Wednesday 25 June 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၃)

ဗုဒ္ဓစာပေတွေထဲက ကုရုတိုင်း ကမ္မာသဓမ္မမြို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိခဲ့တယ်လို့ အိန္ဒိယရှေးဟောင်းသုတေသနဌာနက အတည်ပြုထားတယ်။ အဲဒီမြို့ငယ်လေးမှာ မြတ်ဗုဒ္ဓဟာ အာနဉ္ဇသပ္ပါယသုတ္တန်, မဟာနိဒါနသုတ္တန်, မဟာသတိပဋ္ဌာနသုတ္တန်, မာဂဏ္ဍိယသုတ္တန်, အရိယဝါသသုတ္တန်, သမ္မသသုတ္တန်််တွေကို ဟောကြားခဲ့တယ်။ နာမည်အကြီးဆုံးကတော့ မဟာသတိပဋ္ဌာနသုတ္တန်ပါ။ ကုရုတိုင်းဟာ ဥတုအဟာရမျှတပြီး တိုင်းသူပြည်သားတွေကလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ဉာဏ်ပညာ ထက်မြက်ကြတဲ့အတွက် သိမ်မွေ့နက်နဲလှတဲ့ မဟာသတိပဋ္ဌာနသုတ္တန်ကြီးကို နားလည်သဘောပေါက်ကြတယ်လို့ ဆိုတယ်။ ဗုဒ္ဓစာပေထဲမှာတော့ ကမ္မာသဓမ္မနဲ့ ပတ်သက်ပြီး အကြောင်းအရာ အတော် များများရှိပါတယ်။



ယမုနာမြစ်ကမ်းနံဘေးက ခေတ်သစ် ဒေလီမြို့မှာ အန္ဒိယအစိုးရ အုပ်ချုပ်မှုယန္တရား တည်ရှိနေသလို ဘာသာတရားပေါင်းစုံ လွှမ်းခြုံတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အမြောက်အများ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေပါတယ်။ ဒီအထဲမှာ အသောကကျောက်စာတစ်ခုလဲ ပါတယ်။ ဒီကျောက်စာကို အသောကဟာ ကုရုတိုင်း ကမ္မာသဓမ္မဒေသမှာ ရေးထိုးထားခဲ့တာလို့ ရှေးဟောင်းသုတေသနပညာရှင်တို့က သတ်မှတ်ထားကြတယ်။ ဒီကျောက်စာမူကတော့ “အသောကရဲ့ အက္ခရာများ-၁ရ”ပါ။





ဒီနေရာလေးကို ခဏခဏ ရောက်တယ်။ ဒေလီမြို့က သမိုင်းဝင်နေရာတွေထဲမှာ မြန်မာတွေအနေနဲ့ လွမ်းမောဖွယ်ရာ အကောင်းဆုံးနေရာလေးပါ။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်သီတင်းသုံးတော်မူခဲ့ပြီး တရားဒေသနာတော်တွေ ဟောကြားသွားခဲ့တဲ့ နေရာမှာ ငြိမ်းအေးသိမ်မွေ့တဲ့ ဓမ္မဓာတ်တွေ ပျံနှံ့နေတယ်ဆိုတာ အသေအချာပါပဲ။ နေရာလေးက ရိုးရိုးလေးပဲ။ ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ မဟုတ်ဘူး။ လူနေရပ်ကွက်ထဲ ရောက်နေတော့ တချိန်တုန်းက ဒီနေရာဟာ ဒေသခံတွေရဲ့ တပိုတပါးသွားတဲ့နေရာဖြစ်နေလို့ (Indianတော်တော်များများက အဲဒီကိစ္စကို အဆင်ပြေတဲ့နေရာမှာ ရှင်းလေ့ရှိတယ်။ တစ်ခြားနိုင်ငံတွေအကြောင်းတော့ မသိဘူး။ မြန်မာနိုင်ငံနဲ့ ယှဉ်ရင်တော့ သူတို့က စံပဲ။) ဧည့်သည်တွေ လာတဲ့အခါ ဗုဒ္ဓာနုဿတိ, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း မစီးဖြန်းနိုင်ဘဲ ပဋိကူလသညာ ဘာ၀နာပွားများတဲ့ နေရာဖြစ်ခဲ့တယ်။ အခုတော့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဖြစ်သတ်မှတ်ပြီး တံတိုင်းအကာအရံတွေ လုပ်လိုက်တော့မှ အဆင်ပြေသွားတယ်။






ကျောက်တောင်ကုန်းလေးတစ်ခုပေါ်မှာ မာဂဓဒေသသုံး ပရာကရစ်ဘာသာစကားကို ဗြဟ္မဏီအက္ခရာနဲ့ ဘီစီ-၃ရာစုနှောင်းပိုင်းမှာ ရေးထိုးထားပြီး ၁၉၆၆မှာ ရှာတွေ့ခဲ့တဲ့ ဒီကျောက်စာဟာ အခုအချိန်မှာတော့ ဖတ်လို့ မရနိုင်လောက်အောင် မှုန်ဝါးနေပါပြီ။

“ပကမေ ဟောတု”

“ကြိုးစားအားထုတ်ကြကုန်လော့…”

ဒီကျောက်စာပါ စကားလုံးလေးတွေက မှတ်သားစရာ။ တကယ်တော့ အက္ခရာစာလုံးတွေသာ မှုန်ဝါးဝါးဖြစ်နေတာပါ။ သဘောတရားကတော့ ထာ၀ရ သစ်လွင်ပြောင်မြောက်နေဆဲပါပဲ…။


1 comment:

  1. စိုးထက် - Soe Htet !25 June 2008 at 21:16

    “ပကမေ ဟောတု”

    ကြိုးစား အားထုတ် နေပါကြောင်း :)

    ReplyDelete