Thursday 30 December 2010

အသောကphrenia

တသွင်သွင် စီးဆင်းနေပေမယ့် နောက်နောက်ကျိကျိနဲ့ ယမုန်နာမြစ် ကမ်းနဘေးမှာ ဖြာကျနေတဲ့ Delhi မြို့ပြလရောင်က အမှောင်ညမှာ အသက်ရှူမ၀တ၀။

ရာဇဝင်ထဲက Delhiမြို့ရဲ့ နန်းတော်ကြီးတွေဟာ စန္ဒကူးနံ့ သင်းပျံ့နေခဲ့ပေမယ့် ရာစုသစ်Delhiမြို့ရဲ့ လမ်းဘေးတွေမှာ ရှိတတ်တဲ့ အမှိုက်ပုံတွေက ဇီ၀ဓာတ်ငွေ့တွေ တထောင်းထောင်း။ Old Delhiမှာ နန်းစိုက်တဲ့, Taj Mahalကို ဖန်တီးခဲ့သူ မဂိုဘုရင်Shah Jahan မျက်ရည်လည်သွားစေနိုင်တဲ့ Slumdog တွေရဲ့ တဲပုတ်တွေကလဲ Delhiမှာ ဟိုတစ်စု ဒီတစ်စု။ မြင်းလှည်း, နွားလှည်း, စက်ဘီး, ဆိုက်ကား, ဆိုင်ကယ်, နှစ်ဘီးတပ်, သုံးဘီးတပ်, လေးဘီးတပ် ယာဉ်အမျိုးမျိုး, မြေပေါ် မြေအောက်ရထားတွေနဲ့ Delhiမြို့ထဲမှာ စီးမြောနေကြတဲ့ ခြေဗလာနဲ့ရော ဖိနပ်ပါသူရော သန်းနှစ်ဆယ်နီးနီး လူတွေက Chalo Delhi (On to Delhi)လို့ ကြွေးကြော်ခဲ့တဲ့ Chandra Boseကို ချီးမြှောက်နေသယောင်ယောင်။ အကြမ်းဖက်ရက်စက်မှု ဒဏ်ချက်နဲ့ တိုက်ခိုက်ရိုက်ခတ်ခံရပေမယ့် အဟိံသခြုံလွှာကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လွှမ်းပတ်ထားတဲ့ ဂန္ဓီကြီးအတွက် ယမုန်နာမြစ်ကမ်းနဘေးက ထာ၀ရမီးတောက်ကတော့ စိမ့်စိမ့်အေးတဲ့ ဆောင်းချမ်းကို မွေ့မွေ့လေး အံတုနေဆဲ။
ဒီမြို့ထဲမှာ ဒီလူတွေ ဒီလို ဒီလိုနဲ့.....ရာစုသစ်ရဲ့ နောက်ဆယ်စုနှစ်သမိုင်းကို Tabletပေါ်မှာ ရေးသားဖို့ အပြင်းအထန် လုံးပမ်းနေပေမယ့် ရာစုဟောင်းများရဲ့ ဝေါဟာရရုပ်ကြွင်းတွေကိုတော့ မေ့မေ့လျော့လျော့နဲ့…..။

Delhiမှာ အသောကကျောက်စာတိုင် ၂တိုင် ရှိတယ်။ Delhiက မူရင်းနေရာတော့ မဟုတ်ဘူး။ စူလတန်ဘုရင်တပါးက Delhiနဲ့ မလှမ်းမကမ်းနေရာတွေကနေ ရွှေ့လာခဲ့တာ။ ဘယ်လို စိတ်ကူးနဲ့ သယ်ချလာလဲတော့ မသိဘူး။ အဆင်ပြေတာကတော့ Delhiမှာ အသောကကျောက်စာတွေ လေ့လာရင်းနဲ့ နီးနီးနားနား ကျောက်စာတိုင်နားသွားပီး အသောကရဲ့ ဓမ္မအငွေ့အသက်တွေနဲ့ ထိတွေ့ခံစားခွင့် ရခဲ့တာပဲ။ ပထမဆုံး ရောက်ခဲ့တဲ့ ကျောက်စာတိုင်ကတော့ Delhi-Meerutကျောက်စာတိုင်ပါ။ ကျောက်တိုင်ရှိတဲ့ လမ်းမပေါ်ကတော့ မကြာမကြာ ဖြတ်သွားဖြတ်လာ လုပ်ခဲ့တယ်။

