Saturday 28 June 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၄)


စာရေးခြင်းအတတ်ပညာမှာ အစဆိုတာတော့ ရှိမယ်ထင်တယ်။ မြသန်းတင့်ရဲ့ Art of Writingဘာသာပြန်ထဲမှာ အစဆိုတာကို ဒီလို ဖွဲ့ထားတယ်။

“ငယ်ငယ်တုန်းက လှပတဲ့ပစ္စည်းတခုကို အခြားတစ်ခုခုက ဖုံးကွယ်ထားတာမြင်ရင် အဲဒီဖုံးကွယ်ထားတာကို ဖယ်ရှားပစ်ချင််တဲ့စိတ်မျိုး ပေါ်ခဲ့တယ်တဲ့။ အဲဒီလို ဖုံးကွယ်ခံထားရတဲ့ အလှအပကို “အကျဉ်းချခံထားရတဲ့ အလှ”လို့ သူက ခေါ်ခဲ့တယ်။ အကျဉ်းကျခံထားရတဲ့ အမှန်တရားတစ်ခုကို လွတ်မြောက်အောင်လုပ်ပေးဖို့ စိတ်ဆန္ဒမျိုးဖြစ်တယ်ဆိုတာကို သူ အဲဒီတုန်းက မသိခဲ့ဘူးတဲ့။”

အင်း…သူပြောလို့ပဲ။ နို့မို့ရင် စာစရေးတာ ကကြီးခကွေးကလို့ ထင်စရာ။ ဗြဟ္မဏီအက္ခရာ အရေးအဖတ် သင်ခဲ့ရတာ ၂နှစ်ပြည့်တော့မယ်။ ဒီဗြဟ္မဏီမှာလဲ က, ခ စတဲ့ အက္ခရာတွေပဲ။ အတိတ်က အရိပ်လေးတွေကို ပြန်လွမ်းမောမိတယ်။ ငယ်ငယ်တုန်းက ကကြီးခကွေး ဘယ်သူသင်ပေးခဲ့လဲ မမှတ်မိတော့ဘူး။ ကကြီးခကွေး စရေးတတ်တဲ့အချိန်မှာ အမေရော အဖေပါ အနားမှာ မရှိတာတော့ အသေအချာ မှတ်မိတယ်။ ကံကြမ္မာဆိုတာ ဆန်းကြယ်သား။ ရှိစေတော့။ အခုတော့ အသောကအက္ခရာများနဲ့ပဲ နှစ်ပါးသွားလိုက်ပါအုံးမယ်။

အသောကအက္ခရာများ ၁၇, ၁၈, ၁၉တို့ကို အသောကကျောက်ဆောင်စာငယ်လို့ ခေါ်တယ်။ အားလုံးကို ဗြဟ္မဏီအက္ခရာ, ပရာကရစ်ဘာသာစကား အသုံးပြုပြီး ရေးထားတယ်။ အသောကရဲ့ အက္ခရာများ-၁ရကို Bahapur, Bairat, Ahraura, Rupnath, Gujarra, Sahasram, Maski, Gavimath, Palkigundu, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvara,ဆိုတဲ့ နေရာတွေမှာ တွေ့တယ်။
[googlemaps http://maps.google.co.in/maps/ms?hl=en&ie=UTF8&msa=0&msid=107327809118821417000.0004504fac4063c7fd9f3&ll=21.209314,80.739899&spn=14.307498,18.676758&z=5&output=embed&w=425&h=350]
ဒီကျောက်စာမူဟာ တစ်ခုနဲ့တစ်ခု နည်းနည်းပါးပါးပဲ ကွာတယ်။ တစ်ချို့ကျောက်စာတွေက အပျက်အစီး မရှိဘူး။ တစ်ချို့ကတော့ တစ်ပိုင်းတစ်စပဲ ကျန်တယ်။ ဒါပေမယ့် မူတစ်ခုထဲဆိုတာကို တွက်ဆလို့ရတယ်။ အသောကရဲ့ အက္ခရာများ-၁၈ကိုတော့, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvaraနေရာတွေမှာ တွေ့တယ်။ Erragudi မှာ ပဓာနကျောက်ဆောင်စာရော ကျောက်ဆောင်စာငယ်ရော ၂မျိုးလုံး ရှိတယ်။ အသောကရဲ့ အက္ခရာများ-၁၉ကိုတော့ Bairatမှာ တွေ့တယ်။ ဒီဒေသမှာ တွေ့တာ ၂ခု ဖြစ်နေလို့ Bairat-Bhabruကျောက်စာလို့ ဒီကျောက်စာကို ခေါ်ကြတယ်။ အခုတော့ ဒီကျောက်စာကို Calcutta မြို့က Asiatic Society of Bengalပြတိုက်မှာ သိမ်းထားတယ်။ အကြောင်းညီညွတ်ရင် ဒီကျောက်စာအကြောင်းကို ပိုစ့်တွေ အတော်များများ ရေးဖြစ်မယ်ထင်တယ်။


2 comments:

  1. စိုးထက် - Soe Htet !17 July 2008 at 09:11

    အစ်ကို ရေ ... ဆက်ရေးပါ ... ကျွန်တော် ကတော့ လာဖတ် နေမှာ ပါ :)

    ReplyDelete
  2. ဆြာအက္ခရ
    စာတွေ အတော်လေးရရင် PDF ဖိုင်နဲ့ “အက္ခရ အဖွင့်ဋီကာ”ဆိုပြီး စာအုပ်ကလေး လုပ်စမ်းပါ။

    သင်ကာ

    ReplyDelete