Tuesday 8 May 2007

နတ္ထိရဲ့ ခရီး (ဗုဒ္ဓဂါယာ)

၀ရော ဧကော၀ သိဒ္ဓတ္ထော။
၀သလံ ဒေ၀ဝါဟိနိ ံ။
၀ယဓမ္မံ ၀ဇာပေသိ၊
၀ရသက္ခီ ၀သုန္ဓရီ။

ဘုရားလောင်း သိဒ္ဓတ္ထသည်
အကူအညီမပါ တစ်ယောက်ထဲသာလျှင်
မာရ််စစ်သည် အပေါင်းကို
အောင်နိုင်တော်မူခဲ့လေပြီ။
ပထဝီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။


အိန္ဒိယအစိုးရ ဟိုတယ်ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ International Conferenceတစ်ခု တက်ဖို့ ၂၀၀၇ ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဗုဒ္ဓဂါယာကို ရောက်ခဲ့တယ်။ ၄ရက်နေ့ကနေ ၆ရက်နေ့အထိ ကျင်းပတယ်။ အိန္ဒိယနဲ့ နိုင်ငံတကာက ပညာရှင်များ တက်ရောက်ကြပြီး “ဗုဒ္ဓဘာသာနှင့် ၂၁ရာစု” ခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အခမ်းအနား ဖွင့်ပွဲနေ့မှာ တိဗက်ဘာသာရေးခေါင်းဆောင်ကြီး ဒလိုင်လားမား ကြွရောက်ပြီး မိန့်ခွန်းပြောကြားတယ်။ သူပြောတဲ့စကားတွေမှာ အင်အားတွေ အပြည့်ပဲ။ သူ့အရင် ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး ပြောသွားတဲ့ မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အတွက် ဖြစ်တယ်ဆိုတဲ့ စကားကို ဒလိုင်လားမားက ဒီစကားဟာ အလွန် ကျဉ်းမြောင်းလွန်းကြောင်း ဒီနေရာဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်ကြောင်း ပြောသွား ပါတယ်။ ကျဉ်းမြောင်းတဲ့ ရိုးရာအတွေးအခေါ်တွေကို စွန့်လွှတ်ပြီး ဗုဒ္ဓတရားတော်တွေကို စနစ်တကျ လေ့လာသင်ယူ အသုံးချပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အမှန်တကယ် လိုအပ်နေကြောင်း စသည်စသည် သြဝါဒစကား မြွက်ကြားသွားပါတယ်။ မှတ်သားစရာ အလွန် ကောင်းပါတယ်။ အင်အားအပြည့်နဲ့ ရင်ထဲမှာ ရှိသမျှ သွန်ချသလို ပြောသွားတဲ့ ဒလိုင်လားမားကြီးဟာ သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တာ သေချာ ပါတယ်။
အစည်းအဝေး ၃ရက်တာကာလအတွင်းမှာတော့ ပညာရှင်တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြကြတယ်။ ကိုယ်တိုင်ကတော့ နားထောင်ရုံ သက်သက်ပါပဲ။ ဟုတ်တယ်လေ။ ဒီလောက်ပဲ တတ်နိုင်တယ်။ ဗဟုသုတနဲ့ အမြင်သစ်တွေရတာနဲ့တင် ကံကောင်းလှပါပြီ။ မြတ်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်တဲ့ နေရာထူးကို ရောက်ခဲ့ရပြီ မဟုတ်လား။

ဗောဓိပင်အောက်မှာ အကြာကြီး ထိုင်ဖြစ်တယ်။ ဒီနေရာက အောင်မြေ မဟုတ်လား။ ဒါဆို အနေကဇာတိသံသာရံ…စတဲ့ ဥဒါန်းကျူးတဲ့ အောင််ဂါထာတွေ မရွတ်ဖတ်တော့ဘူးလား။ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ ရွတ်ပြီး သံသရာစက်ရဟတ် ကျိုးပြတ်ပုံတွေကို မဆင်ခြင်တော့ဘူးလား။ မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်းသဘောတွေကို မြင်နို်င်ဖို့ အာနာပါန ကမ္မဋ္ဌာန်းကို မစီးဖြန်းတော့ဘူးလာ။ အကြောင်းအကျိုး ဆက်နွယ်မှုတွေကို သုံးသပ်နိုင်ဖို့ ပဋ္ဌာန်း ဒေသနာတော်ကြီးကို မပူဇော်တော့ဘူးလား။ အောင်ဇေယျတု အောင်ဆုလေးများ မတောင်းဆိုတော့ဘူးလား။ ဗောဓိပင်ကြီးကို မော့ကြည့်ပြီး စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ။ ကြည်နူးသလိုလို လွမ်းမောသလိုလို ရီဝေဝေ ခံစားမိတယ်။ မှတ်မှတ်ရရ တစ်ခုခုတော့ လုပ်ရမယ်ပေါ့။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရင်း အကြံတစ်ခုပေါ်လာတယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ဗောဓိညောင်ရွက် တစ်ရွက်တစ်လေ ထိုင်နေတဲ့ရှေ့ ကျလာရင် ကောက်မယ်ပေါ့ဗျာ။ ဟုတ်တယ်လေ။ ဗောဓိဓာတ်လေး ရလိုရငြားပေါ့။ ထိုင်နေတာ အတော် ကြာတယ်။ ညောင်ရွက် တစ်ရွက်စ နှစ်ရွက်စ ကြွေပါတယ်။ ကောက်မယ်ပြင်ခါ ရှိသေးတယ်။ ကိုယ့်ထက် လျင်တဲ့သူတွေက ဦးသွားတာနဲ့ အင်း…တစ်ရွက်မှ မရခဲ့ဘူးဗျာ။

(ဗုဒ္ဓဂါယာမှာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏)

4 comments:

  1. ကိုနတ္ထိရဲ့ အရေးအသားရော၊ တင်ပြပုံရော သိပ်ကောင်းတယ်ဗျာ. ပါဠိစာပေကို ဒီလောက်ထိ ကြေညက်တာကို အထင်အရမ်းကြီးသွားပြီ. ဆက်လက်ပြီးရေးသားပါဦးဗျာ. ခဏခဏလာဖတ်ဖြစ်ပါတယ်.

    ReplyDelete
  2. Yan…မရေးတတ် ရေးတတ်ပဲဗျို့။ ပါဠိစာပေကိုတော့ တတ်အောင် သင်တုန်းပါပဲ။ အားပေးတာ ကျေးဇူးပါဗျာ။

    ReplyDelete
  3. အနော်ကတော့.. သာဓု..သာဓု..သာဓုဗျာ..
    ကုသိုလ်တရားမှာနောက်ကျတယ်ဆိုတာမရှိဘူလေ...

    နတ်ဆိုး

    ReplyDelete
  4. Ah nai…နတ်ဆိုး သာဓုခေါ်ရင်တော့ အစွယ်ကျွတ်ပြီး နတ်ကောင်းဖြစ်သွားမှာနော။

    ReplyDelete