၂၀၀ရမှာ ကျောက်စာတွေ စပြီးလေ့လာဖြစ်တော့မှပဲ ကျောက်စာတိုင်ခြေအထိ ရောက်ဖြစ်တော့တာ။ ဒါတောင် လွဲသွားတာလေး တစ်ခုရှိသေးတယ်။ Departmentက ကျောက်စာသင်ပေးတဲ့ သမိုင်းဆရာနဲ့ ကျောင်းသားတွေ အဲဒီကျောက်စာတိုင်ဆီကို လေ့လာရေးခရီးထွက်ဖို့ တိုင်ပင်နှိုးဆော်ထားကြတယ်။ ခရီးဆိုပေမယ့် မဝေးပါဘူး။ ကျောင်းကနေ ၁၅မိနစ်လောက် အေးအေးဆေးဆေး လမ်းလျှောက်သွားရင် ရောက်တယ်။ ဒါပေမယ့် ဆောင်းတွင်း မနက်စောစော အိပ်ရာထ နောက်ကျသွားတာနဲ့ သူတို့နဲ့ မသွားဖြစ်လိုက်ဖူး။ အာစရိယမုဋ္ဌိ လွတ်သွားတာပေါ့။ နောက်ပိုင်းမှာတော့ ခဏခဏ ရောက်တာပါပဲ။



Delhi-Topraကျောက်စာတိုင်ကတော့ အသောကကျောက်စာသမိုင်း ဖတ်ရင်းနဲ့မှ Delhiမှာ ရှိမှန်း သိရတာ။ ၄နှစ်လုံးလုံး Delhiမှာ ရှိနေတာ မရောက်ဖြစ်ဘူး။ Delhiကနေ ပြောင်းသွားပြီး ခဏ အလည်သွားတော့မှပဲ ကျောက်စာတိုင်အောက် ရောက်ဖူးတော့တယ်။ မသွားခင် googleကြည့်တော့ ဒီပန်းချီကားလေး တွေ့ရတယ်။ ဒီက ရတာ။

ဒီဗျူးလို့ ထင်တဲ့နေရာကနေ လှမ်းပြီး အာရုံယူဖြစ်ခဲ့တယ်။



ရောက်သွားတဲ့အချိန်ကလဲ မိုးအုံ့နေလို့ မှုန်ပြာရီမှိုင်း။ လွမ်းမောစရာ။ တခြားနေရာက သယ်လာတဲ့ စူလတန်ဘုရင် Firoz Shanကိုပဲ ကျေးဇူးတင်မိသလား။ ဘုရင်အသောကကိုပဲ တမ်းတမိသလား။

ပထမဆုံးအကြိမ် ရောက်ခဲ့တာ စိတ်ထဲမှာတော့ ဝေဝေဝါးဝါး။ အပြန်မှာ တချက်တော့ လှည့်ကြညိ့ဖြစ်ခဲ့တယ်။

ကျောက်စာတိုင်ရှိတဲ့ နန်းတော်ဟောင်းကို Archaeological Survey of Indiaက ထိမ်းသိမ်းထားတာ။ နိုင်ငံခြားသားပေမယ့် အိမ်နီးနားချင်း မြန်မာမို့ ဝင်ကြေးက ၅-ရူပီးဆိုတော့ သက်တောင့်သက်သာ နောက်တခေါက် Delhiရောက်ရင် ထပ်သွားရအုံးမယ်။ ကျန်တဲ့ နေရာတွေက ကျောက်စာတိုင်တွေဆီတော့ မရောက်နိုင်သေးဘူး။
ဆောင်းကာလ ဒီအချိန် ခရီးသွားရာသီရောက်နေတာ ဘယ်မှ မသွားနိုင်။ ချမ်းချမ်းစီးစီးနဲ့ အခန်းအောင်းရင်း ခရီးသွားစာအုပ်လေးတော့ ဖတ်နေတယ်။ chasing the monk’s shadowတဲ့။ အမေရိကမှာကြီးတဲ့ အိန္ဒိယနွယ်ဖွား Mishi Saranရေးထားတာ။ ခေါင်းစဉ်မှာပါတဲ့ monkက တရုတ်ဘုန်းတော်ကြီးXuanzangပါ။ နာမည်ကြီး ဟူယင်ဆန်ခရီးစဉ်နောက် တကောက်ကောက် လိုက်ခဲ့တဲ့ Mishi Saranက “An Indian woman with a China craze, a Chinese monk with an Indian obsession; we had the same schizophrenia, the monk and I. It seemed logical to take the same road.”လို့ ဆိုတယ်။
စိတ်ကူးထားတဲ့ အသောကခရီးစဉ်လဲ အကောင်အထည်ကို မပေါ်နိုင်ဖြစ်နေတယ်။ အသောကcrazeကတော့ အရှိန်ရနေပီ။ အခုထိတော့ google mapကြည့်ပြီး ဝေ့နေတုန်း။ schizophreniaအဆင့်ထိ ရောက်အောင် လုပ်ရအုံးမယ့်သဘောပဲ။ ခရီးစဉ် အဆင်ပြေအောင် follow my noseပဲ ကောင်းမလား။ follow my dreamပဲ ကောင်းမလား မသိ။ ၂၀၁၀ကလဲ ကုန်ပြီ။ ၂၀၁၁အတွက် dreamကတော့ Rock & Rollပဲ။ အသောကရောခ့်တွေဆီ ယွန်းဖို့ပါ။

No comments:

Post a Comment