Tuesday 30 June 2009

Culvertလမ်းမှာ စမ်းတဝါးဝါး

ရွာက သတိတရဖြစ်စရာ နေရာတစ်ခုကို ပြောရရင် Culvert Street ပါ။ အခုတော့ မြန်မာ့ဂုဏ်ရည်လမ်း။

ပန်းဆိုးတန်းလမ်းနဲ့ သိမ်ဖြူလမ်းကြား မြန်မြန်လျှောက်ရင် ၅မိနစ်စာလောက်ပဲရှိတဲ့ အဲဒီ့လမ်းလေးကို အာရုံထဲကနေ ဘယ်လိုမှ ဖျောက်လို့ မရဘူး။ ပိုပြီး အမှတ်တရဖြစ်ဖို့ကောင်းတာက မြောင်းကြီးတွေ။
ကန်တော်ကြီးဘက်ကနေ စပြီး ကန်တော်လေး, ဖို့မြေ, ဘင်္ဂါလီစု, ရေကျော်ကိုဖြတ်ပြီး ပုဇွန်တောင် ချောင်းထဲကို စီးဝင်သွားတာ။ အဲဒီမြောင်းတွေ ကန်တော်လေးကို အဖြတ် မိုးအကြီးအကျယ် ရွာတဲ့အခါ ကန်တော်လေးသားတိုင်း ကြုံရတဲ့ အဖြစ်က မြန်မာဂုဏ်ရည်လမ်းတလျှောက် ရေလျှံတာပါ။ များလား နည်းလားတော့ မသိဘူး။ လမ်းလယ်ခေါင်မှာ ဆိုက်ကား မြုတ်ရုံလောက်ပါပဲ။ Hollywoodက Walk of Fameလိုတော့ သမိုင်းမတွင်ပေမယ့် ဒီလမ်းပေါ်မှာ လျှောက်ခဲ့တဲ့သူတွေအတွက်ကတော့ Walk of Floodပါ။ ငယ်ငယ်တုန်းကတော့ ရေလျှံရင် သိပ်ပျော်။ ကြီးလာတော့ စိတ်ပျက်စရာ။ ဘာပဲ ဖြစ်ဖြစ် လွမ်းတော့ လွမ်းစရာ။
ဒီလမ်းပေါ်က မြောင်းကြီးတွေရဲ့ ဘောင်တွေအပေါ် အဖော်သဟာများနဲ့ တပျော်တပါး ထိုင်ပြီး အုတ်ခုံထိုင်လူတန်းစားတစ်ရပ်ကို ထူထောင်ရင်း မိုးသည်းနေ့တွေ, ဆောင်းချမ်းနေ့တွေ, နွေပြင်းနေ့တွေ...ဒီလိုနေ့တွေကို ပုံဖော်ရင်း ဒီလမ်းပေါ်မှာ ခြေရာတွေ အကွက်ရိုက်ခဲ့ကြတယ်။ ကြာလာတော့လဲ လျှောက်ရင်း သွားရင်းနဲ့ ခြေရာပျောက်တဲ့သူပျောက်လို့ ဤခရီး နီးသလား ဖြစ်ခဲ့ကြလေပြီ...။

ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။



အိပ်မပျော်သူအတွက် ညတာ ရှည်၏ ။
မောပန်းသူအတွက် ခရီးလမ်း ရှည်၏ ။



*** အိပ်မပျော် မောပန်းနေတဲ့ ကန်တော်လေးက ကောင်လေးတွေအတွက် အမှတ်တရ။

2 comments:

  1. ယဿ ဌာနေ ဝိဇာတေ ဝါ၊ နဒီသောတော သမုဋ္ဌဟိ။
    ဘီရဝေါ တဿ ပဝါဟော၊ ယော ယံ ကာလ ကရေ ဘုသံ။

    ReplyDelete
  2. အဲဒီနေရာနဲ့ အဲဒီမြောင်းကို လွမ်းတယ်ဗျာ၊ တခေါက်လောက် အဲဒီနေရာကို အတိတ်ကလို့ ပြန်ပြီး နောင်ကြီးနဲ့အတူ နားခိုချင်ပါသေးတယ် :P

    ReplyDelete