Thursday 7 June 2007

နတ္ထိရဲ့ ခရီး (ကုသိနာရုံ)


ဝိဇိတဝိဇယ.မဓိဂတဖလသုခ.မိဓ၊
ဇဟိတမရဏဘယ.မရိယသမဏ.မထ။
ယဒိ ယမဝိသယ.မဓိဂတ.မဘိယဇသိ၊
တ၀ ဟဒယ.မမိတ.မမတ.မနုဘဝတိ။

မာရ်အပေါင်းကို အောင်တော်မူပြီးသော
အရဟတ္တဖိုလ်ချမ်းသာကို ရတော်မူပြီးသော
ကိသေသာအပူမှန်သမျှကို အကြွင်းမရှိ ငြိမ်းအေးစေပြီးသော
သေခြင်းမှ ကြောက်ရွံ့မှုကို ပယ်စွန့်တော်မူပြီးသော
သေမင်းပိုင်နက်ကို လွန်မြောက်တော်မူပြီးသော
မြတ်ဗုဒ္ဓကို မြတ်နိုးကော်ရော် ပူဇော်ပါလျှင်
သင့်ရဲ့ နှလုံးသားသည်
အနှိုင်းမဲ့ အမြိုက်အရသာကို ခံစားရနိုင်၏။
.
ဒီဂါထာကို “အစလဓိတိ”လို့ ခေါ်တယ်။ မတုန်လှုပ်သော တည်ကြည်ခြင်းလို့ ဆိုလိုတယ်။ တစ်ပါဒ တစ်ပါဒမှာ အက္ခရာ ၁၆လုံးပါတယ်။ အဲဒီ့အက္ခရာတွေ အားလုံး လဟုတွေပဲ။ လဟု ဆိုတာက အ, ဣ, ဥ ဆိုတဲ့ အသံ တိုတဲ့ သရတွေနဲ့ပဲ တွဲစပ်ထားတဲ့ ဗျည်းတွေပေါ့။ အာ ဤ ဥူ ဧ သြ ဆိုတဲ့ အသံရှည်သရတွေ မပါဘူး။ ဒါတွေနဲ့တွဲရင် ဂရု ဖြစ်သွားတယ်။ လဟုဆိုတာက ပေါ့တာ။ ဂရုဆိုတာ လေးတာ။ အသံပေါ့။ အသံလေး။ ဒါကို ပြောတာပါ။ ဒါတွေက ပါဠိသဒ္ဒါနဲ့ ဂါထာရေးထုံးတွေပါတဲ့ ဆန်းကျမ်းတို့ရဲ့ အနေအထားတွေပါ။ ဒီဂါထာကို ရေးခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ၁၀ နှစ်လောက် ရှိပြီ။ အတော် ကြာပြီပဲ။ ဘာ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာလဲ။ မြတ်ဗုဒ္ဓရဲ့ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို ပူဇော်တဲ့ အနေနဲ့ ရေးဖွဲ့ခဲ့တာ။ ခေါင်းစဉ်လေးတောင် ရှိသေးတယ်။ ဘာတဲ့…
အနုပါဒိသေသနိဗ္ဗာနဓာတုပူဇနပဋိသံယုတ္တာဘိမင်္ဂလကထာ
အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသဘောကို အလေးအမြတ်ထားခြင်းနှင့် သက်ဆိုင်သော မင်္ဂလာစကား
.
အဲဒီအချိန်တုန်းကတော့ စာပေအရသာကို အပြည့်အဝ ခံစားရင်း ရေးဖွဲ့ခဲ့တာ။ ကိုယ်တိုင်လဲ ကျေနပ်ကြည်နူးလို့လေ။ တစ်ခုထဲသော ရည်ရွယ်ချက်နဲ့ အရမ်းကို တက်ကြွနေခဲ့တာပေါ့။ ကောင်းပါတယ်။ ဒီလို အချိန်မျိုး ဘဝမှာ ကြုံတွေ့ခဲ့ရတာ တကယ် တန်ဖိုးရှိတယ်။ ဒါပေမယ့် အချိန်က အငြိမ်မနေပါ။ နောက်ပြန်မလှည့်သော ပြတ်သားမှုမျိုးနဲ့ ရှေ့သို့ ချီတက်နေတာ။ ယက်ကန် ယက်ကန်နဲ့ လိုက်လာတာ အခု အချိန်ကို မီးမောင်းထိုးပြရရင် အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ ပျိုမြစ်ခြင်းတို့ ဆိတ်သုန်းခဲ့ပြီ။ တက်ကြွမှုတို့ လျော့ပါးခဲ့ပြီ။ လေလွင့်စွာနဲ့ လမ်းခွဲမှာ တွေဝေနေလေပြီကော။ အဆုံးမဲ့ ခရီးသွား ရပ်နားခွင့် မကြုံခဲံလေပြီကော။ ငိုကြွေးမှုအာဟာရနဲ့ ကြွေလွင့်မယ့် အချိန်ကာလ မဝေးတော့ပြီ….။ တစ်ခုတော့ ရှိတယ်။ ပြုပြုသမျှတွေ သမိုင်းရေစီးကြောင်းမှာ အဖတ်ဆယ်လို့ ရမရ။ ဒါပဲ။ ဒါကိုတော့ မမေ့သင့်ဘူး။
.
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေခြင်း၏ အကြောင်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်း။
မမေ့လျော့သူတို့ မသေကြ။
မေ့လျော့သူတို့ သေကြ၏။

