Tuesday 9 September 2008

ဤသည့်စားဖွယ်

“စားကြမယ်ဟေ့ကောင်းကောင်း”တဲ့။ ဘာအတွက် စားမှာလဲ။ စားဖို့ ရှင်သန်နေတာလား။ ရှင်သန်ဖို့ စားနေတာလား။ မြတ်ဗုဒ္ဓရဲ့ စားသောက်ခြင်းအတတ်ပညာက ဒီလို…

ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ။

ဝေဒနာအဟောင်းကိုလည်း ပယ်ဖျောက်ပါအံ့။ ဝေဒနာအသစ်ကိုလည်း မဖြစ်စေပါအံ့။

အာဟာရနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်မိတဲ့ အကြောင်းအရာတစ်ခုကို ဆရာကြီးရွှေဥဒေါင်းရဲ့ "တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ"စာအုပ်ထဲက ကူးယူဖော်ပြလိုက်တယ်။ တိုင်းသားပြည်သူ ပေးလှူတဲ့ ဘောဇဉ်ကို အလဟဿမဖြစ်အောင် သုံးစွဲတဲ့ ရွှေဝါရောင်နိမိတ်ပုံတစ်ခုပါ…။

ဆရာတော် ဦးဥတ္တမ

သူရိယတိုက်၌ သိကျွမ်းရသော ပုဂ္ဂိုလ်ကျော်များအကြောင်းကို ဖော်ပြရာတွင် ဆရာတော်ဦးဥတ္တမအကြောင်းကိုလည်း ဖော်ပြရန် လိုပေလိမ့်မည်။ သူရိယတိုက်သို့ ကျွနု်ပ် ရောက်ပြီးနောက် များမကြာမီအတွင်း ဆရာတော်ဦးဥတ္တမသည် ကျွနု်ပ်၏ စားပွဲသို့ လာ၍ထိုင်လေ့ရှိ၏။ ဆရာတော်သည် ကျွနု်ပ်၏ ဝတ္ထုများ ဖတ်လေ့ရှိသူဖြစ်ရာ ကျွနု်ပ်အား (ဦးဘဖေ၊ ဦးလှဖေတို့မှတပါး) တိုက်သားများအနက်တွင် စိတ်ဝင်အစားဆုံးတစ်ယောက် ဖြစ်ဟန်ရှိ၏။ ဆရာတော်သည် အိန္ဒိယပြည်နှင့် မြန်မာပြည်တို့ကို ခေါက်တုံ့ခေါက်ပြန် ကူးသန်းသွားလာနေသော နိုင်ငံရေးဘုန်းကြီးတပါးဖြစ်ခြင်း၊ ရခိုင်သားဖြစ်သည် ဆိုခြင်းမှတပါး ကျွနု်ပ် ဘာမှမသိချေ။ ကျွနု်ပ်မှာ ထိုစဉ်က စာပေမှတပါး နိုင်ငံရေး၌ စိတ်ဝင်စားခြင်း မရှိသေးသည်ဖြစ်၍ ဆရာတော်အပေါ်၌ အထင်လည်းမကြီး၊ စိတ်ဝင်စားမှုလည်း နည်းပါးလှသည်။ ကျွနု်ပ်သည် သူရိယတတိုက်လုံးတွင် (မဂ္ဂဇင်းအယ်ဒီတာ အဖြစ်နှင့်) အလုပ်အချောင်ဆုံးသော စာဖတ်သူတယောက် ဖြစ်ခဲ့ဘူးရာ ဆရာတော်သည် ကျွနု်ပ်အလုပ်ချောင်ခြင်းကို သိသည်တကြောင်း၊ ဝတ္ထုဝါသနာပါ၍ ကျွနု်ပ်အား ဝတ္ထုရေးသမားတယောက်အနေဖြင့် ခင်မင်လေးစားသည်တကြောင်းကြောင့် ကျွနု်ပ်၏ စားပွဲတွင် အကြာကြီးထိုင်ကာ စကားပြောလေ့ရှိ၏။ ကျွနု်ပ်ကမူ စာဖတ်ပျက်သည်ဆိုကာ ဆရာတော်အား အသာတကြည်ပြော၍မရလျှင် ငေါက်၍ပင် ထုတ်ခဲ့မိဘူးပါသည်။

