Thursday 29 March 2007

နတ္တိရဲ့ ဝေါဟာရ

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစရှိတဲ့ ဗုဒ္ဓကျမ်းစာစု ရေးထွင်းထားတဲ့ ရွှေပြားချပ် နှစ်ခုကို သရေခေတ္တရာ မြို့ဟောင်းမှာ တူးဖော်ရရှိခဲ့တယ်။ အေဒီ ၅ရာစုလက်ရာ တစ်ခုပါ။ Languageက ပါဠိ , scriptက ဗြဟ္မဏီ ဖြစ်တယ် (အက္ခရာဖြစ်ပေါ် လာပုံနှင့် အက္ခရာ အဆင့်ဆင့် ပြောင်းလဲပုံကို သီးခြား လေ့လာနိုင် ပါတယ်)။ ဒါဟာ မြန်မာနိုင်ငံ ပါဠိစာပေရဲ့ သမိုင်းဦးပါ။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာနှင့် အတူ ပါဠိစာပေ ခရီးရှည်ကြီးကို မြန်မာနိုင်ငံမှာ ယနေ့အထိ လျှေက်လှမ်းနေဆဲပါ။
ပါဠိဝေါဟာရဟာ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေခဲ့တယ်။ ငယ်စဉ်က ကိုယ့်နာမည်ကို စတင် သိတဲ့အချိန်မှာ ပါဠိသက်ဝေါဟာရတစ်ခုနှင့် မြန်မာစာလုံးကို ပေါင်းစပ်ထားတာလို့ မသိခဲ့ပါ (နာမည်ကိုတော့ မပြောလိုတော့ပါ)။ ကျောင်းမှာ မြန်မာစာ ဆရာမက နာမည်ကို “အေးမြခြင်း”အဓိပ္ပါယ်ရတယ်လို့ ရှင်းပြပေးတာကို မှတ်သား ရတယ်။ အမှန်ကတော့ “နှစ်သက်ခြင်း” လို့ ဆိုလိုတာကို နောက်မှ သိရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ ပါဠိဝေါဟာရတွေ နေရာအနှံ့ အသုံးပြုနေတာကို သိကြမှာပါ။ ပါဠိစာပေဟာ မြန်မာပြည်ဖြစ် မဟုတ်ပါ။ သို့သော် “စာတစ်လုံး ဘုရားတစ်ဆူ” ဆိုပြီး တန်ဖိုးထားတတ်ကြတယ်။ ပါဠိစာပေနဲ့ တည်ဆောက်ထားတဲ့ ဗုဒ္ဓဒေသနာတော်ကို သင်ယူလေ့လာ ကျင့်ကြံအားထုတ် ကြတယ်။ “မင်္ဂလာပါ” ဆိုတဲ့ စကားကို ကိုယ်ပိုင်ဝေါဟာရတစ်ခု အဖြစ် မှတ်ယူ ကြတယ်။
စကားလုံးတွေကို ရေးသားတဲ့အခါပဲ ဖြစ်ဖြစ် ပြောဆိုတဲ့အခါပဲ ဖြစ်ဖြစ် အခြေခံအားဖြင့် စည်းမျဉ်းစည်းကမ်း လေးတွေရှိကြတယ် (တကယ်တော့ စည်းကမ်းတွေက အလွန်များတာပါ)။ ပါဠိစာပေမှာဆိုရင် တိကျ ပြတ်သားတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒါပေမယ့် နိုင်ငံအလိုက် အနည်းငယ် ကွဲပြားတဲ့ လေယူလေသိမ်းတွေ ရှိတယ်။ ဥပမာ နိုင်ငံတကာ အသိအမှတ် ပြုထားတဲ့ စံနှုန်းတွေ ရှိပေမယ့် သီရိလင်္ကာမှာ ပရိတ် ရွတ်တဲ့အခါ မြန်မာနဲ့ တူဖို့ မလွယ်ပါ။ ပစ်စလက်ခတ် လုပ်နေတာလို့ မဆိုလိုပါ။ ပါဠိဘာသာစကား တူပေမယ့် သီးခြားအက္ခရာတွေ ရှိသလို သီးခြား လေသံ ရှိတယ်။ မတူညီတဲ့ စာမူတွေလည်း ရှိတယ်။ ဒီတော့ ဘယ်လို လုပ်မလဲ။ “နှုတ်တစ်ရာ စာတစ်လုံး”ဆိုတာကနေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားလေရော။
“နမော တဿ”အစရှိတဲ့ ဘုရားရှိခိုးကို ဘယ်အချိန်က စသင်ခဲ့သလဲဆိုတာ မမှတ်မိတော့ပါ။ ငယ်စဉ်က ကျိုက်ထီးရိုးအသွား တောင်ပေါ်မှာ မြွေတစ်ကောင်နဲ့ ရင်ဆိုင်တိုးမိတော့ ကြောက်လန့်ပြီး ခန္ဓပရိတ်တော်ကို သင်ယူမိတာ အမှတ်တရပါ (အဖိုးနှင့် ညီတို့က စွမ်းတယ်လို့ ပြောလို့ပါ)။ အရွယ်ရောက်တဲ့အခါ လူငယ်သဘာဝ ချစ်တဲ့ကြိုက်တဲ့ သဘောကို မေတ္တာ, ကရုဏာနဲ့မှားပြီး မေတ္တာပရိတ်တော်ကို အသေအချာ ကျက်ပြီး မန္တန်တစ်ခုလို သုံးမိပါသေးတယ်( အဓိပ္ပါယ် လုံး၀ မသိပါ)။ အိမ်မှာ အလှူဆွမ်းကျွေး ရှိတဲ့အခါ သံဃာတော် များက ပရိတ်တရား ချီးမြှင့်တော့ မေတ္တာသုတ်ရောက်ရင် နောက်က harmonyလိုက်မိပါတယ်။ (ဘုရားစင်မှာ ပန်း, ရေချမ်း, ဆီမီး ကပ်လှူ,ဘုရားရှိခိုး မေတ္တာပို့ ကြေးစည်ခေါက်ပြီး အမျှဝေတတ်တဲ့ သူငယ်ချင်းတစ် ယောက်ကိုတော့ မမှီပါ)။ ဒါက ဆယ်ကျော်သက် အရွယ်မှာ စတင် absorb ဖြစ်တဲ့ သဘာဝပါ။ ဒါပေမယ့် academic မဖြစ်ပါ။
