတော့ ငယ်ငယ်လေးကထဲက ကြားဖူးနေတာ။ အဖိုးဖြစ်သူက မနက်စောစော သီတဂူဆရာတော်ကြီးရဲ့ တရားခွေတွေ ဖွင့်နားထောင်တဲ့အခါ ဒီဂါထာကို အိပ်ရာမထသေးခင်မှာပဲ အိပ်ရေးမဝတဝနဲ့ ကြားနေရတာ။ ဒါပေမယ့် ဒီဂါထာလေးက ကိုယ်တိုင်ကိုယ်ကျ ပါဠိဂါထာရေးတဲ့အခါ အကြီးအကျယ် အထောက်အကူပြုလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
သမန္တပဋ္ဌာန၊ စတုဝီသတိ၊ ပစ္စယနယ ဆိုတဲ့ ဝေါဟာရတွေက ပိဋကတ်စာပေမှာ ပဋ္ဌာန်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ သုဝိစိတ္တ၊ အစ္ဆရိယဓမ္မဆိုတာတွေကတော့ ပဋ္ဌာန်းတရားတော်ကို အထူးပြုထားတဲ့ ဝေါဟာရတွေအနေနဲ့ အသုံးပြုထားတာပါ။ ဝိဘဇ္ဇဝါဒီကလဲ ပဋ္ဌာန်းဒေသနာကို ဟောကြားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓကို အထူးပြုတဲ့ ဂုဏ်တော်တစ်ခုအနေနဲ့ မှတ်ယူထားပါတယ်။ ဒေသကဆိုတာကလဲ ဗုဒ္ဓကိုပဲ ရည်ညွှန်းပါတယ်။ ဝန္ဒေ ဆိုတာကတော့ ဘုရားရှိခိုးတိုင်း ပါလေ့ရှိတဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီဝေါဟာရ တစ်ခုစီရဲ့ အခြေခံအနက်အဓိပ္ပါယ်တွေက ဒီလိုပါ။
စတုဝီသတိ−၂၄
သုဝိစိတ္တ−အဆန်းတကြယ်
ပစ္စယနယ−ကျေးဇူးပြုသောနည်း
အစ္ဆရိယဓမ္မ−အံ့သြဖွယ် သဘောတရား
ဝိဘဇ္ဇဝါဒီ−ခွဲခြမ်းဝေဘန်၍ ဟောပြောတော်မူလေ့ရှိသော (သူ)
သမန္တပဋ္ဌာနဒေသက−သမန္တပဋ္ဌာန်းကို ဟောကြားတော်မူသော (သူ)
ဗုဒ္ဓ−မြတ်ဗုဒ္ဓ
ဝန္ဒေ− ရှိခိုးပါ၏။
ဘုရားရှိခိုး အမျိုးမျိုးလို့ ပြောကြတယ်။ ကိုယ့်ရင်ထဲမှာ ကိုယ့်အတိုင်းအတာနဲ့ ကိုယ့်စိတ်တိုင်းကျ ခံစားမိသမျှ ဝေါဟာရအဖြစ်နဲ့ ဖန်တီးပူဇော်ရတာ တကယ့်ကို ကြည်နူးစရာ ကောင်းတယ်လို့ ထင်မိတာပါပဲ။ တစ်ခုပဲ ပြောစရာရှိတယ်။ တခမ်းတနား မရေးဖွဲ့တတ်တာပဲ။ ဒီတော့ ဘယ်လိုပဲ neo ဖြစ်ဖြစ် “ဝန္ဒာမိ− ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏” ဆိုတဲ့ “ရတနာ့ဂုဏ်ရည်” စာအုပ်ထဲက ဖွဲ့သီမှုမျိုးကတော့ နမက္ကာရအနက်ပေးတဲ့ နေရာမှာ စံတစ်ခုအနေနဲ့ ရှိနေမှာပါ။
အစအန...
Neoနမက္ကာရ - ၁

Thursday 13 October 2011

ကြောင်အိမ်

ယေ ကေစိ ဟိ ပဝိသန္တိ
နိက္ခမန္တိ
အနုစင်္ကမန္တိ
အနုဝိစရန္တိ
အပရေ ပန အာလောကေန္တိ
ဥလ္လောကေန္တိ
ဩလောကေန္တိ
ဝိလောကေန္တိ။
တချို့က…
ဝင်လိုက်
ထွက်လိုက်
လှည့်လိုက်
လည်လိုက်…။
တခြားသူတွေကတော့…
တည့်တည့်ကြည့်ကြ
စောင်းငဲ့ကြည့်ကြ
မော်ကြည့်ကြ
ငုံ့ကြည့်ကြ

Sunday 2 October 2011

အကန်းအလှမ်း

သတ္တာ ဇာတိဇရာဗျာဓိမရဏသောကသံကိလေသဓမ္မာ၊
တဒ္ဓမ္မာယေဝ ပရိယိဋ္ဌာ။
အဖြစ် အနွမ်း အနာ အပျက် အငို အညစ်
ရှာကြ ဖွေကြ တွေ့ကြ  ရှိကြ
ဖြစ်သူဖြစ်
နွမ်းသူနွမ်း
နာသူနာ
ပျက်သူပျက်
ငိုသူငို
ညစ်သူညစ်