Thursday 2 June 2011

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၆)

အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။
(၁) Sarnath
(၂) Kausambi
(၃) Sanchi
(၄) Karuvaki Queen
(၅) Lumbini
(၆) Nigliva
အသောကရဲ့ အက္ခရာများ ၂၇၂၈၂၉၃၀၃၁၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။
Minor Rock Edicts on Googlemap
Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြဝါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။
သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ ဝါ ဘေတ္တာ, ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော, ဝဂ္ဂရတော, ဝဂ္ဂနန္ဒီ, ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုတဲ့အတိုင်း ညီညွတ်သူတွေကို သင်းခွဲ။ ကွဲနေသူတွေကို ထောက်ခံအားပေး။ ကွဲရေးပြဲရေးကိုသာ နှစ်သက်မွေ့လျော်ပြီး ကွဲကြောင်းပြဲကြောင်းကို ပြောဆိုနေတာထက် “ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုထားသလို အကွဲအပြဲကို စေ့စပ်၊ ညီညွတ်သူတွေကို အားပေး၊ ညီညွတ်ရေးကို နှစ်သက်မွေ့လျော်၊ ညီညွတ်ကြောင်း ပြောဆိုနေတာက ပိုကောင်းပါတယ်။

No comments:

Post a Comment