Friday 27 April 2007

နတ္ထိရဲ့ ခရီး ( လုမ္ဗိနီ )

သိဒ္ဓတ္ထ ဖွားမြင်တော်မူပုံ ( ပုဂံ-မြန်မာ )
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

အသောကကျောက်စာတိုင် ( လုမ္ဗိနီ-နီပေါ )
ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

အသောကကျောက်စာ ( လုမ္ဗိနီ-နီပေါ )

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာ လွင့်ပျံ့နေဆဲပါ။

(လုမ္ဗိနီမှာ ပြုပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို အမေ့အား အမျှ ပေးဝေပါ၏။ )

6 comments:

  1. "ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။"

    အခွန်ကင်းလွတ်ခွင့် ပေးတာတောင်မှ ရှစ်ဖို့ တစ်ဖို့ (၁၂.၅%) ပေးရသေးလား၊ ဒါဆို အခွန်များ ကင်းလွတ်ခွင့် မပေးရင် ဘယ်လောက်တောင် ကောက်သလဲ မသိဘူးနော်။ ရှေးဘုရင်များက အခွန်အတုတ် ကြီးကြီး ကောက်ပုံရတယ်။ ဒါမှမဟုတ် အရင်ကောက်နေကျ ပုံမှန်အခွန်ရဲ့ ရှစ်ပုံ တစ်ပုံကိုပဲ ကောက်မယ်လို့ ပြောတာများလား၊ ကျွန်တော်တော့ သိပ်နားမရှင်းဘူး။ :-S

    ReplyDelete
  2. ပုထုဇဉ်…. “ဥဗလိကေ ကဋေ အဌ ဘာဂိယေ စ” ဆိုတာလေးက စိတ်ဝင်စားစရာပါဗျာ။
    အသောကဘုရင်လက်ထက်တုန်းက အခွန်ကောက်ခံပုံနဲ့ ပတ်သက်ပြီး လုမ္ဗိနီက ကျောက်စာကို အခြေခံပြီး လေ့လာသုံးသပ်ထားတာတွေကို ဒီလမ်းကြောင်းမှာ ကြည့်ပါဦး။


    http://www.lumbiniinteractive.org.np/contents/index.php?view=activity&&id=2


    4. Reconsidering the Runnibdei inscription: correction and its grounds ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့နိုင်ပါတယ်။
    အခုခေတ် အိန္ဒိယနိုင်ငံရဲ့ အခွန်ကောက်ခံမှုကလဲ အတော် လာပါတယ်။ cappuccino တစ်ခွက် ၃၅ ရူပီး ပေးရတယ်။ အခွန်က ၄.၃၈ ရူပီး ဆောင်ရတယ်။ ပေါင်း ၃၉.၃၈ ပေးရတယ် (လက်ရှိ ပေါက်ဈေး ယူအက်စ် ၁ ဒေါလာ ၄၃ ရူပီး) ။ ရုပ်ရှင်ကြည့်ရင် ၁၀၀ ရူပီး အခွန်က ၃၀ ရူပီး ပေါင်း ၁၃၀။ ဒီအတိုင်း ပေးလိုက်ရတာနော်။ အရင်လက အင်တာနက်ဖိုး အတော် များသွားတယ်။ ၂၉၈၆ + အခွန် ၃၆၅.၄၈= ၃၃၅၁.၄၈ရူပီး။ ပုံမှန်ဆို ၁၀၀၀လောက်ပါပဲ။ ဒါတွေက ကိုယ်တိုင် ကြုံရတဲ့ သာမန် အခွန်တွေလို့ပဲ ထင်တယ်။ တခြား ဘာတွေ ရှိသေးလဲတော့ မသိဘူး။

    ReplyDelete
  3. အစ်ကိုနတ္တိကြီးရဲ့သွားခဲ့တဲ့ ခရီးအတွက် ကျနော်လည်းကြားကနေ သာဓုခေါ်ချင်တယ်ဗျာ။

    BarNyar

    ReplyDelete
  4. ရှင်းပြထားတဲ့ လင့်ခ်ပေးထားတော ကျေးဇူးပါ။

    "paying (only) an eighth share ([for a sixth share] of the produce.)"

    ဆိုတော့… အရင်ပေးနေကျရဲ့ ရှစ်ပုံတစ်ပုံပဲ ကောက်တာပေါ့နော၊ အရင်ပေးနေကျက ခြောက်ပုံတစ်ပုံ၊ (သူ့ရဲ့ ရှစ်ပုံတစ်ပုံဆိုတော့) စုစုပေါင်း ထွက်တဲ့ ကုန်အားလုံးတန်ဖို့ရဲ့ ၄၈ပုံ တစ်ပုံဆိုတော့ အခုခေတ်အခေါ် ၂%လောက်ပဲ ဝင်ငွေခွန် ကောက်တဲ့သဘောပေါ့နော။ ကျွန်တော် အဓိပ္ပါယ်ကောက်တာ မှန်ရဲ့လား။ ဒါဆိုရင်တော့ အများကြီး သက်သာတယ်လို့ ပြောရမယ်။

    ReplyDelete
  5. HH… ကုသိုလ်ထူးကို မျှဝေရတဲ့အတွက် မင်္ဂလာပါ။ သာဓုခေါ်ဆိုနိုင်ကြောင်းပါခင်ဗျာ။

    ReplyDelete
  6. ပုထုဇဉ်…အသောကဘုရင်ရဲ့ သဘောထားတွေကို လေ့လာနေဆဲပါခင်ဗျာ။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။ စစ်စည်စစ်မောင်းတွေ ရပ်စဲပစ်ပြီး တရားစည်တော်ကို တီးခတ်ခဲ့သူတစ်ယောက်မှာ အလွန့်အလွန် ထူးခြားမှုတွေ ရှိမယ်လို့ ထင်ပါတယ်။

    ReplyDelete