ထိုစဉ်က ဆရာတော်သည် ဘယ်ဆီမှာ ဆွမ်းဘုမ်းပေးသည်မသိ၊ ညဉ့်အချိန်များတွင်မူကား သူရိယတိုက်၌ပင် ကျိန်းစက်သည်ဟူ ကျွနု်ပ် သိရ၏။ ကျွနု်ပ်၏ မျက်စိ၌ ဆရာတော်သည် ဘုန်းကြီး “ဂျပိုး”ထဲက ထင်မိသည်နှင့် ငေါက်၍ ထုတ်မိခြင်း ဖြစ်ပါသည်။ “တပည့်တော်တို့က ကိုယ်တော်တို့လို လူအားမဟုတ်ပါဘူး ဘုရား၊ လုပ်နိုင်မှ စားရတဲ့လူတွေပါ၊ အရှင်ဘုရားလို လေမပန်းအားပါဘူး ဘုရား” စသည်များဖြင့် နှင်ထုတ်ခဲ့မိဘူးပါသည်။ သို့သော် ဆရာတော်သည် ဤမျှဖြင့်လည်း မနာတတ်၊ ဤထက် ကြမ်းကြမ်း လျှောက်၍လည်း မနာတတ်၊ နှင်ထုတ်သည့်အခိုက်တွင် ခဏတဖြုတ် ထသွား၍ တော်တော်ကြာလျှင် စပ်ဖြဲစပ်ဖြဲနှင့် ရောက်လာပြန်ပါတော့သည်။ နောက်ပိုင်းတွင် မြန်မာပြည်၌ ဟုမ္မရူး တစခန်းထလာသော အချိန်တွင်မူကား ကျွနု်ပ်သည် အလွတ်တန်ခိုးကြီးလျက်ရှိသော “ငယ်ပေါင်း”ဆရာတော်ဆို၍ ဖူးတွေ့ရန် ရောက်သွားသောအခါ အစောင့်အကြပ်တွေ အထပ်ထပ် ဝိုင်းရံလျက်ရှိသည်နှင့် ပုဂ္ဂိုလ်ကြီးအဆင့်ဆင့်ထံ ဝင်ခွင့်တောင်းပြီးမှ ဆရာတော်ရှေ့မှောက်သို့ ရောက်ခဲ့ရခြင်းကို ကြုံခဲ့ရဘူးပါသည်။ ထိုအခါတွင် ရှေးယခင်က ရှုပ်သည်ထင်၍ စားပွဲမှ နှင်ထုတ်ခဲ့မိဖူးသော အခြင်းအရာကို သတိရမိသဖြင့် ပြုံးခဲ့မိပါသေးသည်။ “ဟေ့ ဖေသိန်း၊ မင်းက ငါ့ကို ရှုပ်တယ်ဆို”ဟူသော မျက်နှာထားမျိုး ပြချေမည်လောဟု ကျွနု်ပ် အကဲခတ်သေးရာ ထိုအမူအရာမျိုးကား ပြတော်မမူရှာပေ။

အံသြဖွယ် ဘုန်းပေးနိုင်ခြင်း

ကျွနု်ပ်သည် ဆရာတော်အား နှင်ထုတ်မိခဲ့ဘူးသော်လည်း စင်စစ်မှာ ဆရာတော် မကြီးကျယ်သေးမီ အချိန်ကပင် ဆရာတော်၏ အချို့သော စိတ်နေသဘောထားများကို ကြည်ညိုရကောင်းမှန်း သိသည်နှင့် အိမ်သို့ပင့်၍ ဆွမ်းနှစ်ကြိမ် ကျွေးဖူးပါသည်။ ဆွမ်းကျွေးခြင်းကို လူသိစေလို၍ မဟုတ်၊ ဆရာတော်ဦးဥတ္တမ၏ ဘုန်းပေးပုံ ထူးခြားခြင်းကို ဖော်ပြလိုသောကြောင့် ဖြစ်ပါသည်။ ဆွမ်းနှစ်ကြိမ် ကျွေးဘူးသည့်အနက် ပထမအကြိမ်မှာ ဆွမ်းလိုက်သောဇလုံကြီးနှင့် ဘုန်းပေး၍ တဇလုံလုံး အကုန်ချွတ်ခြင်းမျှလောက်သာ ရှိသဖြင့် စာမဖွဲ့လောက်ပါ။ သို့ရာတွင် ဒုတိယအကြိမ် ကျွေးသော အခါ၌မူ ကျွနု်ပ်ကိုယ်တိုင် တအံ့တသြဖြစ်မိသည့်နှင့် ဆရာတော်ဦးဥတ္တမအကြောင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှု ရှိသူများအဖို့ ဖော်ပြလိုက်ပါသည်။ ဒုတိယအကြိမ် ပင့်သောအခါတွင် ဆရာတော်က “ငါ့မှာ ဆီးချိုရောဂါရှိတယ်။ ထမင်းလဲမစား၊ ဂျုံလဲမစား၊ သားငါးသက်သက်သာ စားတယ်” ဟု အမိန့်ရှိလိုက်၏။

