Wednesday 9 April 2008

အမေ့ကိုယ့်စား လောကကို ငဲ့ကြည့်ခြင်း

မရှိ။ ဘာမှ မရှိ။ မသိတတ်တဲ့ အရွယ်ကနေ ဒီနေ့အထိ မိသားစုနဲ့ အတူနေဖို့ အခွင့်အရေး လုံး၀ မရှိခဲ့။ ဝါးတားတားလေးတော့ မှတ်မိနေသလိုလို။ အမေ့ရင်ခွင်ထဲမှာလား။ အဖေ့ပခုံးပေါ်မှာလား။ မရှိတာကိုမှ တမ်းတတတ်တာ လူ့သဘာဝလေလား။ ရီဝေဝေ အတိတ်။ ကိုယ့်ရဲ့ အရိပ်တောင် ကိုယ့်အနားမှာ ရှိရဲ့လားမသိ။

သဗ္ဗရုက္ခံ သုသောဘေန္တိ၊ သရတ္တခါရကကုငြာ။
သဗ္ဗလောကံ ဝိဇာတံ စ၊ သမဏော သန္တပုတ္တကော။

ရဲရဲနီ ပုရစ်ဖူးငုံလေးတွေ
သစ်ပင်တွေကို အလှဆင်နေကြလေရဲ့ …။
အေးမြသက်ငြိမ် သားငယ်တစ်ယောက်
လောကကြီးကိုရော အမေ့ကိုရော
အလှဆင်နေသူပါ…။

ဒီကဗျာလေးက မွေးနေ့လက်ဆောင် ရတာ။ ရေးပေးတဲ့သူက ကိုယ့်ကို ဂါထာရေးနည်း စသင်ပေးခဲ့တဲ့သူ။ ဒီလို မွေးနေ့ဆုမွန်တွေ လက်ဆောင်တွေ ရရှိတဲ့အချိန်ဟာ လောကကြီးမှာ ကိုယ်တစ်ယောက်ထဲ အထီးကျန် မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ အေးမြသော ချိုမြိန်သော မွှေးပျံ့သော လှပသော သာယာသော ဆုမွန်ကောင်းတွေဟာ ရင်ခုန်သံကို စည်းချက်မှန်စေတဲ့အပြင် မ၀တ၀ အသက်ရှူနေရတဲ့ ဘဝကနေ ရုန်းထွက်စေနိုင်တဲ့ ခွန်အားတွေပါ။


No comments:

Post a Comment