Monday 18 July 2011

အဝင်အထွက်

ဂါထာဟောင်းတစ်ပုဒ် reviewပါ။ ဒီဂါထာလေးတွေကို ခဏခဏ ပိုစ့်လွန်းလို့ မျက်စိနောက်စရာတော့ ဖြစ်နေပြီ။ ဒါပေမယ့် အခုတလော တိုက်ဆိုင်မှုလေးတွေ ဖြစ်လာတော့ ပြန်ပြောချင်လာတာနဲ့...။
ဝဟန္တော စီဝရံ ဘဒ္ဒံ၊
ဝဉ္စစိတ္တော ဝဓာဇီဝေါ။
ဝရသတ္တံ ဝရံ ယာစိ၊
ဝရဒေါယေဝ ဆဒ္ဒန္တော​။

မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…
ဒီမြန်မာပြန်က “အပေးအယူ” ပိုစ့်တင်မယ်ဆိုမှ ရေးလိုက်တာ။ ဒီဂါထာလေး ရေးပြီးခါစက ဘာသာပြန်က ဒီလို…
မြတ်ဆုတောင်းဆို သောနုတ္တိုရ်ထံ
မြတ်ပျိုစွယ်ရင်း စွန့်လွှတ်နှင်းအပ်
မြတ်မင်းသခင် ဆဒ္ဒန်ဆင်မော်
မြတ်ရှင်ဉာဏ်တော် ရည်မှန်းမျှော်လျှက်…။
မြန်မာပြန်တွေက သိပ်မခန့်ဘူးလို့ ထင်မိတယ်။ မြန်မာစာ မကျွမ်းကျင်တဲ့ အနေအထားကြောင့်ပဲ ဖြစ်မယ်။ ကိုယ်တိုင်ရေးတဲ့ စကြာဂါထာကိုတော့ ကိုယ်တိုင်ပဲ အကုန် ကြိုက်တယ်။ အကြိုက်ဆုံးက "၀ရဒေါ"ဆိုတဲ့ ဝေါဟာရပဲ။ ဒီလိုမျိုး စကြာဂါထာလေးတွေ ရေးရတာကိုလဲ ကြိုက်တာပဲ။ ဒီစကြာဂါထာလေးကို ရေးဖြစ်တဲ့အကြောင်းက ဂါထာ ၂ပုဒ်ကြောင့်ပါ။
အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဒဟိဿတိ်
အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ။
ယော စ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝမရဟတိ။
ဘာသာပြန်က မေဓာဝီ တင်ဆက်တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲမှာ ပါတယ်။ ဒီဇာတ်တော် ဖတ်ဖြစ်ပြီးမှ စကြာဂါထာလေးနဲ့ ဒီဂါထာ ၂ပုဒ်နဲ့ အဆက်အစပ်ကို ပြန်တွေးမိနေတယ်။
“ကော ဇာနာတိ ကိံ ဘဝိဿတိ”
“ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ”
ဆဒ္ဒန်ဆင်မင်းဇာတကအဋ္ဌကထာထဲက ဆဒ္ဒန်ဆင်မင်းရဲ့ အတွေးတစ်စပါ။ ဒီအတွေးလေးကို အခြေခံပြီး ထပ်တွေးနေမိတယ်...
ဖြစ်သင့်တာတွေ တိမ်းမှောက်ကုန်ပြီး ဖြစ်ချင်တာတွေ တည့်မတ်ကုန်တာ သဘာဝပါ်
ရည်ရွယ်ချက်တွေ ယိမ်းယိုင်ကုန်ပြီး တပ်မက်ချက်တွေ ခိုင်မာလာတာ သဘာဝပါ။
ပီတိတွေ လျော့ပါးကုန်ပြီး သောကတွေ ပြည့်လျှံလာတာ သဘာဝပါ။
သစ္စာတွေ နွမ်းခြောက်ကုန်ပြီး မိစ္ဆာတွေ ဖွံ့ထွားလာတာ သဘာဝပါ်
….. ….. ….. ….. ….. ….. …..
သဘာဝဟာ သဘာဝပါ်
*** မျှော်လင့်ချက်တွေ အရောင်ပြောင်းကုန်တဲ့ ညီနောင်များအတွက် အမှတ်တရ။

No comments:

Post a Comment