ပါဠိစာပေမှာ အခြေခံGrammarရှိတယ်။ အင်း ဒီနေရာရောက်ရင် နည်းနည်း လန့်တယ်။ ငယ်စဉ်က ကျောင်းမှာ မြန်မာစာ သင်တော့ သဒ္ဒါသင်ရမယ်ဆိုရင် အတော် ပျင်းတာကိုး (ဘာတွေလဲ မသိဘူးလို့ ပြောဖြစ်တယ်)။ မြန်မာဖြစ်လို့ပေါ့။ မိခင်ဘာသာစကား မဟုတ်ရင် Grammarကို ကျော်လို့ ရမယ် မထင်ဘူး။ ဖြတ်သန်းတဲ့အခါ dry subject တစ်ခုမို့ စိတ်ညစ်စရာ မလိုဘဲ သိချင်တာလေးတွေ သိခွင့် ကြုံလာပြီမို့ ဝမ်းသာစရာပါ။ ပါဠိကိုလဲ သင်ပုန်းကြီးက စသင်ရပေမယ့် ငယ်စဉ်ကလို ပျင်းဖို့ မလိုပါ။
ဥပမာတစ်ခုလောက်နဲ့ ပြောရင်း သင်ကြည့်ရအောင်။ ပါဠိအက္ခရာတွေကို အသံ ထွက်တဲ့ နေရာမှာ မြန်မာအသံနဲ့ တူတာတွေ ရှိသလို မတူတာတွေလဲ ရှိတယ်။ ပါဠိအက္ခရာ “က”ကို မြန်မာက “က” လို့ အသံထွက်တာ နိုင်ငံတကာစံနှုန်းတွေနဲ့ တူတယ်။ ပါဠိအက္ခရာ “စ” ကို “စ”လို့ ဆိုတာ မြန်မာပါ။ “ကျ”လို့ အသံထွက်တာ နိုင်ငံတကာစံပါ။ ပါဠိသဒ္ဒါကျမ်း များက အခြေခံအားဖြင့် ဒီလို ဆိုကြတယ်… “အာခေါင်ကို လျှာအလယ်ပိုင်းနဲ့ ထိပြီး စ”ကို အသံထွက်မယ်ဆိုရင် “စ”လို့ မထွက်ပါ။ “ကျ”လို့ အသံ ထွက်တယ်။ ဒီလို ကွဲလွဲမှုတွေ ရှိတယ်။ လည်ချောင်းနဲ့ အာခေါင်စောက်တို့ကို သူ့နေရာနဲ့သူ ဖွင့်ပြီး ပါဠိအက္ခရာ“ဧ”ကို အသံထွက်တော့ “အေ” လို့ ထွက်တယ်။ “အေး”လို့ ထွက် မလာပါ။ ပါဠိစာပေမှာ မြန်မာလို “း” အသံ မရှိပါ။ ပါဠိနှင့် မျိုးနွယ်တူ Sanskrit ဘာသာစကားမှာ ရှိတယ်။ ဒီဘာသာက ပါဠိလို Dead language မဟုတ်တဲ့ အပြင် မြန်မာစာပေ အပေါ်မှာ သက်ရောက်မှုတွေ ရှိထားပါတယ်။ Sanskrit အသံနဲ့ ပါဠိကို ဖတ်ရင် “ဧ”ကို “အေး”လို့ အသံထွက်သွားနိုင်ပါတယ်။( မြန်မာလို စာလုံးနဲ့ အသံထွက် နမူနာ ပြထားတာ အတိအကျလို့ မဆိုလိုပါ)။ ဒီလို လေယူလေသိမ်းတွေ မတူတာကတော့ ဟာသလို ဖြစ်နေတတ်တယ်။
ပါဠိဟာ မြန်မာစာ မဟုတ်ပါ။ ဘာသာစကား အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ရှိပေမယ့် အတိအကျ နှိုင်းယှဉ်ဖို့ရာ ခက်ခဲပါတယ်။ အပြောင်းအလဲ မရှိဘဲ ယူသူံးနေတာတွေ ရှိသလို့ အသွင်ပြောင်းပြီး အသုံးပြုနေတာတွေ ရှိတယ်။ အခုလို Globalizeဖြစ်တဲ့အခါ အလွန့် အလွန် ကူးလူးဆက်ဆံမှုတွေ ရှိတယ် (Star War ရုပ်ရှင်ထဲမှာပါတဲ့ “C3PO”ဆိုတဲ့ စက်ရုပ်က ဘာသာစကားပေါင်း သန်းချီပြီး တတ်သတဲ့)။ ဘာသာစကား သုံးစွဲမှု အပြန်အလှန် ရွေ့လျောမှု စတဲ့ ဖြစ်စဉ် တွေမှာ Copy Right ရှိသလားတော့ မသိပါ။ ဘာပဲဖြစ်ဖြစ် တိကျမှု ရှိအောင် ဆိုင်ရာဆိုင်ရာက အစွမ်းကုန် ကြိုးစားနေကြတာပါ။
ကဲဗျာ… မေးတဲ့သူက မေးတယ်။ ဒီကလဲ ပြောချင်တာတွေ ပြောမိတယ်။ အဆင်မသင့်ရင် ခွင့်လွှတ်ပါ။

