Thursday 3 April 2008

ပန်းဒဏ္ဍာရီ

သုသစ္စမာလာ တနုရတ္တဝဏ္ဏာ၊
တေနေ၀ သဉ္စုမ္ဗိတပေမတောယာ။
သဗ္ဗင်္ဂသံသဋ္ဌဒယာသမီရာ၊
ကတာ သုဖုလ္လာယပိ ခန္တိဟာသာ။

ပန်းနုရောင်သစ္စာပန်း
မေတ္တာရေကြည်အေးက အငမ်းမရ နမ်းရှုိုက်
အကြင်နာလေနုအေးက အားပါးတရ ပွေ့ဖက်ပေမယ့်
ခွင့်လွှတ်ခြင်းအပြုံးပွင့် လန်းစွင့်နေဆဲ…။

ဒီဂါထာလေးကို ရေးခဲ့တာ အတော် ကြာနေပြီ။ ၂၀၀၂ လောက်က ဖြစ်မယ်။ စစ်ကိုင်းတောင်ရိပ်ကို ခိုလှုံရင်း တောင်ပေါ်ကနေ ဧရာ၀တီရဲ့ တသွင်သွင်စီးမြောမှုကို ခံစားရင်း နှစ်အတော်ကြာ နေခဲ့ရသေးတယ်။ အဲဒီတုန်းက ရေးခဲ့တာ။ လွမ်းမိပါရဲ့ လွမ်းစေတီရယ်။ ဆိုင်လားမဆိုင်လားတော့ မသိဘူး။ စစ်ကိုင်းလမ်းသီချင်းလေး တီးတိုးဆိုရင်း စစ်ကိုင်းတောင်ပေါ်လမ်းတွေကတော့ အနှံ့ ရောက်ဖူးပါရဲ့။ အခုတော့ ဘယ်အချိန်များမှ ပေါ့ပေါ့ပါးပါးနဲ့ ချောင်ကြိုချောင်ကြား လျှောက်သွားနိုင်ပါ့မလဲမသိ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ အနေအထားတစ်ရပ်ပါလားဗျာ။

တောင်စစ်ကိုင်းမှာ အရောင် နှစ်မျိုး လွှမ်းတယ်။ တစ်ရောင်က ရွှေဝါရောင်, နောက်တစ်ရောင်က ပန်းနုရောင်။ ရွှေဝါရောင်ကတော့ သိတဲ့အတိုင်းပဲ။ တည်ငြိမ်တယ်။ ပြတ်သားတယ်။ ပန်းနုရောင်ကတော့ ပန်းနုရောင်ပါပဲ။ တည်ငြိမ်တယ်။ အေးမြတယ်။ ဒီအရောင်တွေ လွှမ်းခြုံထားတဲ့ စစ်ကိုင်းတောင်ကလဲ ငြိမ်လို့ အေးလို့။ ရောင်စဉ်တွေကို ရင်ထဲမှာ တသိမ့်သိမ့်ခံစားရင်းနဲ့ တိတ်တိတ်လေး နှစ်သက်မိတဲ့ ပန်းနုရောင်တွေအတွက် ဂါထာတစ်ပုဒ် ရေးမိတာ။

ဒီဂါထာမှာ အက္ခရာ ၁၁-လုံးစီပါတဲ့ စာကြောင်း ၄-ကြောင်းပါတယ်။ အခြေခံမူအရ ၄-ပါဒရှိရင် ၁-ဂါထာလို့ ဆိုနိုင်တယ််။ ဂါထာဖွဲ့သီတဲ့ စည်းကမ်းတွေအရ ဒီဂါထာမျိုးကို “ဥပဇာတိ”လို့ ခေါ်တယ်။ ဣန္ဒ၀ဇိရဂါထာရေးနည်းနဲ့ ဥပေန္ဒ၀ဇိရဂါထာရေးနည်း နှစ်မျိုးရောထားတာ။ ပထမနဲ့ စတုတ္ထပါဒတွေက ဥပေန္ဒ၀ဇိရ, ဒုတိယနဲ့ တတိယပါဒတွေက ဣန္ဒ၀ဇိရ။ လူသိများတဲ့ ဥပမာနဲ့ ပြောရရင် ရတနသုတ်, မေတ္တသုတ်တွေမှာ ပါတဲ့ ဂါထာမျိုးတွေနဲ့ တူတယ်။ ဂါထာကြီးတွေလို့လဲ ခေါ်နိုင်တယ်။ ရွတ်ရဖတ်ရတာလဲ ခန့်တယ်။ အင်း…ပြောမယ့်သာ ပြောနေရတာ။ ဒါမျိုးတွေ မရေးနိုင်တာ အတော် ကြာလှပေါ့။ လက်ပျက်နေတယ်လို့ ပြောတာထက် စိတ်ပျက်နေတာလို့ ကိုယ့်ကိုကိုယ် ဝန်ခံရမှာပဲဗျာ။


1 comment:

  1. စိုးထက် - Soe Htet !3 April 2008 at 18:21

    စိတ်သွားတိုင်း ကိုယ်ပါ နိုင်ပါစေ :)

    ReplyDelete