Monday 7 April 2008

မွေးနေ့လက်ဆောင်ဟောင်းတစ်ခု ဖွင့်ကြည့်ခြင်း

မေ အတ္တဘာဝေါပိ ဥပဍ္ဎမတ္တော၊
ကညေ! သရီရော တ၀ ဧ၀ရူပေါ။
တသ္မာ သမူဟော သုကတော ဥဘိန္နံ၊
ဧကတ္တကာယော ဂရုကော၀ ဘာရော။

ငါဟာ အပိုင်းအစလေး တစ်ခုပါ။
မင်းလဲ ဒီလိုပါပဲ။
မင်းနဲ့ငါ ဆုံတွေ့မိကြတဲ့အခါ
နှစ်ကိုယ့်တစ်စိတ်ဖြစ်ပေမယ့် ဝန်ထုပ်ဝန်ပိုး တစ်ခုပါပဲ။

“ဒါ ဘာအဓိပ္ပါယ်လဲ”တဲ့…သူက မေးတယ်။ “သိဘူးလေ”လို့ ပြန်ပြောလိုက်ရင် ပြဿနာက တသီကြီးလာတော့မှာ။ “…….ရှင်းပြ…အခု ရှင်းပြ၊ ဟိုလိုလို ဒီလိုလို မလုပ်နဲ့နော်၊ ပြောမလား မပြောဘူးလား၊ ဘာကို ရည်ရွယ်တာလဲ၊ ပြော…၊ အခုတစ်လော ဘာဖြစ်နေမှန်းကို မသိဘူး၊ စကားပြောရင် ရွဲ့သလိုလို စောင်းသလိုနဲ့၊ သိတယ်…သိတယ်…၊ ဒီက ဘာမှ မပြောရသေးဘူး၊ အမြဲတမ်း အနစ်နာခံနေရတာချည်းပဲ၊ အလိုလိုက်တယ်လဲ မရှိဘူး၊ ချော့ချော့မော့မော့နဲ့ တစ်ခါမှလဲ မပြောဘူး၊ ပြီးရင် အော်အုံးမယ်၊ ဒီတစ်ခါ ကြည့်နေ၊ ထိုင်ငိုနေမှာ၊ ဘာမှ မလုပ်တော့ဘူး…၊ တော်ပြီ…တော်ပြီ…ဘာမှ လာပြောမနေနဲ့………………..”
အေးအေးငြိမ့်ငြိမ့် စီးဆင်းနေတဲ့ စမ်းချောင်းလေးထဲ ငါးမန်းတစ်ကောင် ဝင်သလိုပါပဲ။ ဗြောင်းဆန်သွားမယ်။ ပြဿနာပဲ။ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ရှောင်တဲ့အနေနဲ့ ဒါက ဒီလိုရှိတယ်… အစချီပြီး အေးအေးလေးနဲ့ ဖြည်းဖြည်းလေး ရှင်းပြရတယ်။ ဒီတော့မှ ချိစ်ဘာဂါထဲမှာ မေရောနိစ်တွေ အိနေအောင် ဆမ်းထားလို့ ကြွရွနေတဲ့ ဆလပ်ရွက်လေးတွေလို စိမ်းမြမြအသံလေနဲ့ “ဟုတ်လို့လား”တဲ့ ပြန်ပြောတယ်။ ဒါဆို အိုကေ။ ဟုတ်…ဟုတ်မှဟုတ် (ဟူး….တော်ပါသေးရဲ့)။

မရှိတော့တဲ့ အမေ့ကို လွမ်းလို့ ငယ်ငယ်တုန်းက ကျခဲ့ဖူးတဲ့ မျက်ရည်တွေ သူနဲ့ တွေ့မှ ဟစ်ဟောပ့်နဲ့တွဲထားတဲ့ ပြန်ဆိုတေးတွေလို ထပ်တလဲလဲ ဆိုညည်းခဲ့ရဘူးတယ်။ သူငိုတာနဲ့ လိုက်ငို။ နို့မို့ရင် ဘယ်တော့မှ အငိုမတိ်တ်ဘူး။ ကံကောင်းရင်တော့ သူက ပြန်ချော့မယ် (အခါ ၁၀ဝမှ ၁ခါ)။ ငိုနေတဲ့အခါ လက်သွက်ပုံက မျက်လုံးလေးပိတ်ပြီး လက်သည်း ချွန်ချွန်လေးတွေနဲ့ ကုတ်ဖဲ့တတ်တဲ့ မွေးခါစ ရွှေဝါရောင် အမွှေးပွပွ ကြောင်ပေါက်စလေးလို။ သူရဲကောင်းမှန်ရင် ဒဏ်ရာနဲ့ မကင်းဘူးဆိုပဲ။

သရဲကားတွေ အရမ်းကြိုက်တဲ့ သူ့ကို “လုံ၀ မကြည့်ရဘူး”လို့ သရဲကြောက်တတ်တဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောင်္ကျားက ပြောတော့ “ဘာလို့လဲ”တဲ့။ “ကြည့်ချင် ကြည့်ပေါ့၊ နောက်မှ အူဝဲလေးတွေ မွေးလာရင် သရဲရုပ်ပေါက်နေလိမ့်မယ်”လို့ ခပ်တည်တည်နဲ့ ဂျနတစ်နဲ့ ရီပရိုဒတ်တစ်ကို ရောသမမွှေပြီး ခြောက်လိုက်တော့မှ မီးအားမမှန်လို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ၅၀ဝပ်မီးသီးလို ရီဝေဝေ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ “ဟုတ်လို့လား”တဲ့။ ပြီးတော့မှ “ဟင်…ကာတွန်းကားကရော၊ ဂါဖီးလ်ရော မကြည့်ရဘူးလား၊ သိပ်ကြိုက်တဲ့ဟာ၊ ဘယ်လိုလုပ်မလဲ၊ နေအုံး…နေအုံး… ဂါဖီးလ်က ၀တုတ်တုတ် မျက်လုံးပြုးပြုး ကြောင်လေးဆိုတော့”…မျက်နှာကို သေသေချာချာကြည့်ပြီး…“တူတယ်၊ တူတယ်၊ ဟီဟိ။ ကြည့်မှာပဲ”တဲ့။ အူကြောင်ကြောင်ကို ဖြစ်ရော။

………..ရိုမန်တစ်များ……
………..အိပ်ဇောတစ်များ……
………..ကွန်ပလီကေးတစ်များ……

အပိုင်းအစလေးတွေ။ တွေ့ကြ ဆုံကြ ရင်ခုန်ကြ။ သူတို့ ပျော်နေကြလေပြီ။

They came, they saw, they combined!!!

2 comments:

  1. အပေါင်းလက္ခဏာက ရောမန္တိက ဆိုရင်တော့..

    (ရောမန္တိက = ရိုမန့်တစ်ကို ဆရာကြီးဦးသာနိုး စာလုံးပေါင်းသလို ပေါင်းကြည့်ခြင်း။ ပါဠိအက္ခရာများကို မဆိုလိုပါ။)

    ReplyDelete
  2. အက္ခရ7 April 2008 at 20:53

    ပန်ဒိုရာ…သိင်္ဂါရရသတို့ရဲ့ ချိုမြိန်မှုဟာ chewing gum တစ်ခုလို့ ထင်သလားဗျာ။

    ReplyDelete