2 comments:

  1. န ငယ်နဲ့စတဲ့ စာလုံးမှ ဟုတ်ရဲ့လား။ သူက ကန်တို့ ဘာတို့နဲ့ တွဲဖက်လေ့ ရှိတော့ အတော်များများက အေးမြတယ် လို့ မှားလေ့ရှိတယ်။ ရမ်းတုတ်တာနော။

    ReplyDelete
  2. Pandora….မှန်လိုက်လေ ကိုသိမ်းမောင်ရယ်လို့ တောင် ပြောရမလို ဖြစ်နေပြီ။ စနေသား နေတက်ရေတက်ချိန်မှာ မွေးတယ်။ ဒီတော့ မြန်မာ့ရိုးရာအရ တ ထ ဒ ဓ န ဒီစာလုံးတွေထဲက တစ်လုံး ဖြစ်ရမယ်။ အေးမြခြင်းနဲ့ မှားနိုင်တဲ့ အက္ခရာ ဘာရှိလဲ။ မြန်မာတွေ သုံးလေ့ရှိတယ်။ ထင်တဲ့ အတိုင်းပဲလို့ ပြောရမှာပဲ။ ဒဲ့ ပြောလိုက်ရင်လဲ ရတာပဲ။ ဒါပေမယ့် nick nameကို ပို ကြိုက်တယ်။ မွေးနေ့တုန်းက တင်ထားတဲ့ ပိုစ့်တွေထဲက အမေနဲ့ ပတ်သက်တဲ့ ကဗျာနှစ်ပုဒ်ကို ကြည့်ရင် သိမှာပါဗျာ။

    ReplyDelete