၂၀၀၇ ဖေဖော်ဝါရီ ၂၅ နေ့မှာ ကုသိနာရုံကို ရောက်ခဲ့တယ်။ နေရာ နှစ်ခု သွားကြည့်တယ်။ ပထမဦးဆုံး ဗုဒ္ဓသရီရ တေဇောဓာတ်လောင်ကျွမ်းတဲ့ နေရာ။ နောက်တစ်နေရာက ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်ရှိတဲ့ နေရာ။ ဘုရားလောင်း ဖွားမြင်တဲ့နေရာ ဘုရားဖြစ်တော်မူတဲ့နေရာ ဘုရားတရားဦးဟောတဲ့နေရာ သုံးခု ရောက်ခဲ့ပြီးသား။ အဲဒီနေရာတွေ ရောက်တုန်းက ခံစားမှုမျိုးနဲ့ မတူတဲ့ ဝေဒနာတစ်ရပ်ကို ကုသိနာရုံ ရောက်တော့ ခံစားမိတယ်။
.

အနိစ္စာ ၀တ သင်္ခါရာ၊
ဥပ္ပါဒါ၀ယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္စျန္တိ။
တေသံ ဝူပသမော သုခေါ။

သင်္ခါရတရားတို့သည် မမြဲ။
ဖြစ်ပြီး ပျက်တတ်၏။
ဖြစ်ပျက်တတ်သောသဘောတို့၏
ကင်းငြိမ်းခြင်းသည် ချမ်းသာခြင်းတည်း။
.

ဒီသဘောလေးကို ခံစားမိလို့လား။ ဟုတ်သလိုလိုပဲ။ သိမ်သိမ်မွေ့မွေ့လေး။ စိတ်ထဲမှာ။ နှလုံးသားထဲမှာ။ တစ်မျိုးကြီးပဲ။ အဲဒါ သံဝေဂ ဆိုတာလား။ တုန်လှုပ်နေတာလား။ ဟုတ်လား မဟုတ်ဘူးလား ဆိုတာတောင် ဝေခွဲမရတော့။ သွားပြီ။ အမြင်အာရုံတွေ ဝါးတားတား။ ဘာဖြစ်တာလဲ။ မသိဘူး။ ဒူးထောက်ကျသွားတယ်။ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းလို့ ခြေတော်အစုံ ကြာပဒုံကို ခိုလှုံဦးခိုက်မိခဲ့တယ်။
.
.
ရာဂါနတဗ္ဘုတသရောဇမုခံ ဓရာယ၊
ပါဒါ တိလောကဂုရုနော.ဓိကဗဒ္ဓရာဂါ။
အာဒါယ နိစ္စသရသေန ကရေန ဂါဠှံ၊
သဉ္စမ္ဗယန္တိ သတတာဟိတသမ္ဘမေန။

မြေလွှာမိန်းမပျိုရဲ့
တပ်မက်ဖွယ်ရာ ညွတ်ကျလာသော
အံ့သြဖွယ်ရာ ပဒုမာကြာပွင့်မျက်နှာကို
သုံးလောကထွတ်ထား မြတ်ဘုရားရဲ့
တပ်မက်စွဲငြိနေသည့် ယောကျင်္ားပျိုခြေတော်အစုံက
အမြဲတမ်း တမ်းတနေသည့် လက်နဲ့
အားပါးတရ ပွေ့ဖက်ပြီး
အစဉ်ထာ၀ရ မြတ်နိုးတွယ်တာမှုနဲ့
နမ်းရှုိုက်လေပြီတကား…။

2 comments:

  1. ဂျစ်တူး - gyit_tu7 June 2007 at 20:09

    ကိုနတ္ထိ.. ဒီပို့စ်လေးဖတ်ပြီး စိတ်မကောင်းဘူး ။

    ReplyDelete
  2. လဟုတွေ နဲ့ ဖွဲ့ထားတဲ့ကဗျာကို ချီးမွမ်းချင်သော်လည်း ကိုယ်မမီတဲ့ အပိုင်းမို့ ချီးမွမ်းလိုက်မှ ပေါ့သွားမှာလည်း စိုးမိတယ်။

    ကိုနတ်ရေ… ပန်ဒိုရာတို့လို တရားမကြိုက် အမှားလိုက်မိ နေသူတွေကတော့ ဘဝကို ခုံမင်နေသေးတယ်။ ဖြစ်ပျက်ကင်းငြိမ်းတဲ့ ချမ်းသာခြင်းနဲ့တော့ အလှမ်းဝေးနေပါသေးတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ရှင်သန်လိုခြင်း ဆိုတဲ့ စိက်ကလေး ရှိနေတာကိုပဲ ကို မမေ့လျော့ခြင်း ဆိုတာနဲ့ ပေါင်းလိုက်ရင်တော့ နောက်ဆုံးအချိန်အထိ ဆက်လျှောက်လိုစိတ် နဲ့ ဖြတ်သန်းနိုင်ဖို့ အင်အားရမယ်လို့ ထင်မိပါတယ်။

    ReplyDelete