Friday 8 July 2011

နံရံ၏ အခြားတစ်ဖက်


ဒေလီတက္ကသိုလ်ရဲ့ အလှအပတွေ ဘာတွေများ ရှိလဲလို့ တက္ကသိုလ်မြေတလျှောက် လှည့်ပတ်ကြည့်။ ထူးထူးခြားခြား ဘာမှ တွေ့ရမှာ မဟုတ်ဘူး။ သွေ့ခြောက်ခြောက် ပရဝုဏ်အတွင်းမှာ ခြောက်သွေ့သွေ့ ကျောင်းဆောင်တွေပဲ ရှိတာ။ အခြေခံအဆောက်အဦအနေအထားအရ ဆွဲဆောင်မှု တစ်ခုမှ မရှိ။ တကယ် ရုပ်ပျက်တာက တံတိုင်းနံရံတွေမှာ အပေါ့အပါးသွားထားတာ။ ပြီးတော့ အလွန့်အလွန် အနံ့ပြင်းတဲ့ အမှိုက်ပုံတွေ။ နံရံတွေနားမှာ ဟိုတစ်ပုံ ဒီတစ်ပုံ။ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ အခင်းအကျင်းလို့တော့ မဆိုနိုင်ဘူး။ တားမရဆီးမရ မွန်းကြပ်တဲ့ မြို့ပြရဲ့ ဘေးထွက်ရလာဒ်တွေလို့သာ မှတ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သိုလှောင်ထားတဲ့... မြိုသိပ်ထားတဲ့... ပေါက်ကွဲမှုတွေဟာ ဒေလီတက္ကသိုလ်ရဲ့ အုတ်တံတိုင်းနံရံတွေနားမှာ ပြန့်ကျဲနေလေရဲ့။

ဒေလီတက္ကသိုလ်တဝိုက် လှုပ်ရှားပြေးလွှားရင်း လွမ်းမောစရာ တက္ကသိုလ်နေ့ညများရဲ့ မပီဝိုးတဝါး ပုံရိပ်တွေထဲမှာ ရင်ကို လာမှန်စေတဲ့ ဒေလီတက္ကသိုလ်ရဲ့ စုတ်ချက်ကြမ်းကြမ်း ကိုယ်တိုင်ရေးပုံတူတွေကလဲ ပေကျံနေတဲ့ နံရံတွေပေါ်မှာပါပဲ။


တက္ကသိုလ်တံတိုင်းနံရံတွေရဲ့ သင့်တော်ရာ နေရာတွေမှာ ဒီလို သီးခြားနေရာလေးတွေ ရှိတယ်။ အပေအပွတွေကြားက အလှအပတစ်ရပ်လို့ မြင်မိတယ်။ Righting wall writingsလို့ Delhiသားများကိုယ်တိုင်က ပြောယူရလောက်အောင် နေရာတကာ ပိုစတာ ကပ်တတ်တဲ့ အလေ့အကျင့်တစ်ခုဟာ နေရာရနေတာ အံ့သြစရာ။
ဒီပုံရိပ်တွေကို ကြည့်ရင်း “သီလံ ပါကာရကံ တတ္ထ”ဆိုတဲ့ ပိဋကတ်စာပေထဲက ကဗျာ အပိုင်းအစလေးကို သတိရမိတယ်။ ဘာသာပြန်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ ပါဠိစာပေကို စိတ်ဝင်စားတဲ့သူများ ပုံနဲ့ စာနဲ့ သဟဇာတဖြစ်အောင် သင့်တော်သလို ခံစားနိုင်ပါတယ်။

2 comments: