Saturday 2 October 2010

Neoနမက္ကာရ



ဘယ်အရွယ်မှာ ဘယ်လို စပြီး ဘုရားရှိခိုးဖြစ်သလဲ မမှတ်မိတော့ဘူး။ အရွယ်ရောက်လာတော့ ဘုရားရှိခိုး အမျိုးမျိုးတွေ ရွတ်ဖတ်သရဇ္စျယ်ပြီး ဂုဏ်တော်ထုံမွှန်း ပုံတော်မှန်းပြီး ဗုဒ္ဓာနုဿတိဘာ၀နာပွားများရတာ အမော။ ဂါထာရေးဖွဲ့တတ်လာတဲ့အခါ ဉာဏ်မှီသလောက် ဘုရားဂုဏ်တော်ဖွဲ့တွေ သီကုံးပူဇော်ဖြစ်ခဲ့တယ်။ အနှစ်သက်ဆုံး ရေးဟန်ကတော့ စင်္ကြာဂါထာတွေပဲ။ စတွေ့တဲ့ ပုံစံက စက်ဝန်း။ ဒါကို နည်းယူပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဗောဓိညောင်ရွက်နဲ့ စင်္ကြာပုံဖော်, ဂါထာရေးထည့်ပြီး စွဲစွဲမြဲမြဲ ပူဇော်ဖြစ်တယ်။ တိုတိုနဲ့ လိုရင်းပဲ အာရုံပြုချင်တဲ့အခါမျိုးပေါ့။ ကိုယ်တိုင်ရေးတဲ့ ပါဠိကဗျာ ဂါထာတွေနဲ့ ဘုရားရှိခိုးရတာ အတော် အရသာရှိတယ်လို့ ပြောမိတော့ သမိုင်းဆရာတစ်ဦးကတော့ မှတ်ချက်ပေးတယ်။ ရှေးဆရာတော်တွေရဲ့ နမက္ကာရတွေမှ အားမနာတဲ့။

ပုံထဲက ဂါထာစာသားနဲ့ မြန်မာစကားပြေကို ဒီမှာ တင်ထားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ခန့်က ဒီဂါထာလေး ရေးဖြစ်ခဲ့တာ။ အဲဒီတုန်းက အရှင်ဗုဒ္ဓဃောသမထေရ် နမက္ကာရပါဠိကို မဖတ်ဘူးသေးဘူး။ အခု ပိုစ့်တင်ခါနီးမှ ဖတ်ဖြစ်တယ်။ ကိုယ်ရေးသားပူဇော်ထားတဲ့ ဂုဏ်တော်ကို နမက္ကာရထဲမှာ ရှာတွေ့တော့ အတော် ကြည်နူးမိတယ်။ အာစရိယပရမ္ပရ, သိဿာနုသိဿ အစဉ်အဆက် ဒီလိုပဲ ဗုဒ္ဓဂုဏ်တော်ဘွဲ့တွေ ဖွဲ့သီပူဇော်ခဲ့ကြတာနေမှာ။

ယော ဗုဒ္ဓော သုမတိ ဒိဝေ ဒိဝါကရော၀၊
သောဘန္တော ရတိဇနနေ သိလာသနမှိ။
အာသီနော သိ၀သုခဒံ အဒေသိ ဓမ္မံ၊
ဒေဝါနံ တမသဒိသံ နမာမိ နိစ္စံ။

ဒီဂါထာက အရှင်ဗုဒ္ဓဃောသမထေရ် ရေးသားပူဇော်ခဲ့တဲ့ နမက္ကာရထဲက ဂါထာတစ်ပုဒ်ပါ။ ကိုယ်တတ်သမျှ မြန်မာပြန်ထားတာက ဒီလိုပါ…

သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဗုဒ္ဓသည်
နေမင်းသဖွယ် ထွန်းလင်းတင့်တယ်တော်မူလျက်
မွေ့လျော်ဖွယ်ရာ ပဏ္ဍုကမ္ပလာမြကျောက်ဖြာထက်၌ သီတင်းသုံးတော်မူကာ
မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား
နိဗ္ဗာန်ချမ်းသာကို ပေးတတ်သော အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူခဲ့လေပြီ။
အတုမရှိ မြတ်ဗုဒ္ဓကို အမြဲမပြတ် ရှိခိုးပူဇော်ပါ၏။

*** ကျီးသဲလေးထပ်ဆရာတော် ရေးသားစီရင်ခဲ့တဲ့ ပကိဏ္ဏက-နမက္ကာရ-အစိနေ္တယျဘုရားရှိခိုးကို ကိုယ်တိုင်လဲ ရွတ်ဖတ်ပူဇော်, သူတပါးကိုလဲ တိုက်တွန်းတတ်တဲ့ အဘိုးကို လွမ်းမိလေရဲ့…။

1 comment:

  1. အလည်လာပြီး.. ဂါထာတော်တွေ လေ့လာသွားပါတယ်..

    ReplyDelete