ကျွနု်ပ်သည် ဆရာတော်၏ ဘုန်းပေးပုံအစွမ်းကို သိပြီးဖြစ်၍ အောက်ပါစားစရာများကို ချက်ပြုတ်ပြင်ဆင်ထား၏။ (၁) ကြက်တစ်ကောင် ရိုစ့်(ပြုတ်ကျော်)၊ (၂) အရည်ခပ်များများနှင့် ဘဲတစ်ကောင်စွပ်ပြုတ်၊ (၃) ဝမ်းဘဲဥ ခြောက်လုံး ဟတ်ဘွိုင်၊ (၄) ဝက်အူချောင်းကင် ၂၅ကျပ်သား၊ (၅) ငါးကြင်းသားကျော် ၂၅ကျပ်သား၊ (၆) နွားနို့ ၅၀သားတို့ကို အသင့်ပြင်ထားပြီးလျှင် မိတ်ဆွေ ကိုခင်မောင်တင့်အားလည်း ထမင်းစားဖိတ်ထား၏။ ၎င်းနံနက်တွင် ကျွနု်ပ်တို့အတွက် အထူးတလည် မစီမံပဲ ထမင်းအိုးတလုံးသာ ချက်ထား၏။ ဆရာတော်ကြွလာ၍ ထို်င်လိုက်ရာတွင် ကျွနု်ပ်တို့လင်မယားနှင့် ကိုခင်မောင်တင့်သည် အနီးတွင် ထို်င်လျက် စောင့်ကြည့်နေကြ၏။ ဆရာတော်သည် ဘဲတကောင်လုံးပေါင်းပြီး ဝမ်းဘဲဥပုံပန်းကန်ကြီးတွင် ထည့်ထားသော စွပ်ပြုတ်ရည်ထဲမှ တဝက်ခန့်မျှသော အရည်များကို သောက်လိုက်ပြီး ဘဲသားကို ဖဲ့၍ ဘုန်းပေး၏။ ရင်အုပ်နှင့်ပေါင်များ ကုန်သည့်နောက် တောင်ပံရိုးစသည်များကို ကိုက်လိုက်သေး၏။ ၎င်းနောက် ရိုစ့်လုပ်ထားသော ကြက်ကောင်ကို လှမ်းကိုင်၍ ဘဲကောင်ရောက်နှင့်သော နေရာသို့ ပို့လိုက်၏။ ကြွင်းကျန်သော ဘဲရိုးနှင့် ကြက်ရိုးများမှာ အညီအမျှလောက်ရှိ၍ မည်သည့် အရိုးတွင်မှ အသားထူထူ ကပ်လျက် မရှိတော့ချေ။ ကြက်ကောင်ကုန်သည့်နောက် တဝက်ခန့် ကျန်နေသေးသော ဘဲစွပ်ပြုတ်ရည်ထဲမှ နောက်ထပ်တစ်ဝက် သောက်ပြန်၏။ အနီးမှ ထိုင်ကြည့်နေသော ကျွနု်ပ်တို့ သုံးယောက်သည် တယောက်မျက်နှာကို တယောက်လှမ်းကြည့်နေကြလေပြီ။ ၎င်းနောက် ဆရာတော်သည် ဘဲဥဟတ်ဘွိုင်ခြောက်လုံးနှင့် ဝက်အူချောင်းကို ဘုန်းပေးရင်း ကျန်နေသေးသော ဘဲစွပ်ပြုတ်ရည်ထဲမှ တချက်တချက် တဇွန်းနှစ်ဇွန်း ခပ်၍သောက်၏။ ၎င်းတို့ ကျွတ်သောအခါ ငါးကြင်းသားကြော်ကို လှမ်းကိုင်၍ အာခြောက်သောအခါတွင် စွပ်ပြုတ်ရည်ဖြင့် ကျိုက်ချ၏။ ငါးကြော်လည်းကုန်၍ စွပ်ပြုတ်ရည်လည်း ပြောင်လေပြီ။ ဤတွင်မှ ဆရာတော်သည် နွားနို့ ၅၀သားကို စကားတပြောပြောနှင့် တဖြည်းဖြည်း ကျိုက်၍ကျိုက်၍ ချလေရာ ကျွနု်ပ်မှာ ဆရာတော် ဘုန်းပေးပြီးနောက် စောင့်၍မကြည့်နိုင်တော့ပဲ ဖိတ်ခေါ်ထားမိသော ဧည့်သည်နှင့် ကျွနု်ပ်တို့အတွက် ဘဲကင်တစ်ကောင် ပြေးဝယ်ရပါတော့သည်။ မရွံတတ်လျှင် ဆရာတော်ကိုက်၍ ချထားသော ဘဲရိုးကြက်ရိုးများမှ အသားအကပ်အသပ်လေးများကို ကိုက်စုတ်ယူရန်မှတပါး ဘာတခုမျှ စားစရာမကျန်တော့ပါ။ ဤသည်ကား ဆရာတော်ဦးဥတ္တမ ကိုယ်တော်၏ တထပ်စာ ဆွမ်းဘုဉ်းပေးတော်မူခြင်းပေတည်း။

1 comment:

  1. မောင်ဖိုးစံ9 September 2008 at 19:32

    ဆရာတော်လို့ဘုဉ်းပေးနိုင်စွမ်းကလည်း အရမ်းကြည်ဖို ့ကောင်းတာပေါ့၊ ကုသိုလ်ထူးတဲ့ဆရာတော်ဘုရားပါပဲ။ သက္ကစ္စဒါနအင်းအားကြီးတော်မူသည့်လက္ခဏာပါဘုရား၊
    ဆရာတော်ကြီးအား ဦးတင်ပါဦး

    ReplyDelete