Sunday 31 August 2008

ပထဝီထဲက သမိုင်း

၂၀၀၇ နှစ်ဆန်းပိုင်းတုန်းက ရာဇဂြိုလ်နဲ့ သာဝတ္ထိကို သွားဖြစ်တယ်။ အဲဒီကို ရောက်တော့ ဖတ်ထားမှတ်ထားသမျှ ပါဠိစာပေတွေထဲက သတိရမိတဲ့ အကြောင်းတွေ အများကြီး။ ပါဠိစာပေသင်ခါစက ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ကိုတော့ မှတ်မှတ်ရရ သတိရမိတယ်။ ဒေ၀ဒတ်အကြောင်းပါ။ ဇတ်လမ်းကတော့ အားလုံး သိပြီးသားပါပဲ။

devadatta


၀ရာနုဘာ၀သဉ္ဇာတ-ဝမ္မိနောပိ ၀ဓတ္ထိက။
၀သုဓာ ဝိ၀ဋာ အတ္တ-၀ဓာယ ဒေ၀ဒတ္တ တေ။

မဟာကရုဏာတော်ဝတ်ရုံ ဆင်မြန်းထားသော မြတ်ဗုဒ္ဓကိုမှ
အသေသတ်ဖို့ ကြိုးစားသည့် အို…ဒေ၀ဒတ်
သင့်အတွက်တော့
မြေအပြင်သည်
ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့
ဟင်းလင်းပွင့်ခဲ့ပြီ…။

ဒီလို စင်္ကြာဂါထာလေးတွေကို အမြဲတမ်း မရေးဖြစ်ဘူး။ တကယ့်ကို အကြောင်းညီညွတ်မှ။ ဒီဂါထာလေးကို ရေးဖြစ်တဲ့ အဓိကအကြောင်းကတော့ ပါဠိစာလုံးလေး တစ်လုံးကို တွေ့မိလို့ပါ။ “အတ္တ၀ဓ”တဲ့။ အတ္တ=မိမိကိုယ်။ ၀ဓ=သတ်ခြင်း။ Pali Test Society ပါဠိအဘိဓာန်က self-destructionလို့ ဖွင့်တယ်။
၀ဓမှာ “၀”အက္ခရတစ်လုံးပါတယ်။ ဒီတော့ ဒီအက္ခရာကို အသုံးပြုပြီး ဒီဂါထာလေးကို စပြီး ပုံဖော်ရတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းမှာ ပါတဲ့ သူကလဲ ဒေ၀ဒတ္တ။ ဒီမှာလဲ “၀”အက္ခရာတစ်လုံးပါပြန်ရော။ နည်းနည်း ရုပ်လုံးပေါ်လာတာပေါ့။ ပြီးတော့ ၀ဓတ္ထိက=သတ်ဖြတ်ဖို့ လိုလားသူ။ “၀” ၃လုံး ရှိသွားရော။ ပြီးတော့ ၀သုဓာ=မြေပြင်။ ဝိ၀ဋာ=ဟင်းလင်းပွင့်။ “၀” ၅လုံး ဖြစ်သွားပြီ။ ဒါတွေက ဒေ၀ဒတ်နဲ့ ပတ်သက်တဲ့ အက္ခရာတွေ။
မြတ်ဗုဒ္ဓနဲ့ ဆိုင်တဲ့ စကားရပ်ကတော့ တစ်ခုထဲ။ ၀ရာနုဘာ၀သဉ္ဇာတဝမ္မီ=ထူးမြတ်သော အာနုဘော်ကြောင့်ဖြစ်သော ချပ်ဝတ်တန်ဆာရှိသူ။ ဒါက တိုက်ရိုက် ဘာသာပြန်တာ။ “မဟာကရုဏာတော်ဝတ်ရုံနဲ့ မြတ်ဗုဒ္ဓ”ကတော့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါ။ ဒီဝေါဟာရမှာ “၀”အက္ခရာ ၃လုံးပါတယ်။
ဒီတော့ အားလုံးပေါင်း “၀” ၈လုံး။ ဒီဂါထာ ဖွဲ့စပ်နည်းအရ “၀” ၈လုံး ပါကိုပါရမယ်။ သူ့နေရာနဲ့သူ ထားရတယ်။ ဒီလို ဇတ်လမ်းနဲ့ သက်ဆိုင်ရာ အက္ခရာတွေကို စုစည်းပြီး ဒီိလို စင်္ကြာဂါထာလေးတွေ ရေးဖြစ်ခဲ့တာပါပဲ။ အခုတော့ မရေးဖြစ်တာ ကြာနေပြီ။ အင်း...အက္ခရာတွေလဲ ပထဝီဝင်ဖြစ်ကုန်ပြီလားမသိ။

No comments:

Post a Comment