Sunday 20 May 2007

နတ္ထိရဲ့ ခရီး (ဗာရာဏသီ)

ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။
.
.
ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။
.
.
၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။ လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးုဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။
.
.
ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ် အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။
.

.
ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။


(မိဂဒါဝုန်၌ ပြုပြုသမျှသော ကုသိုလ်ကောင်မှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏။)
.
ခံစားချက်။ ။ကျမ်းမာရေး မကောင်းလို့ လူမော စိတ်မောနဲ့ ဘလော့ခ်ဘက်ကို မလှည့်နိုင် ပိုစ့်တွေ မရေးနိုင် ဖြစ်သွားတယ်။ ဘလော့ခ်နဲ့ ပတ်သက်တာ ဘာမှ မကြာသေးပေမယ့် သံယောဇဉ်တော့ အတော် ဖြစ်တာပဲ။ ကံကုန်ရင်တောင် ပြန်ဆုံနေမလား မသိ။




2 comments:

  1. “ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။”
    အဲဒီစကား တကယ်မှန်တာပဲ။
    ၀အက္ခရာ ၈-လုံးပါတဲ့ ဂါထာလေးလည်း သဘောကျတယ်။
    ရှင်းပြထားတော့မှ ဒီဂါထာရဲ့ တန်ဖိုးကို ပိုသိတာပေါ့။ ကြွားတယ်လို့ မထင်ပါဘူး။
    ဒါနဲ့ နေကောင်းသွားပြီလား ကိုနတ္ထိ …
    ကျန်းမာပါစေရှင် …

    ReplyDelete
  2. မေဓာဝီ…ဟုတ်ကဲ့။ “သမဂ္ဂါနံ တပေါ သုခေါ” ညီညွတ်ရင် ချမ်းသာသတဲ့။
    “၀”ဂါထာလေးရဲ့ အလှအပကို သိတဲ့ အတွက် အရမ်း ဝမ်းသာမိပါရဲ့။
    ကျန်းမာရေးကတော့ ဆေးစစ်လိုက်မှ အတော်် ညံ့နေတာ သိရတယ်။ ဂရုစိုက် ကုရင်တော့ ပျောက်မှာတဲ့။

    ReplyDelete